သတင်း

နတ်မောက်မြို့နယ် ကျေးလက်ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး 

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အရပ်သားပြည်သူ ၇ ဦးကို ယမန်နေ့( မေ ၈) ၌ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ 

၎င်းဒေသအခြေစိုက် ပင်မစစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ်မှ အင်အား ၆၀ ခန့်သည် နတ်မောက်မြို့မှ ၁၄ မိုင်အကွာရှိ သမျှားရွာနှင့် ကျောင်းကုန်းကျေးရွာများမှ မြေတိုင်းစာရေးတစ်ဦးအပါအဝင် ရွာသား ၇ ဦးကို ယမန်နေ့ညနေ၌ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

သမျှားကျေးရွာရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက ‘ဒလန်’ လုပ်ကာ သတင်းပေးတိုင်ကြားခဲ့မှုကြောင့် CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)ပါဝင်နေသော ဝန်ထမ်းများ၊ NLD ရပ်ကျေးအဖွဲ့ဝင်များနှင့် ဘုန်းကြီးများပါမချန် ဖမ်းဆီးရန် စစ်တပ်က ယင်းနေ့မှာပင် နှစ်ကြိမ်လာရောက်ခဲ့သည်ဟု ၎င်းရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။

NLD ရပ်ကျေးအဖွဲ့ဝင် ဦးမောင်မောင်မြင့်ကို အင်အား ၃၀ ခန့်ဖြင့် ယမန်နေ့ (မေ ၉)  မနက် ၁၀ နာရီခန့်တွင် ဝင်ရောက်ဖမ်းဆီးရာ ၎င်းကို မတွေ့သဖြင့် သမီးဖြစ်သူ ဒေါ်မိုးမိုးကြည်ကို ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းခဲ့သည်။ 

“ရွာက NLD ရပ်ကျေးအဖွဲ့ဝင်တစ်ဦးကို ဝင်ဖမ်းတာ မတွေ့လို့ သူ့သမီးကို ဖမ်းတဲ့အခါ ရွာက လူတွေက ပြန်ဝိုင်းတော့ လွှတ်ထားခဲ့တယ်။ ညနေပိုင်းကျတော့ ရွာနားက စစ်တပ်ကို ခေါ်လာပြီး ပြန်လာတယ်။ အခုအထိ ရွာထဲက လူငယ်တွေအကုန် ရွာထဲ ပြန်မလာရဲသေးဘူး”ဟု ၎င်းက ပြောသည်။

မွန်းလွဲပိုင်း၌ စစ်တပ်က အင်အားထပ်ဖြည့်ကာ စစ်ကား ၄ စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းကာ ဖမ်းဆီးခဲ့သဖြင့် ရွာသား  ၇ ဦးအဖမ်းခံခဲ့ရပြီး ၃ ဦး ရာဘာကျည်ဆန် ထိမှန်ခဲ့သည်။

ဖမ်းဆီးခံရသူများမှာ သမျှားရွာသား ကိုဝင်းကျော် (၃၅ နှစ်)၊ ကိုမိုးကျော်သူ (၁၉ နှစ်)၊ ဦးဝင်းဌေး (၅၀ နှစ်ခန့်)၊ ကိုကျော်သူဝင်း (၁၇ နှစ်)နှင့် ကျောင်းကုန်းကျေးရွာမှ အမျိုးသားသုံးဦးဖြစ်သည်ဟု ကျောင်းကုန်းရွာသားတစ်ဦးက ဆိုသည်။

သမျှားရွာရှိ အောင်ချမ်းသာဘုန်းကြီးကျောင်းထိုင် ဆရာတော်ကို ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းခဲ့သော်လည်း ဖမ်းမမိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့က ဖမ်းခံရသူများကို စစ်တပ်က မကွေးမြို့သို့ ညတွင်းချင်း ပို့ဆောင်ခဲ့သည်ဟု ကြားသိရကြောင်း ၎င်းတို့က ပြောသည်။

စစ်တပ်၏ ပင်မစစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ်(ပပန)နှင့် အိမ်ခြေ တစ်ထောင်ခန့်ရှိသော သမျှားရွာသည် သုံးမိုင်ခန့်သာ ကွာဝေးသည်။ 

ထို့ပြင် စစ်တပ်သုံးစွဲနေသော သောက်သုံးရေတွင် အဆိပ်ခတ်မည်ဆိုသော သတင်းများ ထွက်ပေါ်နေ၍ သမျှားရွာရှိ အများသုံးရေကန်နေရာတွင် ယမန်နေ့ညမှစ၍ စစ်သား ၁၅ ဦးခန့် ကင်းချထားသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button