သတင်း

စစ်ကောင်စီ၏ သတင်းမီဒီယာနှိပ်ကွပ်မှု ပိုပိုဆိုးလာ

အာဏာသိမ်းမှု သုံးလပြည့်ခါနီးတွင် ကချင်ဒေသအခြေပြု ပုဂ္ဂလိကသတင်းဌာနတစ်ခုဖြစ်သည့် မြစ်ကြီးနား ဂျာနယ်ကို ထုတ်ဝေခွင့်ပိတ်သိမ်းလိုက်သဖြင့် စစ်ကောင်စီလက်ထက် တရားဝင်ရပ်တည်ရန် ဟန့်တားခံရသည့် သတင်းဌာန ခြောက်ခုအထိရှိလာပြီဖြစ်သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီး တစ်လကျော်အကြာ စစ်ကောင်စီက ပထမဆုံး အကြမ်းဖက်စီးနင်းရှာဖွေ၊ ပစ္စည်းများ လုယက်သိမ်းဆည်းခံရသည့် သတင်းဌာနမှာ Myanmar Now ဖြစ်ပြီး နောက်ရက်များတွင် ရန်ကုန်အခြေစိုက်သတင်းဌာနများဖြစ်သည့် Mizzima နှင့် ကမာရွတ်မီဒီယာတို့လည်း အလားတူ ရင်ဆိုင်ခဲ့ရသည်။

မတ် ၉ တွင် Myanmar Now, Mizzima, DVB, 7Day, ခေတ်သစ် စသည့် သတင်းဌာနငါးခု၊ ဧပြီ ၂၉ တွင် ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်တို့ကို  သတင်းထုတ်ဝေခွင့်ပိတ်သိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။  

ထို့အတူ သတင်းထောက်များကိုလည်း စစ်ကောင်စီက ပစ်မှတ်ထားနှိပ်ကွပ်နေရာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ဧပြီလကုန်ပိုင်းအထိ မှတ်တမ်းတင်ထားချက်အရ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံခဲ့ရသည့်  ပြည်တွင်းသတင်းသမား ၈၀ ကျော်ရှိခဲ့သည်။ ၎င်းတို့ထဲမှ အချို့မှာ စစ်ကောင်စီလက်ထက် နာမည်ကျော်ပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲခံထားရသည်။

သတင်းယူစဉ် အဖမ်းခံရသော Myanmar Now သတင်းထောက် မကေဇွန်နွေးသည်လည်း အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရပြီး နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားရန်လှုံ့ဆော်ခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံထားရသည်။

ဖမ်းဆီးခံရသူများထဲမှ AP, BBC ကဲ့သို့သော နိုင်ငံတကာသတင်းဌာနသတင်းထောက်အချို့ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အများစုမှာ ဆက်လက်ထိန်းသိမ်းခံထားရကာ AAPP၏ စာရင်းအရဆိုလျှင် သတင်းသမား ၄၈ ဦး ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့ ပစ်မှတ်ထား ဖမ်းဆီးထားသူတို့ကို မိသားစုနှင့် အဆက်ဖြတ်ထားသည်။ 

ထိန်းသိမ်းခံရသူများအနက် ၈ ဦးမှာ ဖေဖော်ဝါရီတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၂၁ ဦးမှာ မတ်လ၊ ၁၉ ဦးမှာ ဧပြီလတို့တွင် အဖမ်းခံခဲ့ကြရသည်။

မတ်လ ၁ ရက်နေ့ညဘက်တွင် စစ်တပ်နှင့် ရဲက တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ DVB သတင်းထောက် ကိုအောင်ကျော်၏ နေအိမ်သို့ သွားရောက်ပြီး သူ့ကို အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

မန္တလေးမြို့ နေအိမ်၌ ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် VOM သတင်းဌာန၏ အယ်ဒီတာချုပ် ကိုနေမျိုးလင်းဆိုလျှင် မန္တလေးနန်းတွင်း၌ ထိန်းသိမ်းခံထားရကြောင်းသာ ကြားသိရပြီး မည်သည့်အတွက် ဖမ်းဆီးသည်၊ ကျန်းမာရေးအခြေအနေမည်သို့ရှိသည်ကို ရက်သတ္တတစ်ပတ်ကြာသည်အထိ မသိရသေးကြောင်း ၎င်း၏ဇနီးဖြစ်သူ မဇာနည်မာန်က Myanmar Now ကို ပြောသည်။

“မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ၊ အခုထိတော့ ဘာမှမသိရသေးဘူး။ ဖြစ်နိုင်ခြေရှိတာတော့ သတင်းတွေပဲ နေမှာ။ ညီမတို့ တင်တဲ့ သတင်းတွေပဲရှိတာပဲ။ သတင်းတွေကလည်း ပြဿနာတွေကဖြစ်နေတော့ အရမ်းကို ထိန်းပြီးရေးနေရတဲ့ အခြေအနေ၊ ဆန္ဒပြသတင်းတွေပဲ ရှိတော့ ဒါကို ဘယ်လိုကြောင့်လဲဆိုတာတော့ အတိအကျ တပ်အပ်မပြောနိုင်ဘူး”ဟု ၎င်းကပြောသည်။

ကိုနေမျိုးလင်းသည် ပြီးခဲ့သည့်နှစ်ကလည်း AA လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ပြီး ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့်အတွက် ယာယီ ထိန်းသိမ်းခံရသေးသည်။

ကိုနေမျိုးလင်းမတိုင်မီ နေပြည်တော်၌ မတ် ၁၉ တွင် ဖမ်းဆီးခံခဲ့ရသော မဇ္ဈိမသတင်းဌာန အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ဆိုလျှင် စစ်ကြောရေးစခန်းတစ်ခုအတွင်း တစ်ပတ်အကြာ ရိုက်နှက်နှိပ်စက်ခံခဲ့ရသည်အထိ စစ်ကောင်စီက ပြုမူခဲ့ကြောင်း ၎င်း၏ မိဘများက ဆိုကြသည်။

“စစ်ကြောရေးဆိုတာကတော့ ရိုက်မယ်၊ နှက်မယ်၊ စစ်မယ်ပေါ့လေ၊ သူတို့တာဝန်အရ။ ကိုယ့်ထက်မက ပြည်သူတွေတောင် အသက်ပေးနေရသေးတာပဲ၊ ဟုတ်တယ်မို့လား၊ ကိုယ့်သားလေးက အခုဆိုရင် အသက်မသေသေးဘဲနဲ့ သူနိုင်တဲ့ တာဝန်ထမ်းဆောင်ရင်းနဲ့ အခုလိုအခြေအနေကိုပဲ တော်သေးတယ်လို့ တွေးရမှာပဲ”ဟု ၎င်း၏ ဖခင်ဖြစ်သူ ဦးဆန်းလွင်က Myanmar Now ကို ပြောသည်။

ဦးဆန်းလွင်၏ သားဖြစ်သူ ကိုသန်းထိုက်အောင်ကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် တရားစွဲထားပြီးဖြစ်သည်။

စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရသည်မှာ ထုတ်ဝေခွင့်ပိတ်ပင်ခံရသည့် သတင်းဌာနများမှ သတင်းထောက်များသာမက တရားဝင်ရပ်တည်ခွင့်ရှိသေးသူများပါ ပစ်မှတ်ထားခံနေရသည်ဟု ရန်ကုန်မြို့အခြေစိုက်သတင်းထောက်တစ်ဦးက ပြောသည်။

“နဂိုကတည်းက ကင်မရာကိုမြင်တာနဲ့ ရဲတွေက လိုက်ရိုက်တယ်၊ ဖမ်းတယ်။ ကင်မရာထုတ်လို့မရတဲ့ အခြေအနေတောင် ကြုံတွေ့ရတယ်။ ပုန်းရှိုးကွယ်ဝှက်နဲ့ ရအောင် သတင်းယူနေရတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလက်ထက် အင်တာနက်ပိတ်ပင်ခြင်းအပါအဝင် လွတ်လပ်သော ပုဂ္ဂလိကသတင်းမီဒီယာကဏ္ဍရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများမှာ မီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ်ခြင်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းတွင် ပြဋ္ဌာန်းထားသော လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်တို့ကို ချိုးဖောက်ခြင်းသာဖြစ်ကြောင်း အမေရိကန်၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ယနေ့ (မေ ၃) တွင် သဘောထားထုတ်ပြန်ထားသည်။

ထို့အတူ မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မီဒီယာဝန်ထမ်းများအားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလွတ်လပ်ခွင့် ပျိုးထောင်ရန်နှင့် အင်တာနက်ပိတ်ဆို့မှုများအားလုံးကို ရပ်ဆိုင်းရန်ကိုပါ အဆိုပါနိုင်ငံများက ထည့်သွင်းတောင်းဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ UNESCO ရုံးကလည်း အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ရက်မှစ၍ သတင်းထောက်များသည် စစ်ကောင်စီ၏ ပစ်မှတ်ဖြစ်လာကြောင်း ယနေ့(မေ ၃)တွင်ပင် သတိပေးထားသည်။

အာဏာသိမ်းပြီး နှစ်လအကြာတွင် အမေရိကန် CNN သတင်းဌာနကို လုံခြုံရေးအပြည့်ပေးပြီး သတင်းယူခွင့်ပြုခဲ့သော်လည်း ပြည်တွင်းသတင်းမီဒီယာသမားကိုမူ ယနေ့အထိ လိုက်လံဖမ်းဆီးနေဆဲဖြစ်သည်။

နိုင်ငံရေးသမားများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါ၀င်နေသူများနည်းတူ အများပြည်သူ သတင်းသိရှိစေရန် ဆောင်ရွက်နေသော သတင်းသမားအများအပြားသည်လည်း ဖမ်းဆီးခံရခြင်းမရှိစေရန် လုံခြုံမည်ဟု ယူဆရသည့် နေရာတွင် နေထိုင်နေကြသည်။

Show More

Related Articles

Back to top button