သတင်း

ထားဝယ်တွင် ဆန္ဒပြပွဲမစတင်မီ ၁၃ ဦးကို ပစ်ခတ်ဖမ်းဆီး 

စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်လှုပ်ရှားနေသည့် ထားဝယ်တပ်ပေါင်းစုနှင့် လူငယ်တော်လှန်ရေးသပိတ်စစ်ကြောင်းများ ယနေ့ (မေ ၁၁) နံနက်၌ ဆန္ဒပြရန် ပြင်ဆင်နေစဉ် ဖြိုခွင်းခံရပြီး ၁၃ ဦး အဖမ်းခံရသည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် သပိတ်စတင်ရန် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်အတွင်း လူစုနေစဉ် စစ်တပ်နှင့် ရဲက ဝင်ရောက်အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး နေအိမ်များထဲအထိ လိုက်လံဖမ်းဆီးခဲ့ကြောင်း ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းဦးဆောင်သူတစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့က သပိတ်စစ်ကြောင်းကို ၈ နာရီခွဲမှာ စပြီးထွက်မယ်လို့ လုပ်ထားတာဗျ။ ၈ နာရီမခွဲခင်မှာပဲ လူစုနေတုန်း စုရပ်ကို ကားတွေနဲ့ ရောက်လာပြီး အကြမ်းဖက်ဖြိုခွင်းတာဗျ။ ရောက်တာနဲ့ ချက်ချင်းကို သေနတ်တွေနဲ့ ပစ်တယ်။ ရိုက်နှက်ပြီး ဆွဲတာတွေလုပ်တယ်” ဟု ဆိုသည်။ 

အရပ်ဝတ် ၃ ဦး အပါအဝင် စစ်တပ်နှင့် ရဲအင်အား ၃၀ ကျော်က ရှေ့နောက် နှစ်ဖက်ပိတ်၍ ဖမ်းဆီးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်ကြောင်းစုနေတဲ့နေရာမှာ ကားနှစ်စီးနဲ့ လာဖြိုခွင်းတယ်။ ဒါပေမယ့် လူစုကွဲသွားတဲ့အချိန်မှာ သူတို့က ဟွန်ဒါဖစ် အိမ်စီးကားနဲ့ အရပ်ဝတ်နဲ့ သေနတ်ကိုင်ပြီး လိုက်လံဖမ်းဆီးတာတွေရှိတယ်။ အိမ်စီးကားပေါ်ကနေ အရပ်ဝတ်နဲ့ နှစ်ယောက်၊ သုံးယောက်လောက် ဆင်းလာပြီး ပစ်တာ။ ရှေ့ဘက်မှာ ကားနှစ်စီးနဲ့ ဖြိုခွင်းပြီး လူစုကွဲသွားချိန်မှာ နောက်ကနေပြီး အိမ်စီးကားနဲ့ နှစ်ဖက်ပိတ်ပြီး ဖြိုခွင်းတာ” ဟု ၎င်းသပိတ်ခေါင်းဆောင်က ပြောသည်။ 

ယင်းသို့ ဖြိုခွင်းရာတွင် အသက် ၁၆ နှစ်အရွယ် မောင်ကောင်းဆက်ဟိန်းအပါအဝင် ၁၃ ဦး အဖမ်းခံရကာ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး ရာဘာကျည်ထိမှန်ခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူများထံမှ သိရသည်။ 

ဖမ်းဆီးခံရသူများကို ကားဖြင့် တင်၍ မြို့တော်ခန်းမအနီး တိုင်းရဲတပ်ဖွဲ့စခန်းသို့ ခေါ်ယူသွားသည်ဟု ယူဆရပြီး နေအိမ်များအတွင်း ထွက်ပြေးတိမ်းရှောင်နေသူများကို အခြားကားတစ်စီးဖြင့် လိုက်လံရှာဖွေ ဖမ်းဆီးခဲ့သည်။ 

အိမ်တံခါးများကို ဖျက်ဆီး၍ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လူနေအိမ်များအတွင်းထိပါ ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက Myanmar Now ကို ပြောသည်။ 

ကျည်ဆန်ထိမှန်ထားသော ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက် နေအိမ်တစ်တစ်အိမ်၏ တံခါးအား ယနေ့ မေ ၁၁ နေ့လယ်၌ တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

“ကျွန်တော့်အိမ်မှာ ၄ ယောက်လောက် ဝင်လာတယ်။ ဘေးအိမ်မှာ အယောက် ၃၀ လောက်ရှိတယ်။ သူတို့က အိမ်ထဲကအသံ ကြားသွားတယ်ထင်တယ်၊ အိမ်တံခါးတွေ ဖျက်ဝင်ပြီး သေနတ်တွေနဲ့ ပစ်တယ်။ သူတို့က အိမ်ထဲအထိ ဝင်ပစ်တာ” ဟု ၎င်းက ဆိုသည်။ 

စစ်တပ်နှင့် ရဲက ဖမ်းဆီးရမိသူများကို ဆဲဆိုခြိမ်းခြောက်ကြောင်း ၎င်းက ဆက်ပြောသည်။

“ရိုက်နှက်တာတော့ သေချာမမြင်လိုက်ဘူး။ ခေါင်းပေါ် လက်တင်ခိုင်းပြီး ဆဲဆိုနေတာတော့ ကြားလိုက်တယ်။ မင်းတို့ မနက်တိုင်း ငါတို့ကို ဒုက္ခပေးနေတာပဲဆိုပြီး ခေါ်သွားတယ်” ဟု မျက်မြင်တွေ့သူက ဆိုသည်။ 

ဖမ်းဆီးခံရသူ ၁၃ ဦးမှာ ကိုကောင်းမြတ်ကျော်၊ မမြတ်ပန်းအိမ်၊ ကိုယုယစိုး၊ မစုစုနိုင်၊ မယုယုလွင်၊ မောင်ကောင်းဆက်ဟိန်း၊ ကိုဟိန်းလွင်ထူး၊ မချောစု၊ မနုနုထွေး၊ ကိုနိုင်လင်းဦး၊ မအိမွန်ဖြူ၊ မောင်လရောင်သွေး၊ မတင်နီလာထွန်း တို့ ဖြစ်သည်ဟု ထားဝယ်တပ်ပေါင်းစုကော်မတီထံမှ သိရသည်။ 

စစ်တပ်အာဏာသိမ်းမှု ရက် ၁၀၀ ပြည့်ဖြစ်သော ယနေ့ (မေလ ၁၁) အထိ စစ်တပ်နှင့် ရဲ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇၈၁ ဦးရှိကာ ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၄၉၁၆ ဦးရှိပြီဖြစ်သည်ဟု နိုင်ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button