သတင်း

NLD မှ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ ရန်ကုန်တွင် ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို ယမန်နေ့ (မေ ၁၂) ည၌ စစ်တပ်က ဖမ်းဆီးသွားသည်။ 

ည ၇ နာရီခန့်က ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ၎င်းတို့ပုန်းရှောင်နေသည့် နေအိမ်တစ်အိမ်တွင် သွားရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် ကြားသိရကြောင်း ဒေါ်ချစ်ချစ်ချော၏ မိခင် ဒေါ်မေသီက Myanmar Now ကို ပြောသည်။

“ဖမ်းဆီးခံရတာ ဟုတ်ပါတယ်။ ဘယ်နေရာကနေ ဖမ်းသွားတယ်ဆိုတာကို မသိရဘူး။ အန်တီတို့က တစ်နေရာ ၊ သူတို့က တစ်နေရာ။ လိုင်းပေါ်မှာ သတင်းတက်လာမှ သိတယ်။ သူတို့ ဒီကနေသွားတာကြာပြီ။ အန်တီ ဖုန်းနံပါတ်တွေကိုတောင် မမှတ်ထားဘူး၊ ကြောက်လို့” ဟု ဒေါ်ချစ်ချစ်ချော၏ မိခင်ဒေါ်မေသီက ပြောသည်။

လက်ရှိအချိန်တွင် မည်သည့်နေရာ၌ ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရသည့်အတွက် စိတ်ပူကြောင်း ဆိုသည်။ 

“အဖမ်းခံရတယ်ဆိုတော့ ကိုယ်လည်း ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ သူတို့ ဘယ်မှာအဖမ်းခံရတယ်၊ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ သိချင်တာပေါ့” ဟု ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက တိမ်းရှောင်နေသည့် ဒေါ်နီနီမေမြင့်သည် ပြီးခဲ့သည့် ၃ ရက်ခန့်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်နေအိမ်သို့ ခဏ လာရောက်ခဲ့ပြီး အခြားနေရာသို့ တိမ်းရှောင်ခဲ့စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ်သူ ဦးလင်းနိုင်က ပြောသည်။

အသက် ၄ နှစ်ခွဲအရွယ် သမီးဖြစ်သူကို တာမွေမြို့နယ်ရှိ ဒေါ်နီနီမေမြင့်၏ အစ်မဖြစ်သူနေအိမ်သို့ ထောက်လှမ်းရဲတပ်ဖွဲ့က မေ ၁၂ ညနေပိုင်း၌ လာရောက်ပို့ဆောင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်ကလည်း တခြားတစ်နေရာကို ရောက်နေတယ်။ သမီးကို ကျွန်တော့်အမျိုးသမီးရဲ့အစ်မအိမ်ကို ထောက်လှမ်းရဲက ၅ နာရီခွဲလောက် လာပို့သွားတယ်လို့ ပြောတယ်။ ကျွန်တော် အဲဒီလောက်ပဲသိရတယ်။ ကျန်တာ ဘာမှမသိရဘူး။ သူ့ကို ဘယ်ကနေခေါ်သွားတယ်ဆိုတာလဲ မသိဘူး” ဟု ဦးလင်းနိုင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ အောက်တိုဘာ ၁၄ တွင် တောင်ကုတ်မြို့၏ အနောက်ဘက် ၁၅ မိုင်ခန့်အကွာ ဖောင်းကားကျေးရွာသို့ မဲဆွယ်စည်းရုံးရေးသွားရောက်ခဲ့‌သော တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ပြီး ၇၉ ရက်အကြာ ၂၀၂၁ ဇန်နဝါရီ ၁ တွင် ပြန်လွှတ်ပေးခဲ့သည်။ 

စစ်တပ်နှင့် AA တို့ ညှိနှိုင်းပြီး ၎င်းတို့သုံးဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း AA က အတည်ပြုထားသည်။

“ ပထမ (AA) ဖမ်းတယ်ဗျာ။ အခု တပ်က ဖမ်းတယ်ဗျာ။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ဒုက္ခပေးနေတာမဟုတ်ဘူး။ သူတို့ဟာသူတို့ ဖမ်းချင်လို့ ဖမ်းနေတဲ့ဟာပဲ” ဟု ဦးလင်းနိုင်က ပြောသည်။

ဇနီးသည်ကို ဖမ်းဆီးရာတွင် တာဝန်ရှိသည့် AA စစ်ဦးစီးချုပ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ကို ကျေနပ်မှုမရှိကြောင်း သူက ဆက်ပြောသည်။

မေ ၈ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ NLD ဒုဥက္ကဋ္ဌ ဦးစိုးလေး၊ နောက်တစ်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်တို့ ဖမ်းဆီးခံရသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တောင်ကုတ်မြို့နယ်လွှတ်တော်အမတ် ဦးမင်းအောင်ကိုမူ ဖေဖော်ဝါရီ ၉ ကတည်းက ဖမ်းဆီးခဲ့သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံ့ခေါင်းဆောင်များကို ဖမ်းဆီးကာ NLD ပါတီဝင်များ၊ အမတ်များများကို ပစ်မှတ်ထားဖမ်းဆီးခဲ့ပြီး တက်ကြွလှုပ်ရှားသူများ၊ ထင်ရှားကျော်ကြားသူများ၊ ကျောင်းသားများနှင့် ပြည်သူများကိုပါ ဖမ်းဆီးနေသည်။ 

Show More

Related Articles

Back to top button