နေပြည်တော် − ကျွန်မတို့နိုင်ငံမှာ တစ်ခုခု အကြီးအကျယ် မှားယွင်းနေတယ်ဆိုတာကို ပထမဆုံး စမြင်ခဲ့တဲ့အချိန်မှာ ကျွန်မ ၁ဝ နှစ် ဝန်းကျင်ပဲ ရှိပါသေးတယ်။
၁၉၈၈ ခုနှစ်မှာ စက်မှုတက္ကသိုလ် ကျောင်းသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား ပြဿနာ ဖြစ်ပွားခဲ့ကြတယ်လို့ လူကြီးသူမတွေ ပြောတာကို တစ်ပိုင်းတစ်စကြားရပါတယ်။ ငယ်သေးတဲ့ အရွယ်မို့လို့ လူကြီးတွေရဲ့အတွေးကို သိခွင့်မရခဲ့ပေမယ့် သူတို့တွေ စိတ်ပူနေတယ်ဆိုတာကိုတော့ နားလည်လိုက်ပါတယ်။

တစ်ညနေမှာတော့ သူငယ်ချင်းတစ်ယောက်နဲ့ဖုန်းပြောနေတုန်း သီချင်းဆိုသံတွေ ကြားလိုက်ရတယ်။ သီချင်းသံ နီးကပ်လာတဲ့အချိန်မှာ သိချင်စိတ်တွေကို တားမရတော့ဘဲ ဖုန်းကိုချ၊ အိမ်အပေါ်ထပ် ဘုရားခန်းရှိရာကို လှေကားထစ်တွေ ခုန်ပျံကျော်နင်းပြီး ပြေးတက်သွားမိပါတယ်။ ဘုရားခန်းရှေ့ လေသာဆောင်ကနေ လှမ်းကြည့်ရင် အိမ်ရှေ့က သစ်ပင်တွေ တန်းနေတဲ့ လမ်းပေါ်ကို မြင်နေရတယ်။
အချုပ်ကားတွေ ဖြတ်မောင်းသွားတာ မြင်လိုက်ရတယ်။ ဘယ်နှစီးဆိုတာ မမှတ်မိပေမယ့် ကားနောက်ခန်း ပြတင်းပေါက် သံတိုင်တွေကို တင်းတင်းဆုပ်ကိုင်ပြီး ပါသွားတဲ့ သူတွေကို မြင်လိုက်ရတယ်။ အဲဒီလူတွေက နိုင်ငံတော်သီချင်းဖြစ်တဲ့ ‘ကမ္ဘာမကြေ’ ကို ဆို့ဆို့နင့်နင့် ဆိုသွားကြတာ အဲဒီလောက် ဝမ်းနည်းကြေကွဲစွာနဲ့ ဆိုပုံမျိုးဟာ နောင်မှာ ထပ်ပြီး မကြားမိသေးတဲ့ အသံမျိုးနဲ့ပါ။


ဒီလူတွေက ကျွန်မသိထားတဲ့ ဆန္ဒပြကျောင်းသားတွေ ဒါမှမဟုတ် သူတို့တွေနဲ့ ပတ်သက်သူတွေပဲ ဖြစ်မှာပဲလို့ ဘယ်သူ့ကိုမှ မေးစရာမလိုတော့ဘဲ သိလိုက်ပါတယ်။ ကျွန်မ မျက်ရည်တွေ ကျခဲ့တာ မှတ်မိပါသေးတယ်။ ကျွန်မရဲ့ မြန်မာနိုင်ငံကြီးကိုကြည့်တဲ့မျက်စိတွေကလည်း လုံးလုံးပြောင်းလဲသွားတယ်။
ယခုဆို ဒီအဖြစ်အပျက်တွေဟာ ၂၈ နှစ်ကြာလာပါပြီ။ ဗုဒ္ခဟူးနေ့ကတော့ နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ လှေကားထစ်အတိုင်း လှမ်းတက်ချိန်မှာ ကျွန်မ ၁ဝ နှစ်သမီးက အဖြစ်အပျက်တွေကို စဉ်းစားနေမိခဲ့ပါတယ်။


စစ်အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ်များစွာ နေခဲ့ရပြီး ဘဝတွေပြောင်းလဲသွားခဲ့ရတဲ့ သန်းပေါင်းများစွာသော မြန်မာပြည်သူများအကြောင်းလည်း တွေးမိပါတယ်။ ကျွန်မလိုပဲ သူတို့လည်း တစ်သက်မှာ ဒီလိုနေ့မျိုးကို ရောက်လာလိမ့်မယ်လို့ ထင်မထားကြသူတွေပါ။
၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးတင်မြှောက်လိုက်တဲ့ အရပ်သား သမ္မတဦးထင်ကျော်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို သတင်းယူဖို့ အလွန်တရာစိမ်းလန်းစိုပြေတဲ့ မြက်ခင်းများစွာနဲ့ အလွန်ကျယ်တဲ့လမ်းတွေလည်း ရှိတဲ့ မြို့တော်သစ်ကြီးကို ကျွန်မရောက်လာတာပါ။ ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် အနီးကပ် အားကိုးရသူတစ်ဦးပါ။
လွှတ်တော်အဆောက်အဦကြီးထဲမှာတော့ အားလုံးက မျှော်လင့်ချက်တွေနဲ့။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ခြေလှမ်းတွေ တက်ကြွလို့နေပါတယ်။ မသိမသာ ကြည့်လိုက်တော့ NLD ကိုယ်စားလှယ်များနဲ့ အမှတ်တရဓာတ်ပုံတွဲရိုက်နေတဲ့ လွှတ်တော်ဝန်ထမ်းတွေ၊ ဖုန်းတွေနဲ့ ဓာတ်ပုံရိုက်နေကြတဲ့ ဝန်ထမ်းတွေကို တွေ့ရပါတယ်။
လွှတ်တော်အစီအစဉ်စဖို့ မိနစ်အနည်းငယ်အလိုမှာတော့ သမ္မတဦးထင်ကျော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပါတယ်။ သူတို့ လွှတ်တော်ခန်းမထဲကို ဝင်သွားချိန်မှာ အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေက ရိုသေသမှုပြုတဲ့အနေနဲ့ မတ်တပ်ရပ်ကြတဲ့အချိန်မှာ ကျွန်မ အရမ်းကို စိတ်လှုပ်ရှားပြီး ရင်ထဲမှာ တဆတ်ဆတ် တုန်ခါသွားခဲ့ရပါတယ်။
မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ ဆယ်စုနှစ် ငါးစုကျော်မှာမှ ပြန်ပေါ်လာတဲ့၊ ကြားခဲ့ရသမျှ အပြောအရ အလွန်တည်ကြည်သူ အရပ်သားသမ္မတနဲ့ အရပ်သားအများစုပါဝင်တဲ့ အစိုးရအဖွဲ့ တက်လာတာကို အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်မဟာ ဦးထင်ကျော်ရဲ့ဖခင်ဖြစ်တဲ့ ကဗျာဆရာကြီး မင်းသုဝဏ်ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး ငယ်စဉ်က သူရဲ့ ကဗျာတွေနဲ့ ကြီးပြင်းခဲ့တာပါ။
ဒါပေမယ့် သတင်းထောက် အနေနဲ့ ကျွန်မမှာ မေးစရာတွေ၊ စိုးရိမ်စရာတွေ၊ အများကြီးရှိနေပါတယ်။ NLD က ကြိုးဆွဲခံသမ္မတတစ်ဦးကို တင်တာ၊ စစ်တပ်က လုပ်ပိုင်ခွင့်တွေ အများအပြား ချုပ်ကိုင်ထားဆဲဖြစ်နေပြီး ဆန္ဒပြတာကိုအကြမ်းဖက်နှိမ်နှင်းမှုတွေနဲ့ ဆက်စပ်နေတဲ့ သဘောထားတင်းမာသူလို့ နာမည်ထွက်သူ ဦးမြင့်ဆွေကို ဒုသမ္မတတစ်ဦးအဖြစ် တင်မြှောက်ခဲ့ပါတာတွေနဲ့ ပတ်သက်လို့လည်း စိတ်ထဲမှာ မတင်မကျဖြစ်နေဆဲပါ။
ရောပြွမ်းနေတဲ့ စိတ်လှုပ်ရှားမှုတွေ
စစ်အစိုးရလက်ထက် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် သမ္မတဖြစ်ခွင့်မရလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်က သူဟာ သမ္မတအထက်မှာ ရှိနေမယ်လို့ ထုတ်ပြန်ကြေညာထားပြီး နိုင်ငံခြားရေး၊ ပညာရေး၊ စွမ်းအင်၊ သမ္မတရုံး ဝန်ကြီးဌာနလေးခုကို ဦးဆောင် သွားပါမယ်။ ဒီလိုလုပ်ဆောင်မှုဟာ လက်တွေ့မှာ ဘာတွေဖြစ်လာမလဲ။
အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်တွေ ခန့်အပ်တာဝန်ပေးတာကစလို့ သမ္မတအိမ်တော်ညစာစားပွဲ သတင်းယူဖို့ မီဒီယာ ရွေးချယ်ဖိတ်ကြားမှုအလယ်၊ NLD ရဲ့ အစိုးရအဖွဲ့ ဖွဲ့တဲ့ကာလအတွင်း ဆုံးဖြတ်ချက်တွေအဆုံး ပွင့်လင်းမြင်သာမှုမရှိပါဘူး။
လူတစ်ဦးတစ်ယောက်တည်းနဲ့ အလွန်အရေးကြီးတဲ့ ဝန်ကြီးဌာန လေးခုစလုံးကို ဘယ်လိုဦးဆောင်မလဲ။ ပါရဂူဘွဲ့အတုတွေယူတယ်လို့ ဝန်ခံထားတဲ့ ဝန်ကြီးတွေရဲ့လက်ထဲ နိုင်ငံနဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပုံအောထည့်လို့ ဖြစ်နိုင်ပါ့မလား။ ဝန်ကြီးအဖွဲ့နဲ့ လွှတ်တော်အကြားမှာ အပြန်အလှန်ထိန်းကျောင်းမှုတွေ မလိုဘူးလား။ အစိုးရအဖွဲ့ထဲမှာ တိုင်းရင်းသားတွေ သည့်ထက်ပိုပြီး မပါနိုင်ရတာ ဘာကြောင့်လဲ။ အစိုးရအဖွဲ့ထဲမှာလည်း ဟိန္ဒူဘာသာဝင်နဲ့ မွတ်စလင်တွေ မပါဝင်ပါဘူး။
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရမယ့် နေရာတွေမှာလည်း အမျိုးသမီးတွေရဲ့ ကဏ္ဍ ဘယ်လိုရှိသလဲ။ မပါဝင်ပါဘူး။ ပြည်ထောင်စုအစိုးရအဖွဲ့မှာ အမျိုးသမီး ဝန်ကြီးတစ်ဦးပဲ ပါပါတယ်။ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်တွေထဲမှာလည်း အမျိုးသမီးနှစ်ဦးပဲ ပါဝင်ပါတယ်။
NLD ရဲ့ ဆုံးဖြတ်ချက်တွေကိုလျှို့ဝှက်ထားခဲ့တာဆိုတော့ သူတို့အစိုးရအဖွဲ့က အနာဂတ်မှာ ဘယ်လောက်အထိ ပွင့်လင်းမြင်သာပြီး ရိုးသားမှုရှိမလဲ။
ကျွန်မကတော့ စာနယ်ဇင်းသမားတစ်ဦးအနေနဲ့ အာဏာပိုင်တွေကို မေးခွန်းထုတ်ဖို့၊ မှားတာတွေထောက်ပြဖို့ တာဝန်ရှိပါတယ်။ NLD နဲ့ ဒီပါတီကို ထောက်ခံသူတွေက ဝေဖန်မှုတွေ အပေါ် ရန်ထောင်ကြပုံကို တွေ့ရတော့လည်း စိတ်မကောင်းဖြစ်ရပါတယ်။
ဒီလိုစဉ်းစားစရာတွေ ခေါင်းထဲမှာ ရောထွေးနေချိန်မှာ လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းက ဒီနေ့လို နေ့မျိုး ကြုံရဖို့ စိတ်တောင်မကူးကြည့်ရဲဘူးဆိုတာကို မေ့သွားဖို့လွယ်ကူပါတယ်။ အဲဒီတုန်းက ဆန္ဒပြကျောင်းသားတွေကို အင်အားသုံးဖြိုခွင်းခဲ့တဲ့အကြောင်း ကျွန်မတို့ သတင်းရေးနေကြတာပါ။ အစိုးရလက်သပ်မွေးထားတဲ့ စွမ်းအားရှင် လူရမ်းကားတွေ ပြန်ပေါ်လာမှာ၊ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေ ခေါင်းထောင်လာမှာကို စိုးရိမ်ခဲ့ပါတယ်။
မကြာသေးခင်ရက်များအတွင်း အစိုးရဟောင်းတာဝန်ပြီးဆုံးခါနီးအထိ အစိုးရအဖွဲ့ဝင်တချို့ရဲ့အပြုအမူဟာ နှာခေါင်းရှုံ့ချင်စရာချည်းပါပဲ။ အစိုးရအပေါ် ဝေဖန်ပြောကြားသူတွေကို ဖမ်းဆီးနှောင့်ယှက်မှုတွေဟာ တားမနိုင် ဆီးမရပါပဲ။ လွှတ်တော်မှာ လာရောက်ဖြေဆိုရှင်းလင်းဖို့ ဖိတ်ခေါ်မှုတွေကို ဝန်ကြီးတွေက မသိကျိုးကျွံ ပြုခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်းကလည်း သူတို့အစိုးရအနေနဲ့ လွှတ်တော်သစ်ကို တာဝန်ခံစရာမလိုလောက်ဘူးလို့ ပြောခဲ့ပါတယ်။ အစိုးရအိမ်ရာတွေကနေ စွန့်ခွာရတော့မယ့် အရာရှိကြီးတွေက အိမ်မှာပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ဖြုတ်ယူသွားကြတယ်လို့လည်း ကြားသိရပါတယ်။
ဗုဒ္ခဟူးနေ့မှာတော့ နိုင်ငံတော်သမ္မတသစ်က မြန်မာနိုင်ငံသစ်အပေါ် သူရဲ့ မျှော်လင့်ချက်တွေ ပြောသွားပါတယ် − ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ပြည်သူတွေရဲ့ လူမှုဘဝပိုမိုကောင်းမွန်ရေးတို့ပါပဲ။
သုံးမိနစ်စာ သူ့ရဲ့မိန့်ခွန်းမှာ အသေးစိတ်ဖော်ပြမှုတွေ မရှိပေမယ့် များပြားတဲ့ မျှော်လင့်ချက် စိတ်ကူးတွေ ပါဝင်ခဲ့ပါတယ်။ ကျွန်မအပါအဝင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား အများအပြား အတွက်ကတော့ တကယ့်သမိုင်းဝင် ဖြစ်ရပ်တစ်ခုပါပဲ။
သတင်းထောက်တွေကတော့ ဦးထင်ကျော်ဟာ သူ့ရဲ့သမ္မတသက်တမ်းအတွင်းမှာ မိန့်ခွန်းတွေကို သည်လိုပဲ တိုတိုတုတ်တုတ် ပြောဖြစ်မယ့် နိမိတ်ပဲလို့ မျှော်လင့်ကာ သဘောကျနေပါတယ်။
အစိုးရနဲ့ လွှတ်တော်အတွက်သာမကဘဲ နှစ်ရှည်လများ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရသော်လည်း မျှော်လင့်ချက်တွေ ကုန်ဆုံးမသွားသေးတဲ့ ပြည်သူတွေ အတွက်တော့ ရှေ့ဆက်ရမယ့် ခရီးဟာ ရှည်နေပါသေးတယ်။
စိတ်ထဲ ဘဝင်မကျချင်စရာတွေရှိနေပေမယ့် မျက်ခြေမပြတ်ကြည့်ရင်း အကောင်းဘက်ကပဲ မြင်ဖို့ တွေးမိပါတယ်။ ကျွန်မတို့နိုင်ငံအနေနဲ့ ဆန့်ကျင်တဲ့သဘောတွေ၊ အပျက်သဘော မြင်ခဲ့တာတွေက များလှပြီလေ။ ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












