အန္တရာယ်စက်ကွင်းထဲမှ အမေ့ခံ အလုပ်သမား

၂ဝ၁၅ နှစ်ကုန်ပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ နေအိမ်တစ်ခုတွင် ၈ နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရပုံကို ရိုက်ကူးထားသည့် ဓာတ်ပုံသည် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည် (ဓာတ်ပုံ - Facebook)
၂ဝ၁၅ နှစ်ကုန်ပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ နေအိမ်တစ်ခုတွင် ၈ နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရပုံကို ရိုက်ကူးထားသည့် ဓာတ်ပုံသည် အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည် (ဓာတ်ပုံ - Facebook)

ရန်ကုန် - ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျေးလက်ဒေသမှ မခင်ထားကြူသည် သူ၏ ညီမ၊ သူငယ်ချင်း နှစ်ဦးတို့နှင့်အတူ ရန်ကုန်မြို့သို့ ရောက်လာပြီး လွယ်လင့်တကူ ရရှိသည့် အိမ်အကူအလုပ် လုပ်ကိုင်နေကြသည်မှာ ၄ နှစ်ရှိပြီဖြစ်သည်။

အလုပ်လုပ်သည့်အိမ်တွင် နေထိုင်သည့် မခင်ထားကြူသည် ညဉ့်နက်မှ အိပ်ရာဝင်၊ အိမ်ရှင်များထက် ဦးစွာ အိပ်ရာထကာ အလုပ်တစ်ခုပြီးတစ်ခု ဇယ်ဆက်သလို လုပ်ကိုင်ရသည်မှာ တစ်ပတ်လျှင် ခုနစ်ရက် ဖြစ်သည်။

“တစ်ရက်တလေတော့လည်း နားချင်တယ်” ဟု ၂၃ နှစ်အရွယ် မခင်ထားကြူက သက်ပြင်းရှည်တစ်ခု ချရင်း ပြောပြသည်။

သူ့သူငယ်ချင်း အသက် ၂ဝ အရွယ် မမြင့်မြင့်မော်သည် အခြားအလုပ်ရှင်တစ်ဦးထံတွင် ပန်းကန်ဆေး၊ အဝတ်လျှော်၊ ကြမ်းတိုက် စသည့် ရေနှင့် ထိတွေ့ရသည့် အလုပ်များကို ခြေလက်များ ရေဝဲစားသည်အထိ အဆက်မပြတ်လုပ်ခဲ့ရသည်။ ရေဝဲပျောက်အောင် နှစ်လနီးပါးကုသမှုခံယူရပြီး နောက်တစ်အိမ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

မခင်ထားကြူတို့၏ လုပ်ငန်းခွင်အခြေအနေမျိုးကို မြန်မာပြည်အနှံ့ အိမ်အကူလုပ်သားများ နေ့စဉ် တွေ့ကြုံနေကြရသည်။ အိမ်ဖော် ဟု လူသိများသည့် အိမ်အကူတို့သည် အလုပ်ရှင်နှင့်အတူ နေထိုင် လုပ်ကိုင်ရသောကြောင့် ၎င်းတို့၏ အလုပ်ချိန်မှာ တစ်ရက်လျှင် ၈ နာရီထက် ပိုနေတတ်သည်။

ပြင်ပလောက နှင့် အဆက်အသွယ်ဖြတ်ထားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဓမ္မစေခိုင်းခြင်း တို့နှင့် ရင်ဆိုင်နေကြရသော အိမ်အကူအလုပ်သမားများမှာ နိုင်ငံတွင်း ရွှေ့ပြောင်း အလုပ်သမားများထဲတွင် အနိုင်ကျင့် အမြတ်ထုတ် အခံရဆုံးဖြစ်နေသည်။

အသက်မပြည့်သေးသော အိမ်အကူ

ကလေးမွေးစားမည်ဟုပြောဆို ခေါ်ဆောင်သွားပြီးနောက် အိမ်အကူသဘောမျိုး ခိုင်းစေ ဆက်ဆံပြီး ညှင်းပန်းနှိပ်စက်သည့် ဖြစ်ရပ်များ ရှိနေကြောင်း လူ့အခွင့်အရေးပညာပေးအဖွဲ့အစည်း ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

“တစ်ခါတစ်ခါ အိမ်အကူအလုပ်သမားလို့တောင် ပြောလို့မရပါဘူး။ ထမင်းစားကျွန်ခံသဘောမျိုး ဖြစ်နေတယ်” ဟု သူက မှတ်ချက်ချသည်။

အလုပ်ရှင်တချို့၏ လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါးပြုခြင်း၊ အနိုင်ကျင့်ခြင်းနှင့် ရင်ဆိုင်ရသည့် အိမ်အကူများလည်း ရှိနေပြီး အနည်းငယ်သော ဖြစ်ရပ်တချို့သာ မီဒီယာတွင် ဖော်ပြခံရသည်ဟု သူက ထောက်ပြသည်။

၂ဝ၁၅ ခုနှစ် သြဂုတ်လက ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက် အိမ်တစ်အိမ်ရှိ ၁၄ နှစ်အရွယ် အိမ်အကူကို အိမ်ရှင်၏ မောင်ဖြစ်သူ ဦးထွန်းဇော်မြင့်က အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲ တိုင်ကြားချက်ကို မြို့နယ်တရားရုံးက အရေးယူ စစ်ဆေးနေကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် (၁၉/၄၇)ရပ်ကွက်၊ ချယ်ရီလမ်းမှ ထင်ရှားသည့် ရဲဘက်ပြေး ဦးကျော်ဝင်းစိန်သည် မကြာသေးမီက ၁၄ နှစ်အရွယ် အိမ်အကူ အမျိုးသမီးနှစ်ဦးကို အကြိမ်ကြိမ် သားမယား ပြုကျင့်သူအဖြစ် စွပ်စွဲခံထားရပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်နေရသည်။

ဒဂုံမြို့နယ်၊ ပြည်ထောင်စုရိပ်သာလမ်းနေအိမ်တစ်အိမ်တွင် အိမ်ရှင်၏ သားနှစ်ဦး အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် အိမ်အကူမိန်းကလေးမှာ ၁၂ နှစ်အရွယ်သာ ရှိသေးသည်။

အဓမ္မကျင့်ခံရပြီးနောက်ပိုင်း အိမ်အကူနှင့်အလုပ်ရှင်ကြား ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖြေရှင်းမှုလည်း အများ အပြားရှိနိုင်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

စာနယ်ဇင်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည့် ရန်ကုန်၊ ဗဟန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမှုနှစ်ခု ရှိသည်။

ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်ရှိ ကိုကြည်လှမြင့်၊ မော်ဒယ်လ် သီရိကိုကိုနိုင်တို့က ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေး၏လက်ကို ဆီပူအိုးထဲနှစ်ခြင်း၊ ရိုက်နှက်ခြင်း၊ အစာမကျွေးဘဲ အခန်းတွင်း ပိတ်လှောင်ထားခြင်း တို့ကို ကျူးလွန်ခဲ့သည်ဆိုသည့်အမှု မြို့နယ်တရားရုံးသို့ ရောက်လာသည်။ တိမ်းရှောင်နေသော မော်ဒယ်လ်အမျိုးသမီးကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး သူ၏ခင်ပွန်းသည်ကို ၂ဝ၁၄ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ အိမ်တစ်လုံးတွင် လုပ်ကိုင်နေသူ ၈ နှစ်အရွယ် မစုဝေထွန်း ကြိုးတုပ်ခံရပြီး နေပူထဲ ဒူးထောက်ထိုင်ရသည့်နည်းဖြင့် နှိပ်စက်ခံရပုံသည် Facebook တွင် ပျံ့နှံ့ခဲ့ရာမှာ ထင်ရှားသည့်အမှု ဖြစ်လာသည်။ အမှုဖြစ်ပွားစဉ် ခရီးလွန်နေသည့် အိမ်ရှင်အမျိုးသားသည် တပ်မတော်အရာရှိတစ်ဦး ဖြစ်နေသည် ဆိုသော အချက်ကြောင့်လည်း ထိုအမှုကို အများက အာရုံစိုက်ခဲ့ကြသည်။ မြို့နယ်တရားရုံးက အိမ်ရှင်အမျိုးသမီးနှင့် အခြားအိမ်အကူများကို စစ်ဆေးလျက်ရှိသည်။

ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၁ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် လုပ်ကိုင်နေသော ၁၄ နှစ်အရွယ် မသန်းသန်းအိ၏ ဦးခေါင်း၊ ကျော၊ လက်၊ ရင်ဘတ်တို့ကို တုတ်၊ စတီးယောက်မဖြင့် ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် အိမ်ရှင်အမျိုးသမီး၊ သမီးနှင့် သားမက်ဖြစ်သူတို့၏ အမှုကို မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည်။

မသန်းသန်းအိသည် အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် အရောင်းစျေးသည်အဖြစ် လုပ်ကိုင်နေကြောင်း သူ၏ ဦးလေးဖြစ်သူ ဦးမျိုးဦးက ပြောသည်။

အိမ်အကူဥပဒေပြဋ္ဌာန်းရေး

အိမ်အကူကို အိပ်စက် အနားယူချိန် အနည်းငယ်သာ ပေးခြင်း၊ ကြမ်းပြင်ပေါ်တွင် အိမ်ခိုင်းခြင်း၊ အဆက်မပြက် စေခိုင်းခြင်း စသည့် အလုပ်ရှင်တချို့၏ အပြုအမူများမှာ တရားရုံးတွင် သက်သေပြရန် ခက်ခဲလှသည်။

ညှင်းပန်းနှိပ်စက်ခံရပါကလည်း ရဲစခန်းသို့သွားရောက်တိုင်ကြားသူ နည်းပါးကြောင်း၊ ဒဏ်ရာ၊ မျက်မြင် သက်သေတို့ မရှိလျှင် တရားရုံးတွင်လည်း အခက် တွေ့နိုင်ကြောင်း ရန်ကုန်မှ ရှေ့နေတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ပြောသည်။

“အိမ်အကူက ပစ္စည်းခိုးပြီးထွက်ပြေးရင် ခိုးမှုနဲ့ တရားစွဲလို့ရတယ်။ အိမ်အကူက အိမ်ရှင်နဲ့ ပြဿနာဖြစ်ရင် အိမ်အကူကို ကာကွယ်ပေးဥပဒေမရှိတဲ့ အခါကျတော့ သူတို့အနေနဲ့ နစ်နာတာပေါ့ဟု” ဦးမောင်မောင်စိုးက ပြောသည်။

ရဲတပ်ဖွဲ့ မှတ်တမ်းများတွင်မူ အိမ်အကူ နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး ၅ နှစ်အတွင်း လာရောက်တိုင်ကြားသည့် အမှုအရေ အတွက်မှာ ၈ မှုသာ ရှိကြောင်း တွေ့ရသည်။

ညီမျှခြင်းမြန်မာမှ ဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင် အိမ်အကူလုပ်သားဆိုင်ရာဥပဒေ မရှိသေးသော်လည်း ပြဋ္ဌာန်းထားသော ဥပဒေများထဲမှာ ရပိုင်ခွင့်များအကြောင်း အများသိရှိစေရေးအတွက် ပညာပေးအစီအစဉ် အများအပြား လိုအပ်သည်ဟု ဆိုသည်။

“အိမ်အကူများအနေနဲ့ ဘာဖြစ်ရင် ဘယ်ကိုတိုင်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်” ဟု သူက ပြောသည်။

အမျိုးသမီးများကို နိုင်ငံရေးတွင် ပိုမိုပါဝင်လာစေရန် သင်တန်းပေးနေသည့် အဖွဲ့ဖြစ်သည့် မေ့စွမ်းရည်မှ အစီအစဉ်မန်နေဂျာ နော်အေးအေးလှိုင်က အိမ်အကူအများစုသည် ၎င်းတို့ကိုယ်တိုင် အခွင့်အရေး တောင်းဆိုရကောင်းမှန်း မသိကြကြောင်း ပြောသည်။

အိမ်အကူများကို သီးသန့် အကူအညီပေးနေသည့် အဖွဲ့အစည်း မရှိသေးကြောင်း၊ အိမ်အကူများအရေး အလေးထားရန် အားနည်းနေကြကြောင်း၊ အလုပ်ရှင်များကလည်း အိမ်အကူ အလုပ်သမားကို လူသားဆန်ဆန် ဆက်ဆံသင့်ကြောင်း နော်အေးအေးလှိုင်က ရှင်းပြသည်။

“စိတ်ချရတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အိမ်ရှင်တွေမှာ တာဝန်ရှိပါတယ်” ဟု နော်အေးအေးလှိုင်က ပြောသည်။

အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းက အိမ်အကူနှင့် ပတ်သက်သည့် ဥပဒေ ရေးဆွဲရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးနေကြောင်း၊ အိမ်အကူသည်လည်း လူသားဖြစ်သည့်အတွက် လူ့ဂုဏ်သိက္ခာကို မထိခိုက်စေသည့် အခြေခံအကြောင်းအရာများ ထည့်သွင်း ရေးဆွဲရမည် ဖြစ်ကြောင်း ပြောသည်။

“ငြင်းခုန်ရတာတွေကတော့ အများကြီးပဲ။ ခွင့်ရက်၊ အလုပ်ချိန်တွေက သတ်မှတ်ရ ခက်ခဲပါတယ်။ တစ်နေ့ ၈ နာရီပဲ အလုပ်ချိန်ပေးမယ် ဆိုရင်လည်း အလုပ်ရှင်ပြန်လာတဲ့အချိန် ထမင်းမချက် အဝတ်မလျှော်ဘူး ဆိုတာမျိုးကျတော့လည်း အဆင်မပြေဘူးပေါ့” ဟု ဦးညွန့်ဝင်းက ဆိုသည်။

အိမ်အကူများ နစ်နာမှုရှိပါက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ တိုင်ကြားရမည် ဖြစ်ပြီး၊ ညှဉ်းပန်းနှိပ်စက်ခံရပါက ရဲစခန်းကို တိုင်ကြားရမည် ဟု သူက ဆက်ပြောသည်။

အိမ်အကူ ဆိုင်ရာ ဥပဒေ ရေးဆွဲရာတွင် အခြေခံလုပ်ခလစာ၊ အလုပ်ချိန်၊ ခွင့်ရက်၊ အနိမ့်ဆုံး အသက် ကန့်သတ်ချက်၊ လုပ်ငန်းအမျိုးအစား၊ ခံစားခွင့်တို့ကို ရှင်းရှင်းလင်းလင်း ထည့်သွင်းရန် လိုအပ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောကြသည်။

ပွဲစား

အိမ်အကူများက အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သကဲ့သို့ အိမ်ရှင်အများစုကလည်း အိမ်အကူ ပစ္စည်းခိုးပြီး ထွက်ပြေးမည်ကို စိုးရိမ်ကြသည်။

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် ဒေါ်ခင်ဆွေဝင်းက ၎င်းတို့မိသားစု လိုအပ်သည့် အိမ်အကူ ရရှိရန် ပွဲစားများနှင့် ချိတ်ဆက်ခြင်း မပြုကြောင်း၊ အုပ်ထိန်းသူ တစ်ဦးဦးက လာရောက် ပို့ဆောင်မှသာ အလုပ်ခန့်ထားကြောင်း ပြောသည်။

“ပွဲစားအများစုက ပြဿနာတစ်ခုခုဖြစ်ရင် ခေါင်းရှောင်ကြတာများတယ်။ မိဘနဲ့ ဆက်သွယ်ထားတဲ့ အခါကျတော့ တစ်ခုခုဖြစ်ရင် တိုက်ရိုက်ဆက်သွယ်လို့ရတယ်” ဟု ဒေါ်ခင်ဆွေဝင်းက ပြောသည်။

ရန်ကုန်တွင် လုပ်ကိုင်နေသော အိမ်အကူ အများအပြားမှာ တရားဝင် မှတ်ပုံတင်မထားသည့် ပွဲစား၊ အကျိုးဆောင်များမှတစ်ဆင့် အလုပ်ရသွားကြခြင်းဖြစ်သည်။ Myanmar Now ၏ ဆက်သွယ်မေးမြန်းချက်ကို ပွဲစား၊ အကျိုးဆောင် အများစုက လက်ခံ ဖြေကြားခြင်း မရှိကြပေ။

အိမ်အကူက ပစ္စည်းခိုးခြင်း၊ အိမ်ရှင်က အနိုင်ကျင့်ခြင်း စသည့် ပြဿနာမျိုး ပေါ်ပေါက်မလာစေရန် လူရွေးချယ်ပြီး လုပ်ကိုင်ရကြောင်း၊ အကျိုးဆောင်ပေးခဲ့သည့် ဦးရေမှာ ဆယ်ဂဏန်းများစွာရှိကြောင်း အိမ်အကူပွဲစားလုပ်သက် ၄ နှစ် ပြည့်တော့မည့် ဒေါ်မိုးမိုးက ဆိုသည်။

“တစ်ခုခုဆို ကိုယ့်ခေါင်းပေါ်ရောက်လာမှာလေ။ နှစ်ဘက်လုံးက ကိုယ်နဲ့သိတဲ့ အကြောင်းသိတွေဆိုတော့ ပြဿနာမရှိဘူးပေါ့” ဟု ဒေါ်မိုးမိုးက ပြောသည်။

ရန်ကုန် ကရင်နှစ်ခြင်းခရစ်ယာန် အမျိုးသမီးအသင်း လက်အောက်ရှိ အိမ်တွင်းဝန်ဆောင်မှု အမျိုးသမီးများအား ကူညီစောင့်ရှောက်ရေးဌာန ဒါရိုက်တာ ဒေါ်နော်ဖေါဝါးက အသင်းဝင်များ အိမ်အကူလုပ်ငန်း လုပ်ဆောင်လိုပါက အလုပ်ရှင်များနှင့် ချိတ်ဆက်ပေးပြီး လုပ်ငန်းခွင်များသို့ အခါအားလျော်စွာ သွားရောက်စစ်ဆေးသည်ဟု ပြောသည်။

“လူသားတစ်ဦးလို ထားရှိ ဆက်ဆံတာမျိုး မရှိဘူးဆိုရင်တော့ (အလုပ်ရှင်ကို) ပထမအကြိမ် သတိပေးတယ်၊ ဒါကိုမှ မလိုက်နာရင် အိမ်အကူကို အဲဒီလို အိမ်မျိုးမှာ ဆက်မထားတော့ပါဘူး” ဟု သူက ရှင်းပြာသည်။

၎င်းတို့အဖွဲ့က အမျိုးသမီး ၁ဝဝ နီးပါးကို ချိတ်ဆက် အကူအညီ ပေးနေကြောင်း၊ အိမ်ရှင်တချို့ ကျူးလွန်သည့် မတရားမှုများထဲတွင် အိမ်အကူကို လတ်ဆတ်မှုမရှိသည့် အစားအစာ ကျွေးခြင်း၊ အိမ်သာရှေ့၊ ဝရန်တာ၊ ကွန်ကရစ်ကြမ်းခင်း စသည့် နေရာများတွင် အိပ်စက်စေခြင်း၊ နားရက် မပေးခြင်း၊ လုံလောက်စွာ အနားယူ အိပ်စက်ခွင့် မပေးခြင်းတို့ ပါဝင်နေသည်ကို တွေ့ရကြောင်း သူက ရှင်းပြသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ မခင်ထားကြူ ရန်ကုန်တွင် အိမ်အကူ ဖြစ်လာရခြင်းမှာ အလုပ်ချိန် သတ်မှတ်ချက်ရှိသည့် အထည်ချုပ်စက်ရုံအလုပ်ကို ရုတ်တရက် ရှာဖွေရ ခက်ခဲခြင်း ကြောင့် ဖြစ်သည်။ ရန်ကုန်တွင် ၄ နှစ်ကြာပြီ ဖြစ်သော်လည်း တခြားအလုပ်ရှာဖွေရန် အခြေအနေ မပေးသည့် မခင်ထားကြူက မွေးရပ်မြေတွင် ပေါင်နှံထားသည့် မိသားစုပိုင်လယ်မြေ ပြန်ရွေးနိုင်ရေးအတွက် ငွေစုလိုသောကြောင့် အနိုင်ကျင့်မှုနှင့် အချိန်မရွေး ရင်ဆိုင်ရနိုင်သော အိမ်အကူအဖြစ် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။

ကျေးလက် လယ်ယာလုပ်ငန်းခွင် ပြန်ဝင်လိုသည့် မခင်ထားကြူက အိမ်အကူအဖြစ် လုပ်ကိုင်နေရသည်မှာ “ဘဝ လုံခြုံမှုမရှိ” ဟု ခံစားရသည်ဟု ပြောသည်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading