ကမ်းမမြင်လမ်းမမြင်ငြိမ်းချမ်းရေးကို ထိုင်စောင့်နေရသူ

မကြာသေးခင်က ကချင်ပြည်နယ် အန်ခေါင်းပါ ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ဦးဇခေါင် (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
မကြာသေးခင်က ကချင်ပြည်နယ် အန်ခေါင်းပါ ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ဦးဇခေါင် (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

မိုင်ဂျာယန် - အသက် ရဝ အရွယ် ကချင်အမျိုးသားကြီးက မဖိတ်ခေါ်ဘဲ ရုတ်တရက်ရောက်လာတဲ့ သတင်းထောက်ကို မီးခိုးတလူလူထွက်နေတဲ့ မီးဖိုဘေးမှာ ဧည့်ခံစကားပြောပါတယ်။
အနွေးဓာတ်ပေးထားတဲ့ ရေနွေးကြမ်းကို လက်ဘက်ရည်ချိုးကပ်နေတဲ့ ခွက်လေးထဲ ထည့်ပြီး ကမ်းပေးပါတယ်။

တရုတ်မြန်မာနယ်စပ် တောခေါင်တောင်ထူတဲ့ ဒုက္ခသည်စခန်းမှာ ခိုလှုံနေရတာ ၅ နှစ်၊ ၅ မိုးကြာပြီဖြစ်တဲ့ ကချင်အမျိုးသားကြီးက ဧည့်သည်ကို ဒီထက်ပိုပြီး ဧည့်ခံဖို့ အခြေအနေ မပေးပါဘူး။

သူ့နာမည်က ဦးဇခေါင် ဖြစ်ပါတယ်။ သူတို့လင်မယားမှာ သား ၃ ဦး ထွန်းကားခဲ့ပေမယ့် တစ်ဦးမှ အဖတ်မတင်ခဲ့ပါဘူး။ စခန်းထဲမှာတော့ သူတို့က ဆွေမျိုးတွေ အများကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဇနီးသည် အရင်အိမ်ထောင်နဲ့ရတဲ့သားတွေက သူတို့မိသားစုတွေနဲ့အတူ ခိုလှုံနေကြလို့ပါပဲ။

ဦးဇခေါင်က သူ့ထက် အသက်အများကြီးငယ်တဲ့သူနဲ့ တွေ့နေရပေမယ့် “ငါ” ဆိုတဲ့ အသုံးအနှုန်းအစား “ကျွန်တော်” ဆိုတဲ့ နာမ်စားကိုသုံးပြီး တစ်ဘက်သားကို လေးစားမှုပြတဲ့သူပါ။
နေရပ်ရင်း ဝိုင်းမော်မြို့နယ်၊ မန်တောင်ရွာမှာ တောင်ယာလုပ်ကိုင်တဲ့ ဦးဇခေါင် အတွက်တော့ ဘာမှ လုပ်ကိုင်စရာမရှိတဲ့ အန်ခေါင်းပါ ဒုက္ခသည်စခန်းဟာ အကျဉ်းထောင်တစ်ခုလို ဖြစ်ပါပဲ။

ဝိုင်းဖွဲ့စကားပြောမိပြီး တဖြည်းဖြည်း အရှိန်ရလာတော့ ရေစိုခံရာဘာဖိနပ်၊ ကချင်ပုဆိုး၊ တီရှပ်နက်ပြာရောင်တို့ကို ဝတ်ဆင်ထားတဲ့ ဦးဇခေါင်က မြန်မာပြည် အလယ်ပိုင်းဒေသထွက် ဆေးပေါ့လိပ်တစ်လိပ်ကို မီးဖိုမီးနဲ့ညှိ၊ တစ်ချက် ဖွာရှိုက်ပြီး “ကျွန်တော် ဒီမှာ မနေချင်တော့ဘူး” လို့ လေးလေးပင်ပင် ညည်းတွားလိုက်ပါတယ်။

သူခိုလှုံနေတဲ့ စခန်းဟာ ကျောက်တုံးတွေများတဲ့၊ မိုးရိပ်ဆင်တာနဲ့ တောင်ခိုးတွေဝေလာတဲ့ တောင်ပေါ်ဒေသမှာ တည်ရှိတာကြောင့် လူနေတဲအိမ်တွေကို တစ်စုတစ်ဝေးတည်း မတွေ့ရပါဘူး။ တဲတန်းကလေးကို ဟိုနားတစု၊ ဒီနားတစုနဲ့စုဖွဲ့ ဆောက်လုပ်ထားပါတယ်။ ဦးဇခေါင်တို့ မိသားစု နေရာရတာကတော့ အိမ်ထောင်စု ၅ စု အတွက် အခန်းဖွဲ့ ဆောက်ထားတဲ့ တဲတန်းကလေးမှာပါ။

ဒီစခန်းမှာ ဝိုင်းမော်၊ မိုးကောင်းမြို့နယ်တွေထဲက ကျေးရွာ ၁၅ ခု ဝန်းကျင်ကနေ စစ်ဘေးရှောင်လာသူ ၁,ရဝ၈ ဦး နေထိုင်ကြတာပါ။ ဒီလဆန်းပိုင်း စခန်းထဲရောက်သွားချိန်မှာတော့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ ဦးဇခေါင်တို့လို အသက်အရွယ်ကြီးသူတွေကိုသာ အများစုတွေ့ရပါတယ်။ လူငယ်၊ လူလတ်ပိုင်းအရွယ်တွေကတော့ ဒီစခန်းနဲ့ချောင်းကလေးသာခြားတဲ့ တရုတ်နိုင်ငံထဲက စိုက်ခင်းတွေမှာ အလုပ်သွားလုပ်နေကြတယ်လို့ စခန်းတာဝန်ခံတွေက ပြောကြပါတယ်။

ဒီစခန်းက KIA နယ်မြေတွေဖြစ်တဲ့ မိုင်ဂျာယန်-လိုင်ဇာတို့ကို ဆက်သွယ်ထားတဲ့ တောတွင်းလမ်းပေါ်မှာ ရှိတာပါ။ တပ်မတော်နဲ့ KIA တို့ကြား အပစ်ရပ်စဲမှုက မြစ်ဆုံရေကာတာစီမံကိန်း အငြင်းပွားမှု ပေါ်ပေါက်လာတဲ့ ၂ဝ၁၁ အထိ ၁၇ နှစ်ကြာခဲ့ပါတယ်။ ကချင်တိုင်းရင်းသားတို့ရဲ့ ဒေသမှာ တိုက်ပွဲများ ပြန်လည်အစပြုတဲ့နောက်ပိုင်း အရပ်သား အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ဒုက္ခသည်စခန်းတွေက မြန်မာပြည်မြောက်ပိုင်းမှာ နေရာအနှံ့ ပေါ်ပေါက်လာပါတော့တယ်။

ဦးဇခေါင်တို့လင်မယား ရောက်နေတဲ့ စခန်းအပါအဝင် အရွယ်အစား စုံလင်တဲ့ စခန်း ၂၉ ခုကတော့ တောတောင်တွေကြားထဲ KIA ထိန်းချုပ်ရာနယ်မြေမှာ ရှိတာပါ။

ဒုက္ခသည်စခန်းကနေ ၆ နာရီကျော်ကျော် လျှောက်ရင် ရောက်တဲ့ သူတို့ရွာထဲမှာ KIA တပ်တွေက နေရာယူထားသလို ရွာအောက်ဘက်မှာက တပ်မတော်က နေရာယူထား တယ်လို့ ဦးဇခေါင်က ပြောပြတယ်။ နှစ်ဘက်ထိပ်တိုက်တွေ့နေတဲ့ သူတို့ရွာရှိတဲ့နေရာကို ပြန်ဆင်းဖို့ မဖြစ်နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ၅ နှစ်တာကာလ ဒီစခန်းထဲမှာရှိတဲ့ စစ်ရှောင်တွေအားလုံးဟာ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုနဲ့ ရှင်သန်ခဲ့ရတာပါ။ ဦးဇခေါင်က ဒီလိုနေရတာ စိတ်ပျက် အားငယ်နေပြီ၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ တောင်ယာလေးလုပ်ပြီး နေခွင့်ရရင် ပိုပြီး သက်ရှည်ကျန်းမာမယ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ရတဲ့အတွက် ပျော်ရွှင်စရာလည်း ပိုကောင်းမယ်လို့ ဆေးပေါ့လိပ်ငွေ့ မှုတ်ထုတ်ရင်း ပြောပြပါတယ်။

စခန်းထဲမှာလည်း အသီးအရွက်တွေကိုသာ အဓိကမှီဝဲနေရပြီးတော့ အသား၊ ငါး စားနိုင်တဲ့အခြေအနေ မရှိပါဘူး။ မကြာသေးခင်က ရှားရှားပါးပါး ဝေစုရထားတဲ့ ဝက်သား ၃ မျှင်လောက်ကို ကျပ်တင်ထားတယ်လို့ မီးဖိုဘက် လက်ညှိုးထိုးပြီး ပြောပါတယ်။

ထင်းရှာ၊ အသီးအရွက်ရှာဖို့ တောထဲ မသွားရဲဘူး၊ တပ်မတော်နဲ့တိုးရင် သူတို့ကို KIA လက်နက်ကိုင်အဖွဲ့ဝင်တွေပဲလို့ ထင်တတ်ကြတဲ့အတွက် အန္တရာယ်ရှိတယ်လို့ သူက ဆက်ပြောပြတယ်။

လားရှိုးမြို့ဘက်က ခရစ်ယာန်ဓမ္မဆရာမလည်းဖြစ်တဲ့ သူနာပြုဆရာမတစ်ဦးက ဒီစခန်းထဲမှာ ဆေးပေးခန်းဖွင့်ထားပါတယ်။ အနည်းငယ် ဖျားနာတာ၊ ထိခိုက်တာတွေအတွက် ဒီဆေးပေးခန်းကို အားကိုးနိုင်တယ်၊ အဲဒီအခြေအနေထက် ကျော်လွန်သွားရင်တော့ KIA နယ်မြေထဲက မိုင်ဂျာယန် ဆေးရုံ၊ ရှမ်းပြည်နယ်ထဲက မူဆယ်မြို့နယ် ဆေးရုံတို့အထိ သွားပြီး ကုသမှု ခံယူရတယ်၊ တရုတ်နိုင်ငံထဲက ဆေးရုံကိုလည်း သွားကြတယ်လို့ ဆိုတယ်။

နေထိုင်ရေး၊ ကျန်းမာရေး အင်မတန် ခက်ခဲတဲ့ဘဝကနေ အမြန် ဆုံးလွန်မြောက်ကြရေးက အခုအစိုးရသစ်လက်ထက်မှာ စစ်ပွဲတွေရပ်ပြီး ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ခွင့်ရချိန်မှ ဖြစ်လာမယ်လို့ ဦးဇခေါင်က ဆိုပါတယ်။

လက်ရှိအစိုးရက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရ၊ ပြည်သူတွေ ဝိုင်းဝန်း ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရ ဖြစ်တဲ့အတွက် ဝမ်းသာကြရပေမဲ့ သူနားထောင်ရတဲ့ ရေဒီယို သတင်းတွေအရဆိုရင် ငြိမ်းချမ်းရေးရဖို့လမ်းက ဝေးနေသေးတယ်လို့ ဦးဇခေါင်က မြေကြီးကို ငုံ့ကြည့်နေရင်းနဲ့ ပြောပါတယ်။

“ကြားရတာတွေက မဖြစ်နိုင်သလိုလို ဘာလိုလိုနဲ့၊ ခက်ခဲနေတယ်တို့နဲ့၊ နေ့တိုင်း နေ့တိုင်းလည်း တိုက်ပွဲသတင်းတွေကို ကြားကြားနေရတယ်” လို့ သူက စိတ်ပျက်လက်ပျက် ဆိုပါတယ်။

စခန်းအပြင်ဘက်မှာ အရပ်သားတွေ နှိပ်စက်ခံရတယ်ဆိုတဲ့ သတင်းတွေ ဝင်လာတိုင်း ဒီစခန်းထဲက အရဲစွန့်ထွက်ချင်တဲ့ စိတ်တွေ ပျောက်သွားရတယ်လို့လည်း သူကညဉ်းတွားလိုက် ပါတယ်။ ဒီသတင်းတွေ တကယ်မှန်လား၊ မမှန်လားဆိုတာ မသိရပေမယ့် သူထပ်ပြီး မကြားချင်တော့ပါဘူး၊ စခန်းအပြင်ထွက်ရေးက အကန့်အသတ်ကြီးမားလာတဲ့အတွက် သူရောက်နေတဲ့နေရာဟာ အကျဉ်းစခန်းနဲ့ ပိုတူလာပါတယ်။ သူ့အတွက်တော့ အသက် ၇၀ ဆိုတာ ဘဝနေဝင်ချိန်ကာလ ဖြစ်တဲ့အတွက် နေရပ်ရင်းမှာသာ ခေါင်းပြန်ချလိုတယ်လို့ သူက ပြောပါတယ်။

“ဒီမှာ နေ့တိုင်း၊ ည တိုင်း စိတ်ညစ်နေရတယ်” လို့ တိမ်ခိုးတွေနဲ့ပြည့်နေတဲ့ ကချင်ပြည်နယ်က တောင်တန်းတွေကို ဝါးထရံကာ မီးဖိုဆောင်အပေါက်ဝကနေ လှမ်းမျှော်ကြည့်ရင်း သူ့အသံတိုးတိုးလေးနဲ့ ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ်။

“ဒီမှာမနေချင်တော့ဘူး။ ကျွန်တော်နေခဲ့တဲ့နေရာကို ဘယ်တော့မှ ဆင်းရပါ့မလဲ”

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading