သတင်း

စစ်ကောင်စီဖမ်းဆီးသွားသည့် ပဲခူးမြို့ခံတစ်ဦး အလောင်းသာပြန်ရ

ပဲခူးမြို့ ဘုရင့်နောင်လမ်းပေါ်ရှိ အေသင်စားသောက်ဆိုင်ကို ယမန်နေ့ (မေ ၁၇) မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်စီးနင်းစဉ် သေနတ်ဒဏ်ရာဖြင့် ဖမ်းခံခဲ့ရသူ အသက် ၂၆ နှစ်အရွယ် ကိုထက်ဇော်လင်း (ခ) ဉာဏ်စူး သေဆုံးကြောင်း နာရီပိုင်းအကြာတွင် မိသားစုကို အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ညနေ ၅ နာရီလောက်မှာ ဉာဏ်စူးအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ ကိုဉာဏ်စူးသေပြီ။ အလောင်းလာယူပါဆိုပြီး အကြောင်းကြားတယ်” ဟု သေဆုံးသူ၏ မိသားစုနှင့် နီးစပ်သူက Myanmar Now ကို ပြောသည်။ 

အေသင်စားသောက်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းစဉ် ကားလိုင်စင်သက်တမ်းတိုးပြီးအပြန် ထမင်းဝင်စားနေသည့် ဉာဏ်စူးနှင့် ပဲခူးမြို့၊ မှော်ကန် ၄ လမ်းတွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် အမျိုးသားငယ်တစ်ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

“အေသင်စားသောက်ဆိုင်မှာရှိနေတဲ့ သံသယရှိသူတစ်ဦးကို ဝင်ဖမ်းရင်းဖြစ်တာ။ ရဲနဲ့ တပ်က လာဖမ်းတော့ ပစ်ခတ်ကြတာရှိတယ်။ အဲဒီအချိန်မှာ သူက ရှောင်ရင်းတိမ်းရင်းနဲ့ ထွက်ပြေးတာကို အနောက်ကနေပစ်တာ။ အနောက်ကနေပစ်တော့ တင်ပါးဆုံကို ထိသွားတယ်။ ထိသွားတဲ့အတွက် လဲသွားတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးလည်းဖြစ်သည့် မိသားစုဝင်နှင့် နီးစပ်သူက ပြောသည်။

ကိုထက်ဇော်လင်း(ခ) ဉာဏ်စူးနှင့်အတူ ဖမ်းဆီးခံခဲ့ရသူ အသက် ၁၄ နှစ်အရွယ် လူငယ်သည်လည်း သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကိုဉာဏ်စူးအလောင်းကို ယနေ့(မေ ၁၈) နံနက် ၈ နာရီခန့်က ပဲခူးဆေးရုံကြီးရင်ခွဲရုံ၌ သွားရောက်ထုတ်ယူကာ ၎င်း၏နေအိမ်သို့ ပြန်လည်သယ်ဆောင်ခဲ့ပြီး မနက်ဖြန် (မေ ၁၉) တွင် ဈာပနအခမ်းအနားကျင်းပရန် မိသားစုက ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့ထံမှ မှတ်ချက်တစ်စုံတစ်ရာ မရသေးပေ။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ပဲခူးမြို့ခံပြည်သူအများသည် အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေကြပြီး စစ်ကောင်စီတပ်၏ ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွင်းမှုများကိုလည်း အကြိမ်ကြိမ်ကြုံတွေ့နေရသည်။

ပဲခူးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပြည်သူများ၏ ခံတပ်များကို စစ်ကောင်စီတပ်က ဧပြီ ၉ တွင် လက်နက်ကြီးများပါ အသုံးပြုလျက် အင်အားအလုံးအရင်းဖြင့် ဖြိုခွင်းခဲ့ရာ အရပ်သားပြည်သူအမြောက်အမြား သေဆုံးခဲ့ရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ၁၇ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားပြည်သူ ၈၀၂ ဦး သေဆုံးခဲ့ရပြီးဖြစ်ကာ ၅၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button