အတိတ်ကို ပြည်ဖုံးကားချချင်တဲ့ NLD လွှတ်တော်အမတ်

နေပြည်တော်တွင် တွေ့ရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)
နေပြည်တော်တွင် တွေ့ရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

နေပြည်တော် — ဘုံအဆင့်ဆင့် ဆောက်လုပ်ထားသည့် အဆောက်အဦများ၊ အစိမ်းရောင် မြက်ခင်းတို့ လွှမ်းထားသော နေပြည်တော် လွှတ်တော်ဝင်းကြီးသည် နတ်ပြည်နတ်နန်းလော၊ သို့တည်းမဟုတ် မွန်းတည့်ချိန် ပြင်းထန်လွန်းသည့်နေအပူရှိန်ကြောင့် ဖြစ်ပေါ်လာသော တံလျှပ်ခိုးများကြား သီးခြားတည်ရှိနေသော ထိုအဆောက်အအုံများသည် ငရဲပြည်လောဟု အမျိုးအမျိုး ထင်မှတ်မှားစရာရှိသည်။

အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်ခြယ်ထားသော လွှတ်တော်အဆောက်အဦ တစ်ခုအတွင်း သစ်သားစားပွဲကြီးတစ်ခုနောက်တွင် ပင်နီတိုက်ပုံ၊ ကချင်လုံချည်ဝတ်ဆင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးသည် ၎င်း၏ ပြည်သူ့လွှတ်တော်ဆိုင်ရာ နိုင်ငံတကာဆက်ဆံရေး ကော်မတီအတွင်းရေးမှူး တာဝန်ဖြင့် အလုပ်များနေသည်။

သံရုံး ဖိတ်ကြားစာများ၊ သံတမန်တို့၏ တွေ့ခွင့်တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသလို ရံဖန်ရံခါ ကော်မတီနှင့် မသက်ဆိုင်သော ကိစ္စရပ်များအကြောင်း ဆွေးနွေးရန် စီးပွားရေးသမားများ၊ စီးပွားရေးအကျိုးဆောင်များ ချဉ်းကပ်လာမှုကိုလည်း ဖြေရှင်းရကြောင်း ၅၂ နှစ် အရွယ် ဦးဘိုဘိုဦးက ဆိုသည်။

“ကျွန်တော်တို့နဲ့ မဆိုင်တဲ့ ကိစ္စတွေအတွက် ခေါ်တွေ့လို့ ဘာထူးမှာလဲ။ ကျွန်တော်တို့ အလိုလိုက်လို့ မရတာလေးတွေရှိတာပေါ့လေ၊ တစ်ခါတလေလည်း လူမှုရေးအရ ကိုးလိုးကန့်လန့် ဖြစ်ရတယ်” ဟု သူကဆိုသည်။

လွှတ်တော်သစ်တွင် စစ်အစိုးရခေတ် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အထိန်းသိမ်းခံရသော နိုင်ငံရေးအကျဉ်းသားပေါင်း ရာနှင့်ချီ ပါဝင်ရာ ၎င်းတို့အနက် ဦးဘိုဘိုဦးသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများအဖြစ် အမှောင်ခေတ်ကို ဖြတ်သန်းလာပြီး အာဏာနှင့်လုပ်ပိုင်ခွင့်များ ရရှိလာသည့် ယခုအချိန်တွင် ထိုအရာများ၏ ဖျက်ဆီးမှုကို မခံရရန် ဆင်ခြင်ရသည်မှာ စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သူက ဆိုသည်။

“အကောင်းလောကဓံတွေ လာနေပြီ၊ ခံနိုင်ဖို့ အရေးကြီးတယ်” ဟု သူက Myanmar Now နှင့် နေပြည်တော်တွင် မကြာသေးမီက တွေ့ဆုံစဉ် ပြောသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သည့် ရလဒ်အဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်သည့် အရပ်သားအစိုးရသစ် ပေါ်ထွက်လာ၏။ သို့တိုင် တစ်ဖက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေး၊ အုပ်ချုပ်ရေးတွင် စစ်တပ်က ဆက်လွှမ်းမိုးထားဆဲဖြစ်သော်ငြား ဒီမိုကရေစီ ကူးပြောင်းမှုတွင် ပါဝင်လှုပ်ရှားခဲ့သူအချို့ကတော့ စစ်အာဏာရှင်ခေတ် အမှောင်ကာလကြီး လွန်မြောက်၍ တိုင်းပြည် အနာဂတ် ဆက်လက် တိုးတက်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

“တဖြည်းဖြည်းနဲ့တော့ ဆက်ပြီးပြောင်းနေမှာပါပဲ။ ကျွန်တော်ကတော့ တိုင်းပြည်အတွက် အကောင်းမြင်တဲ့စိတ် အပြည့်ရှိတယ်” ဟု ဦးဘိုဘိုဦးက ဆိုသည်။

အမှောင်ခေတ်မှ အလင်းခေတ်

စစ်အာဏာရှင်ခေတ် လူငယ်များစွာတို့ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အကျဉ်းချခံခဲ့ရပြီး ၎င်းတို့အနက် အချို့သောသူတို့မှာ လူ့ဘဝ၏ အတက်ကြွဆုံးအရွယ်များကို သံတိုင်များ နောက် တွင်ပင် ကုန်လွန်ခဲ့ကြရသည်။

ရန်ကုန်မြို့၏ ချမ်းသာသောမိသားစုတစ်စုတွင် ကြီးပြင်းလာသော ဦးဘိုဘိုဦးလည်း ထိုအုပ်စုထဲတွင် အပါအဝင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် အင်္ဂလိပ်စာ အထူးပြုနောက်ဆုံးနှစ် တက်ရောက်နေစဉ် သူသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ပြီး နောက်တစ်နှစ်အကြာတွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

“ဖြစ်ချင်ခဲ့တာကတော့ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ပဲ။ ဒါပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် နိုင်ငံရေးမှာ ပါဝင်ခဲ့တာပေါ့” ဟု သူက ဆိုသည်။

သူ၏ လူငယ်ဘဝမှာ ရန်ကုန်ရှိ အင်းစိန်ထောင်၊ စစ်အစိုးရခေတ် နိုင်ငံရေးအကျဉ်းသားများကို အနှိပ်စက်ဆုံး အကျဉ်းထောင်တစ်ခုဟု ဆိုစမှတ်ပြုသော မြင်းခြံထောင်တို့တွင် ကုန်ဆုံးခဲ့ရသည်။

ထိုမြင်းခြံထောင်တွင် ထောင်အာဏာပိုင်တို့က စည်းကမ်းထိန်း၊ တန်းစီး စသော ရာထူးများတွင် မုဒိမ်းလူသတ်မှုများဖြင့် အကျဉ်းကျနေသော ရာဇဝတ်သားတို့အားခန့်အပ်ပြီး နိုင်ငံရေး အကျဉ်းသားများကို မျက်ခြည်မပြတ်စောင့်ကြည့်စေခဲ့ပြီး၊ မထင်ရင်မထင်သလို ရိုက်နှက်၏ဟူသော နာမည်ဆိုးများ ယခုတိုင် ပြောစမှတ်ရှိသည်။

ဦးဘိုဘိုဦး အဖမ်းခံရစဉ်က အသက် ၂၆ နှစ်ရှိပြီး ပြန်လည်လွတ်မြောက်လာသော ၂ဝဝ၉ ခုနှစ်တွင် သူသည် အသက် ၄၆ နှစ်ရှိပြီဖြစ်၏။

နှစ်ပေါင်း ၂ဝ ကျော် ထောင်နန်းစံခဲ့သော အချိန်များတွင် အစာရေစာ မလုံလောက်ခြင်း၊ အကျဉ်းခန်းအတွင်း တစ်နေကုန် လှောင်ပိတ်ခံထားရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်း စသည့် ဒုက္ခများ လွန်မြောက်၍ မြန်မာ့နိုင်ငံရေး အပြောင်းအလဲယခုကဲ့သို့ ဖြစ်လာမည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်မိခဲ့ကြောင်း၊ သို့သော် မြန်မာပြည်သည် ကောင်းသည့်ဘက်သို့ ရောက်ရှိလာမည်ကို အမြဲယုံကြည်ခဲ့ကြောင်း ဦးဘိုဘိုဦးက ဆိုသည်။

“ခဏခဏ ကျွန်တော် မေးခံရတယ်၊ ခုလို မြန်မာ့နိုင်ငံရေးအခြေအနေပြောင်းလဲတာရော၊ ကျွန်တော်လွှတ်တော်အမတ်ဖြစ်လာတယ်ဆိုတာရော ဒါတွေဖြစ်လာမယ်လို့ အရင်ကမျှော်လင့်ဖူးသလားလို့။ ကျွန်တော်တော့ တစ်ခါမှ ဒါတွေဖြစ်လာမယ်လို့ တကယ့်ကို မတွေးမိဘူးဗျ” ဟု သူကဆိုသည်။

၁၉၉ဝ ပြည့်လွန်နှောင်းပိုင်းကာလ လေတပ်ဦးစီးချုပ်ဖြစ်လာမည့် အဆင့်မြင့်စစ်အရာရှိတစ်ဦး၏ သမီးဖြစ်သူ သူ၏ဇနီးက သူအကျဉ်းကျနေစဉ်ကာလအတွင်း သူ့ကို ကွာရှင်းခဲ့သည်။ သူထောင်မှမလွတ်မီ နှစ်အနည်းငယ်အလိုတွင် သူ၏ဖခင်လည်း ကွယ်လွန်ခဲ့သည်။

သူ့ဇနီးက သူ့အားစွန့်ခွာခဲ့ပုံနှင့်ပတ်သက်၍ မေးမြန်းရာ "ဒါဟာ တော်တော်ဆိုးတဲ့ အတွေ့အကြုံပါပဲ" ဟု သူကဆိုပြီး အသေးစိတ်ကိုရှင်းပြရန် ငြင်းပယ်ခဲ့သည်။

၂ဝဝ၉ ခုနှစ် သူလွတ်မြောက်လာပြီးနောက် ဘဝသစ်တစ်ခုကို လျင်မြန်စွာ တည်ဆောက်လိုက်သည်။ သူနှင့်အတူ တစ်နေ့တည်း မြန်မာနိုင်ငံအထက်ပိုင်း မြင်းခြံထောင်မှ လွတ်မြောက် လာသူ နိုင်ငံရေးအကျဉ်းသား မခင်မိုးအေးနှင့် မကြာခင် လက်ထပ်ပြီး မိုးခအမည်ရ ပန်းချီပြခန်းတစ်ခုကိုလည်း ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည်။

ထို့နောက်တွင် NLD သို့ ဝင်ရောက်၍ နိုင်ငံရေးလောကကို တစ်ဖန် ခြေစုံပစ်ဝင်ပြီး ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ၊ ပါတီလှုပ်ရှားမှုများတွင် ရန်ကုန်တိုင်း ပါတီစည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ စမ်းချောင်းမြို့နယ် NLD ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သည်။

၂၁၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး ယခုအခါ လွှတ်တော်ကော်မတီတစ်ခု၏ အတွင်းရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး NLD လွှတ်တော်အမတ်များ၏ ဆော်သြရေးမှူးအဖြစ်လည်း တာဝန်ယူထားသည်။

ဒီမိုကရေစီဖြစ်ထွန်းလာမှု၏ တစ်စိတ်တစ်ဒေသဖြစ်သော လက်ရှိသူ၏လွှတ်တော်အမတ်ဘဝ နှင့် စစ်အာဏာရှင်ခေတ် ယခင်က သူ၏အကျဉ်းစံဘဝကို ပြန်ပြောင်းနှိုင်းယှဉ်သည့် သဘောဖြင့် “အခုတော့ အကောင်းတွေချည်းဖြစ်နေတာဗျ။ ဖေဖော်ဝါရီ ၁ ရက် ကျမ်းသစ္စာကျိန်တဲ့နေ့မှာတောင် ထီတစ်သိန်းဆုပေါက်တယ်ဗျ” ဟု သူက ဆိုသည်။

တစ်မိုးတည်းအောက် အမတ်များ

လွှတ်တော်နှင့် မိုင်အနည်းငယ်အကွာတွင် တည်ရှိသော စည်ပင်သာယာရိပ်သာ ဆိုသည်မှာ နိုင်ငံတဝန်းမှ ရောက်ရှိလာကြသော ပြည်ထောင်စုလွှတ်တော်အမတ်အများစု တည်းခိုသည့် နေရာဖြစ်သည်။

ကွန်ကရစ်ကြမ်းခင်း၊ ရေချိုးခန်း၊ အိမ်သာ၊ တစ်ယောက်အိပ် သစ်သားခုတင် သုံးလုံး ပါဝင်သော ထိုအခန်းသည် အဆောင်အယောင် ကင်းမဲ့လှသော်လည်း ဦးဘိုဘိုဦးကဲ့သို့သော နိုင်ငံရေးအကျဉ်းသားဟောင်းများအတွက်မူ ထောင်ခန်းများနှင့်စာလျှင် ပိုမိုကောင်းမွန်သော နေရာထိုင်ခင်းဖြစ်နေသည်။

ပျင်းရိငြီးငွေ့စရာကောင်းလှသော နေပြည်တော်ဘဝ အားလပ်ချိန်များတွင် ရေကူးခြင်း၊ စာဖတ်ခြင်းဖြင့် အချိန်ကုန်ရကြောင်း ဦးဘိုဘိုဦးက ဆိုသည်။

“ဒီမှာ ထောင်နဲ့တူတာဆိုလို့ ညဘက် တစ်ယောက်တည်းအိပ်ရတဲ့အခါမှာပေါ့။ တစ်ခါတလေ ညဘက် ပူလို့အိပ်မရဘူး” ဟု သူကဆိုသည်။

သူက ရန်ကုန်ရှိမိသားစုကို ခွဲခွာပြီး လွှတ်တော်တက်ရန် ရောက်နေသည့် မြို့တော်ကြီးတွင် မိတ်ဆွေများနှင့် တွေ့ဆုံလည်ပတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ရန်ကုန် NLD လွှတ်တော်အမတ်များ၏ ဆော်သြရေးမှူးလည်းဖြစ်သောကြောင့် ထိုအမတ်များ လွှတ်တော်တက်နေသည့်ကာလအတွင်း ကျန်းမာရေး၊ စားဝတ်နေရေး အဆင်ပြေစေရန်လည်း စီမံရသည်။

“ပါတီရဲ့မူဝါဒတွေနဲ့ မတိမ်းမစောင်းသွားအောင် လိုက်လုပ်ရတယ်။ တစ်ခါတလေ စိတ်ဓာတ်မြှင့်တင်ရေးတွေလည်း လုပ်ရတယ်။ နောက်ပြီး လာဘ်ပေးလာဘ်ယူကိစ္စဆိုတာ ပုဂ္ဂလိက အခက်အခဲကြောင့်လည်း ဖြစ်လာရတာရှိတယ်။ ဒါ့ကြောင့် ယုတ်စွအဆုံး ငွေလိုရင်ပြောပါ၊ ကျွန်တော်တို့ချေးပါမယ်၊ အဲဒီလောက်ထိတောင် ပြောသွားတာ။ ဒါဟာသိပ်ကိုအရေးကြီးတယ်၊ ကျွန်တော်တို့ပါတီရဲ့ အသက်ဗျ” ဟု သူကဆက်၍ဆိုသည်။

အတိတ်ကို ပြည်ဖုံးကားချရမယ်

နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့ ညနေခင်း မဲရေတွက်အပြီး သူ အပြတ်အသတ်နိုင်သွားသဖြင့် ထောက်ခံသူ မဲဆန္ဒရှင်များ ပြုံးပျော်နေချိန်တွင် ဦးဘိုဘိုဦးတစ်ယောက် မျက်ရည်ဝဲမတတ် ဖြစ်ခဲ့ရသည်။ သူ့ကဲ့သို့ ၁၉၈၈ ဒီမိုကရေစီသပိတ်မှစ၍ နှစ်ပေါင်း ၂ဝ ကျော်အတွင်း အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးအကျဉ်းချခံရသူများထဲမှ အချို့မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်သောကြောင့် ယခုကဲ့သို့ သမိုင်းဝင်မြင်ကွင်းကို တွေ့မြင်ခွင့်မရနိုင်တော့ပေ။

“ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေအတွက် စိတ်မကောင်းဘူးဗျာ” ဟု သူက ဆိုသည်။

သို့သော် နိုင်ငံပြန်လည်ထူထောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့မှာ အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးနှိပ်စက်ခဲ့သော ယခင်စစ်ဗိုလ်ချုပ်များအား အရေးယူရန် မလိုလားကြောင်း ဦးဘိုဘိုဦးက ဆိုသည်။

“Justice (တရားမျှတမှုပြန်လည်ရှာဖွေရေး) ကို မစဉ်းစားသင့်တော့ဘူး။ Justice ဆိုတာ လက်စားချေတာတစ်မျိုးပဲ။ သူတို့ ဗိုလ်ချုပ်တွေ ချောချောမွေ့မွေ့ Exit (နိုင်ငံရေးစင်မြင့်မှ ထွက်ခွာ) ဖြစ်အောင် မနည်း လုပ်နေရတယ်” ဟု မြန်မာ့နိုင်ငံရေးတွင် ဆက်လက်လွှမ်းမိုးထားသော စစ်တပ်ကဏ္ဍအား ရည်ညွှန်း၍ သူက ပြောလိုက်သည်။ ။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading