သတင်း

တလုပ်မြို့ကျေးရွာအတွင်း စစ်တပ်ဝင်၊ ဒေသခံတို့ တိမ်းရှောင်

စစ်ကောင်စီတပ်က တစ်လအတွင်း သုံးကြိမ်တိုင်စီးနင်းတိုက်ခိုက်ပြီး ဝင်ရောက်တပ်စွဲလိုက်သည့် မန္တလေးတိုင်း၊ မြင်းခြံ၊ တလုပ်မြို့ကျေးရွာတွင် ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအချို့က အတည်ပြုသည်။

“တောထဲထိ လိုက်ဖမ်းတာ။ ကလေးတွေပါ ပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်နိုင်သည့် ရွာသားတစ်ဦးက ပြောသည်။

ဒေသခံ မည်မျှဖမ်းဆီးခံရသည်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။

ရွာလေးရွာကို စုပေါင်းထားသော တလုပ်မြို့ကျေးရွာကို အပြည့်အဝထိန်းချုပ်နိုင်ပြီး နောက်တစ်ရက် မေ ၁၃ တွင် အနီးရှိ ကမ်းပါးနီ၊ ဆင်ချောင်း၊မြေတော် စသည့် ကျေးရွာများကိုပါ စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေနေသဖြင့်  တိမ်းရှောင်နေရသူများပြားနေကြောင်း ဒေသခံတို့က ဆိုသည်။

မြင်းခြံမြို့နှင့် ခုနှစ်မိုင်ခန့်အကွာ၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ တလုပ်မြို့ကျေးရွာကို ဝင်ရောက်တပ်စွဲရန် စစ်ကောင်စီတပ်များက ဧပြီလမှစ၍ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က မေ ၁၁ရက်တွင် တတိယအကြိမ်မြောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက် မွန်းလွဲပိုင်း၌ လက်နက်နှင့် လူအင်အားနည်းပါးသည့် ဒေသခံ ခုခံရေးသမားတို့ ဆုတ်ခွာပေးခဲ့ရသည်။

ရွာလေးရွာကို စုပေါင်းထားသော တလုပ်မြို့ကျေးရွာအုပ်စု တတိယအကြိမ်ဝင်တိုက်ခံရသည်နှင့် တိုက်ပွဲများ အဓိကဖြစ်ပွားခဲ့သည့် မြို့မရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးသူငယ်များ ကြိုတင်တိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။

ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ယာတောများထဲတွင် တဲထိုးကာ နေထိုင်ကြသော ရာနှင့်ချီသည့် စစ်တိမ်းရှောင်သူများ စားရေးသောက်‌ရေးခက်ခဲနေသည်ဟု ထွက်ပြေးတိမ်းရှောင်နေရသူ အသက် ၂၉နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

တိမ်းရှောင်နေရသည့် အရေအတွက်ကို ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။

“တချို့ကတော့ ရွာနီးချုပ်စပ်က ထမင်းတောင်းပို့တဲ့သူတွေ ရှိတယ်။ ခေါ်ပြီး ကျွေးတဲ့သူတွေ ရှိတာပေါ့” ဟု ထိုအမျိုးသားက ပြောသည်။

ပစ္စည်းများ လုယူခံရ

တတိယအကြိမ်စီးနင်းမှု၌ ရဲနှင့် စစ်တပ် ပူးပေါင်းအင်အား ၅၀ မှ ၄၀၀ အထိ ပါဝင်ကြောင်း ဒေသခံတို့ ခန့်မှန်းပြောဆိုကြသည်။

စစ်ကောင်စီတပ်ဖွဲ့တို့သည် ပိုင်ရှင်မရှိသည့် နေအိမ်များကို ဝင်ရောက်ရှာဖွေစဉ် တန်ဖိုးရှိပစ္စည်းများကို ယူငင်သွားကြသည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။

“အိမ်တွေမှာ သံတံခါးတွေ ဘာတွေကို ဘတ်ဟိုးနဲ့ ကုပ်ကော်ပြီးတော့ အဲဒီအိမ်တွေထဲက ပစ္စည်းမှန်သမျှ လမ်းထုတ်ပုံထားပြီးတော့ ကားနဲ့တင်ပြီးတော့ ယူကြတာ။ ဆန်၊ ဆီ၊ တောင်သူ ပဲရွက်ထိ၊ ကြက်သွန်အထိ၊ စီပီပြောင်း (ကြက်စာကျွေးသည့်ပြောင်းဖူး) အထိ အကုန်သယ်နေကြတာ” ဟု ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးက မျက်မြင်သက်သေအချို့၏ ပြောဆိုချက်ကို ကိုးကား၍ ပြောသည်။

ကျပ်သိန်းရာဏန်းခန့် တန်ကြေးရှိမည့် ကုန်ပစ္စည်းများရောင်းချသော ကုန်စုံဆိုင်တစ်ဆိုင်ဆိုလျှင် စစ်သားနှင့် ရဲများက အသေးစိတ်မွှေနှောက်ရှာဖွေကြောင်း၊ ကုန်ပစ္စည်းများကို ဆိုင်ကယ်ဖြင့် တင်ပြီး ယူဆောင်သွားကြောင်း၊ အသံချဲ့စက်ဖြင့် သီချင်းများဖွင့်၍ ကခုန်ခဲ့ကြသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

တလုပ်မြို့ကျေးရွာရှိ အဆိုပါကုန်စုံဆိုင်ပိုင်ရှင်ထံ မေးမြန်းအတည်ပြုနိုင်ရန် Myanmar Now က ကြိုးပမ်းနေသော်လည်း ဆက်သွယ်မရသေးပေ။

စစ်ကောင်စီတပ်ဖွဲ့ တတိယအကြိမ်စီးနင်းသည့် မေ ၁၂ နံနက် ၅နာရီဝန်းကျင်၌ ရွာ၏ အရှေ့၊ အနောက်၊ တောင်ဘက် အရပ်မျက်နှာသုံးခုစလုံး တစ်ပြိုင်နက်တိုက်ခိုက်ခံရကြောင်း၊ လူဦးရေ ၇၀၀ ခန့်ရှိသည့် ဒေသခံများ တိမ်းရှောင်နိုင်ရန် ခုခံပစ်ခတ်ရင်း ရွာ၌ ကျန်ခဲ့သူ လူငယ် ၆ဦးစလုံး အဖမ်းခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။

“သုံးဖက်ညှပ်ပြီး တိုက်တဲ့အတွက် သူတို့က သုံးဖက်စုလာတဲ့အချိန်မှာ မြင်ရတာ မဲနေရောဗျာ။ လက်နက်တွေကိုင်တက်လာတာ ဖောင်းဒိုင်း၊ ဖောင်းဒိုင်း နဲ့ စက်သေနတ်တွေနဲ့ ဆွဲ၊ အဲဒီလိုပစ်တာ”ဟု တိုက်ပွဲအတွင်းရှိနေခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

တက္ကသိုလ်ကျောင်းသား သေဆုံး

တိုက်ပွဲအပြီး ပစ်ခတ်ဖမ်းဆီးခံရသူများထဲတွင် တက္ကသိုလ်ကျောင်းသားတချို့လည်း ပါဝင်ကြောင်း၊ အဖမ်းမခံရသူများထဲတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရနေပြီး ဆေးကုသရေးခက်ခဲနေကြောင်း ဒေသခံတို့က ဆိုသည်။

ဖမ်းဆီးခံရပြီးနောက်ရက် မေ ၁၃တွင် မြင်းခြံနည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ၂၃ နှစ်အရွယ် ကိုဇင်ကိုထွန်းမှာ စစ်ကြောရေး၌ သေဆုံးသွားခဲ့ရကြောင်း မိသားစုဝင်တစ်ဦး က Myanmar Now ကို အတည်ပြုထားသည်။

သေဆုံးရသည့် အကြောင်းရင်းကို စစ်ကောင်စီဘက်က အတိအကျမပြောခဲ့သော်လည်း ရုပ်အလောင်းကို မေ ၁၃ရက် ညနေလေးနာရီခန့်တွင် မြင်းခြံဆေးရုံမှ နေအိမ်သို့ ပြန်လည်သယ်ဆောင်နိုင်ခဲ့ကြောင်း ကိုဇင်ကိုထွန်း၏ မိသားစုဝင်ကပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၌ တလုပ်မြို့ကျေးရွာကိစ္စဖော်ပြမှုတွင် ဖမ်းဆီးထားသူ ခြောက်ဦးရှိကြောင်း ပါဝင်သော်လည်း သေဆုံးသွားသည့် ကိုဇင်ကိုထွန်းနှင့် ပတ်သက်၍ ဖော်ပြခြင်း မရှိပေ။

ထို့အတူ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသည်ဟု ဒေသခံများက ပြောသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၌မူ လုံခြုံရေးတပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရသည်ဟု ဆိုထားသည်။

တိမ်းရှောင်နေသူအများစုမှာ စစ်ကောင်စီတပ်များ ရန်ပြုမည်ကို စိုးရိမ်ပြီး ရွာပြန်ခြင်း မရှိသေးပေ။  

“အရဲစွန့်ပြီး ဝင်ကြတဲ့သူတချို့တော့ ရှိတယ်။ နွားတွေ ဘာတွေ အပြင်ဆွဲထုတ်လာပြီးတော့ အပြင်ပြန်ထွက်လာကြတာလည်း ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

တလုပ်မြို့ကျေးရွာအုပ်စု၌ လူဦးရေအများဆုံး အဓိကကျေးရွာဖြစ်သည့် မြို့မကျေးရွာတစ်ခုတည်း၌ပင် အိမ်ခြေ ၁၄၀၀ ကျော်၊ လူဦးရေ တစ်သောင်းကျော်ခန့်ရှိသည်ဟု Myanmar Now ကို ဒေသခံတို့က ပြောသည်။

Show More

Related Articles

Back to top button