သတင်း

စစ်ကောင်စီဝင် ဦးသိန်းညွန့်၏ သားအရင်းနှင့် ချွေးမဖြစ်သူ ဖမ်းဆီးခံရ 

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်၏ သား ဦးနေအောင်နှင့် ဇနီးဖြစ်သူတို့ကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်၍ ယနေ့ (မေ ၁၂) နံနက်ပိုင်းက နေအိမ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်အချို့က Myanmar Now ကို အတည်ပြုသည်။

ဦးနေအောင်နှင့် ဇနီးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်စန္ဒာတို့ကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်ရှိ နေအိမ်တွင် နံနက် ၁၀ နာရီဝန်းကျင်က ရဲနှင့် စစ်သားများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုသို့ဖမ်းဆီးမခံရမီ တစ်လကျော်အလို မတ် ၂၇ ရက် တွင် ၎င်းတို့ကို ဖမ်းဝရမ်းထုတ်ထားကြောင်း ဖခင်ဖြစ်သူ ဦးသိန်းညွန့်က ဖုန်းဆက်ခြိမ်းခြောက်ခဲ့သည်ဟု ဦးနေအောင်က Myanmar Now ကို ပြောဆိုထားသည်။ 

ယနေ့နံနက် လာရောက်ဖမ်းဆီးချိန်တွင် “Facebook ပေါ်မှာ မတရားအသင်းနဲ့ ပတ်သက်ပြီးတော့ ရှယ်တာတွေ၊ စစ်ကောင်စီကို ရှုတ်ချတဲ့စာသားတွေပါတဲ့အတွက် ဖမ်းတာလို့တော့ ပြောသွားတယ်။ ဦးသိန်းညွန့်နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း၊ မဆိုင်ခြင်းတော့ (ရဲတပ်ဖွဲ့က) ပြောမသွားဘူးခင်ဗျ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ဦးနေအောင်သည် စစ်ကောင်စီအဖွဲ့ဝင် ဦးသိန်းညွန့်၏ အငယ်ဆုံးသားဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီကို ဦးသိန်းညွန့်စတင်တည်ထောင်ချိန်က ဦးနေအောင်နှင့် ဇနီးဖြစ်သူတို့သည် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ် ပါဝင်ဖူးသည်။

သားအဖချင်း နိုင်ငံရေးရပ်တည်ချက်ကွဲပြားခဲ့ကြပြီးနောက် ၂၀၁၉ ခုနှစ်တွင် ၎င်းအမည်ပေါက်ပိုင်ဆိုင်သည်ဆိုသော သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ နေအိမ်တွင် ရုံးစိုက်ထားသည့် NNDP ပါတီလုပ်ငန်းများအားလုံးကို ရွှေ့ပြောင်းဖယ်ရှားပေးရန် ဦးနေအောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ တိုင်ကြားခဲ့သည်။

အုဆိပါ မြေနေရာအငြင်းပွားမှုမှာ ယနေ့တိုင်ပြေလည်ခြင်းမရှိသေးဘဲ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ဖြစ်ပြီးနောက် မေ ၃ နှင့် ၅ တွင် သင်္ဃန်းကျွန်းရှိနေအိမ်သို့ NNDP ပါတီဝင်အချို့ရောက်ရှိလာပြီး ရုံးပြန်ဖွင့်ရန် ကြိုးပမ်းခဲ့သဖြင့် ဦးနေအောင်နှင့် အချေအတင်ဖြစ်ခဲ့သည်။ 

ပါတီရုံးဖွင့်ရန် ထိုသို့ဖိအားပေးခြိမ်းခြောက်မှုမတိုင်မီ နှစ်ပတ်ခန့်အလို ဧပြီ ၂၁ ရက်ကလည်း ဦးသိန်းညွန့် ပါတီရုံးဖွင့်ဖူးသည့် အဆိုပါနေအိမ်ကို လက်ပစ်ဗုံးဖြင့် လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ဖူး၍ လုံခြုံရေးစိုးရိမ်နေရသည်ဟု ဦးနေအောင်က ပြောထားသည်။

“စစ်ကောင်စီဝင်တစ်ယောက်ရဲ့ အာဏာကို သုံးပြီး သားသမီးတစ်ယောက်အပေါ်မှာတောင် ဒီလောက်လုပ်တယ်ဆိုရင် ပြည်သူလူထုအပေါ်မှာ ဘယ်လောက်တောင် ရက်စက်ယုတ်မာမလဲ စဉ်းစားကြည့်ပေါ့ဗျာ”ဟု ဦးနေအောင်က ပြောခဲ့သည်။ 

ဦးနေအောင်နှင့် ဇနီးဖြစ်သူတို့ ဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့ထံ မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ဦးသိန်းညွန့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး ပါတီက သပိတ်မှောက်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီမှ နုတ်ထွက်ခဲ့သူဖြစ်သည်။

ထို့နောက် NLD ပါတီ၌ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များဖြစ်သည့် ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့နှင့် ပူးပေါင်းကာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို တည်ထောင်ခဲ့သည်။

NDF ပါတီကိုယ်စားပြု၍ ၂၀၁၀ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် ဦးသိန်းညွန့်သည် သင်္ဃန်းကျွန်းမဲဆန္ဒနယ်တွင် အနိုင်ရခဲ့ပြီးနောက် NDF ပါတီခေါင်းဆောင်များအကြား သဘောထားကွဲလွဲမှုများဖြစ်လာပြီး ဦးသိန်းညွန့်က နုတ်ထွက်ကာ ၂၀၁၁ အောက်တိုဘာတွင် NNDP ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါကာလနောက်ပိုင်းတွင် ကျင်းပခဲ့သည့် ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် ၎င်းအနိုင်ရဖူးသည့် သင်္ဃန်းကျွန်းမဲဆန္ဒနယ်၌ NNDP ပါတီဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပါတီဟောင်း NLDကို မယှဉ်နိုင်ဘဲ ရှုံးခဲ့ရသူဖြစ်သည်။

၂၀၁၅ နောက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၏ မဟာမိတ်အဖွဲ့ဝင်ဖြစ်သွားကာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် ၄ လ အလိုတွင် စစ်တပ်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

NLD အပြတ်အသတ်အနိုင်ရပြန်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ငြင်းပယ်၍ အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ နောက်ပိုင်းတွင် ဦးသိန်းညွန့်သည် စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်လာသူဖြစ်သည်။

Show More

Related Articles

Back to top button