"နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်"

ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီး အောက်မှာပဲ ရှိရမယ်။ စစ်သေနာပတိချုပ်ဆိုတာ နိုင်ငံတော်သမ္မတပဲ ဖြစ်ရမယ်။ ကိုယ့်စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေနဲ့ အမြင့်ဆုံးနေရာကို ယူပြီးမှ ဥပဒေနဲ့အညီပါဆိုပြီး ဒီစာအုပ်ကိုပဲ ကိုးကားနေလို့ကတော့ မရဘူး။

Published on Jun 20, 2016
မကြာသေးခင်က ကချင်ပြည်နယ်၊ လိုင်ဇာဒေသမှာ တွေ့ရတဲ့ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)
မကြာသေးခင်က ကချင်ပြည်နယ်၊ လိုင်ဇာဒေသမှာ တွေ့ရတဲ့ ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

လိုင်ဇာ၊ ကချင်ပြည်နယ် - အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည်မယ်လို့ မျှော်လင့်ထားပေမယ့် မယုံရဲသေးတဲ့အတွက် စစ်ရေးပြင်ဆင်မှု ဆက်လုပ်နေရကြောင်း AA လို့ ထင်ရှားတဲ့ ရက္ခိုင့်တပ်မတော်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လှုပ်ရှားတတ်တဲ့ AA အဖွဲ့က တပ်မတော်နဲ့ ထိတွေ့တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ လိုင်ဇာဒေသမှာ Myanmar Now သတင်းထောက် ထက်ခေါင်လင်းနဲ့ မကြာသေးခင်က တွေ့ဆုံစဉ် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က အစိုးရသစ်ရဲ့ ရက် ၁ဝဝ စီမံကိန်း၊ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ရခိုင်ဒေသ အထွေထွေအခြေအနေတို့အကြောင်း ပြောဆိုထားပါတယ်။

မေး - ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲနောက်ဆုံးအခြေအနေကို ပြောပြပေးပါ။

ဖြေ - ဒီရက်ပိုင်းတွေမှာ တိုက်ပွဲဖြစ်တာကတော့ မရှိဘူး။ ဒါပေမယ့် ဒီလဆန်းပိုင်းကတော့ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့က မိုးရာသီဖြစ်တာရယ်၊ ဒုက္ခသည်ကိစ္စတွေလည်း အရမ်းရှုပ်ထွေးလာမှာစိုးလို့ တက်နိုင်သမျှ ရှောင်ခိုင်းတာပေါ့။ သူတို့ဘက်ကဝင်တာ တော်တော်များတယ်။ အများကြီးဝင်လာပြီး တည့်တည့်တိုးတဲ့အခါတော့ ဖြစ်ကြတယ်။ တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာကတော့ တစ်ဘက်နဲ့တစ်ဘက် ရှိကြတာပေါ့။

မေး - ၂၁ ရာစု ပင်လုံပင်လုံညီလာခံကို တက်ဖို့ ဖိတ်ခေါ်ထားတာ ရှိသလား။

ဖြေ - ညီလာခံတက်ပါလို့ ဖိတ်ခေါ်တဲ့အဆင့်အထိတော့ မရှိဘူး။ အလွတ်သဘော ပြောတာလောက်ပဲ ရှိတာ။ တပ်မတော်ဘက်က ပြောထားတဲ့ လက်နက်စွန့်ရမယ်ဆိုတဲ့ကိစ္စက အရမ်း အတားအဆီး ဖြစ်နေတယ်၊ လုံးဝမဖြစ်နိုင်ဘူး။ ဒီကိစ္စကို ဖြေရှင်းနိုင်မှပဲ ကျန်တဲ့အဆင့်တွေကို လုပ်လို့ရနိုင်မယ် ထင်တယ်။ (အစိုးရသစ်က) ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တက်လာတာတော့ မှန်ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲလား၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလား။ ငြိမ်းချမ်းရေးဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုပုံခြင်း ခြားနားနေတာတွေ ရှိနေတယ်။ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက လက်နက်စွန့်ရင် ငြိမ်းချမ်းမယ်ဆိုတာ ဖြစ်နေတယ်။ ကျွန်တော်တို့ ယူဆထားတာက နိုင်ငံရေးအရ ပြေလည်ရင် ငြိမ်းချမ်းမယ်။

မေး - တိုင်းရင်းသားခေါင်းဆောင်တချို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ဆွေးနွေးညှိနှိုင်းပြီး ပြေလည်မယ်လို့ ယုံကြည်နေကြတယ်။

ဖြေ - ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြေလည်မယ်လို့ မျှော်လင့်ချက်ထားပါတယ်။ သိပ်လည်းမယုံရဲဘူး။ ဘာလို့ဆိုရင် တပ်မတော်အပေါ်မှာ အစိုးရရဲ့ သြဇာသက်ရောက်မှုနဲ့ တပ်ဘက်က အစိုးရကို နာခံမှု အတိုင်းအတာက အဆုံးအဖြတ် ဖြစ်လိမ့်မယ်။ ပြီးရင် ဒီအစိုးရက တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေမှာ ဖယ်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ပါမယ်လို့ ပြောထားပြီးမှ လုပ်ပုံလုပ်နည်း လွဲချော်နေတာတွေရှိတယ်။ ကျွန်တော်ရည်ညွှန်းတာက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စတွေမှာပါ။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေမှာ ဗဟိုအစိုးရက ချုပ်ကိုင်ထားတဲ့ သဘောမျိုးတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က သူတို့ပြောတာနဲ့ လုပ်တာမှာ ခြားနားနေတာတွေကို အဓိပ္ပာယ် ကောက်ယူရမှာပဲ။ အဲ့ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့ လက်ထက်မှာ ဒီကိစ္စ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ (သေချာပေါက်) မပြောရဲဘူး။

မေး - ဆွေးနွေးဖို့ ပြင်ဆင်နေသလို စစ်ရေးအရလည်း ပြင်ဆင်နေကြတာတွေက ဘာ့ကြောင့်လဲ။

ဖြေ - မယုံရဲလို့ပေါ့။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဆွေးနွေးမှုပေါင်း များစွာလည်း ပြုလုပ်ခဲ့ကြပြီးပြီ။ သို့သော် ယုံကြည်တဲ့သူက သားကောင်ဖြစ်သွားတတ်တယ်။ ကျွန်တော်တို့ ရှေ့ကိုလည်းသွားမယ်။ ဒါပေမဲ့ နောက်ကိုဆုတ်တာမှာလည်း သတိရှိရှိနဲ့ ပြင်ဆင်တဲ့သဘောပါ။

မေး - ရခိုင်တိုင်းရင်းသားတွေက တိုက်ပွဲတွေရပ်ဖို့ နေရာတော်တော်များများမှာ ဆန္ဒထုတ်ဖော်ကြတယ်။ တိုက်ပွဲတွေရပ်ဖို့က တပ်မတော်နဲ့ပဲ ဆိုင်သလား၊ AA ဘက်မှာရော တာဝန်ရှိတယ်လို့ ခံယူထားသလား။

ဖြေ - ရခိုင်မှာ အကြိမ် ၇ဝ၊ ၈ဝ လောက် ထိတွေ့မှုဖြစ်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဘက်က စပြီးတိုက်တာ ၁ဝ ကြိမ် မရှိသေးဘူး။ ကျန်တဲ့အကြိမ်တွေက ကျွန်တော်တို့ကို လာတိုက်တာဖြစ်တယ်။ ကျွန်တော်တို့မှာ တာဝန်မရှိဘူးလို့ တာဝန်မဲ့ မပြောလိုဘူး။ ထိုးစစ်တွေလာရင် ကျွန်တော်တို့မှာ ခုခံရမှာပဲ။ ဟိုဘက်ကမတိုက်ရင် ကျွန်တော်တို့မတိုက်ဘူး။

မေး - တိုင်းပြည်တစ်ခုမှာ တပ်တစ်ခုပဲ ရှိရမယ်ဆိုတော့ ငြိမ်းချမ်းရေးရဲ့ နောက်ဆက်တွဲအဖြစ် တပ်မတော်နဲ့ AA ဘယ်လိုပူးပေါင်းကြမလဲ။

ဖြေ - အဲ့ဒါတော့ မရှိသေးဘူးဗျ။ အခြေအနေပေါ် မူတည်ပြီးမှ စဉ်းစားရမှာဖြစ်တယ်။ အခုအချိန်မှာ သူတို့နဲ့ ကျွန်တော်တို့က ရန်သူအဆင့်မှာပဲ ရှိသေးတယ်။ ပူးပေါင်းဆောင်ရွက်မှာထက် သူတို့လာရင် ဘယ်လိုချမလဲ ဆိုတာပဲ ရှိသေးတယ်။ နိုင်ငံတစ်ခုမှာ တပ်တစ်ခုပဲရှိရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ သို့သော် ဒီလိုတပ်မတော်မျိုးဆိုရင်တော့ တစ်ခုတည်းရှိဖို့ မလွယ်ဘူးထင်တယ်။ တိုင်းရင်းသားတွေအပေါ် စံချိန်စံညွှန်းမညီတဲ့ တပ်မတော်တစ်ခုတည်းရှိမယ်ဆိုရင် ကျွန်တော်တို့လူမျိုးတွေ အကုန် ပျောက်သွားမှာပေါ့။ ကျွန်တော်တို့ကလည်း လိုအပ်ချက်တွေအရ ပေါ်လာရတာဖြစ်တယ်။

မေး - ဒါဆိုရင် ဖယ်ဒရယ်တပ်မတော်ကို သွားဖို့ တပ်မတော်ကို ဘယ်လိုပြန်ဖွဲ့သင့်တယ်လို့ ယူဆလဲ။

ဖြေ - ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကာကွယ်ရေးဝန်ကြီး အောက်မှာပဲ ရှိရမယ်။ စစ်သေနာပတိချုပ်ဆိုတာ နိုင်ငံတော်သမ္မတပဲ ဖြစ်ရမယ်။ ကိုယ့်စိတ်ကြိုက်ရေးထားတဲ့ အခြေခံဥပဒေနဲ့ အမြင့်ဆုံးနေရာကို ယူပြီးမှ ဥပဒေနဲ့အညီပါဆိုပြီး ဒီစာအုပ်ကိုပဲ ကိုးကားနေလို့ကတော့ မရဘူး။

မေး - ငြိမ်းချမ်းရေးရဖို့ တပ်မတော်နဲ့ဆွေးနွေးတာ အဆင်ပြေမယ်လို့ ထင်လား။ ဘယ်လို ခန့်မှန်းသလဲ။

ဖြေ - သူ့သဘောထားက ခန့်မှန်းရခက်တယ်။ ငြိမ်းချမ်းရေး လိုချင်တယ်လည်း ပြောတယ်၊ အပြုတ်တိုက်မယ်လို့လည်း ပြောတယ်။ လက်ရှိအစိုးရအနေနဲ့ သတိထားရမယ်ထင်တယ်။ သူတို့ပြောတဲ့လေသံက ဘယ်သူ့ကိုမဆို အပြုတ်တိုက်မယ် ဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တယ်။ ဒါ့ကြောင့် အခြေအနေတွေက လူထု မျှော်လင့်ထားသလောက် မကောင်းသေးပါဘူး။

မေး - အခု NLD အစိုးရ သွားနေတဲ့ ငြိမ်းချမ်းရေးပုံစံကို ဘယ်လိုထင်လဲ။

ဖြေ - NLD အစိုးရကို ကျွန်တော်တို့ကပဲ အလွန်တရာ မျှော်လင့်လို့လားတော့မသိဘူး၊ အခုလုပ်တဲ့အခြေအနေကို အားမရဘူး။ ရက် ၁ဝဝ စီမံကိန်းမှာ အပြောင်းအလဲတချို့ကို ကြိုးစားပြီး လုပ်ပါတယ်၊ သို့သော် ပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်တွေကို ရအောင်ဆိုရင် နိုင်ငံရေးအရ အပြောင်းအလဲတွေကို လုပ်ရပါလိမ့်မယ်။ ဝန်ကြီးဌာနတွေရဲ့ စီမံကိန်းတချို့ကို ပြောင်းလဲတာလောက်နဲ့ နှစ်ပေါင်းများစွာ လူထုခံစားလာရတဲ့ဟာတွေကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။ ရက် ၁ဝဝ ဆိုတာ တိုတောင်းတာ နားလည်ပါတယ်၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုထက် ပေါ်လစီပိုင်းဆိုင်ရာ ပြောင်းလဲလိုက်ရင် သိသာ မြင်သာအောင် မပြောင်းလဲနိုင်ပေမယ့် ရေရှည်မှာ မှန်ကန်တဲ့လမ်းမပေါ် ရောက်သွားမယ်။

မေး - တိုင်းနဲ့ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်တွေ ပိုရဖို့ အခြေခံဥပဒေပြင်ဆင်ရေးက လွှတ်တော်ထဲမှာ ခက်ခဲနေတယ်။ လွှတ်တော်ပြင်ပ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကနေ ပြင်ဆင်မှ အောင်မြင်မှာလား။

ဖြေ - လွှတ်တော်ပြင်ပကပဲ ပြင်မှ အဆင်ပြေမယ်။ ပြီးခဲ့တဲ့ လတွေက လွှတ်တော်အတွင်းမှာ ဒါတွေပြင်ဖို့ တိုင်းရင်းသားအမတ်တွေက တောင်းဆိုလာတယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာ သူတို့ရဲ့ အဆိုပြုချက်တွေ အဖတ်မတင်ဘူး။ ဒီမိုကရေစီ ပြောင်းလဲပြီးပြီ၊ လွှတ်တော်ထဲမှာ တောင်းဆိုလို့ရပါတယ်လို့ ကျွန်တော်တို့တွေကိုလည်း သူတို့မီဒီယာတွေကတဆင့် ပြောတာတွေရှိတယ်။ အပြောအားဖြင့်သာ လွယ်တယ်။ လက်တွေ့မှာ ဘာဖြစ်နေသလဲဆိုတာ အရမ်းသိသာလွန်းနေတယ်။ အဲ့ဒီအနေအထားက ကျွန်တော်တို့အတွက် ပိုသတိထားစရာ ဖြစ်လာတာ။

မေး - ရခိုင်ပြည်နယ်အတွင်းမှာ NLD အစိုးရအနေနဲ့ အရေးတကြီးဖြေရှင်းရမယ့်ကိစ္စ၊ အန္တရာယ်ရှိနေတဲ့ကိစ္စတွေက ဘာတွေလို့ ယူဆလဲ။

ဖြေ - ဘင်္ဂါလီကိစ္စက NLD အစိုးရအနေနဲ့ ပိုပြီးနားလည်ဖို့ ကြိုးစားရမယ်။ အခု ကိုင်တွယ်တာက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေပေါ့။ ဒီ … ရှုပ်ထွေးတဲ့ပြဿနာကို အကုန်လုံး ကျေနပ်အောင် ဖြေရှင်းဖို့ကတော့ မလွယ်ပါဘူး။ ဘယ်နည်းက အကောင်းဆုံးလဲဆိုတာ ရှာပြီးမှ အားလုံးနဲ့ ပူးပေါင်းဖြေရှင်းရမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဖြေရှင်းရမယ်။ (မကြာသေးခင်က နေပြည်တော်) သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသွားတာက တိတိကျကျ မဖြစ်နေဘူး။ ရခိုင်နဲ့ ဘင်္ဂါလီ လူမှုအသိုင်းအဝိုင်း နှစ်ခုထက် ပိုကျယ်ပြန့်ပါတယ်။ နောက်တစ်ခုက ရခိုင်မှာ ဆင်းရဲမွဲတေမှုကလည်း အရမ်းအရေးကြီးတဲ့ အနေအထားကို ရောက်နေပြီ။ စစ်ဘေးဒုက္ခသည်ကိစ္စက ကျွန်တော်တို့ ဆွေးနွေးလာပြီ၊ အပစ်အခတ်တွေ မရှိတော့ဘူးဆိုရင် ပြေလည်သွားမှာပါ။ ပြည်တွင်းစစ်ရဲ့ ကျွဲကူးရေပါကိစ္စမို့ စစ်မရှိရင် ပြေလည်သွားမှာပါ။ ။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading