သတင်း

စစ်တပ်ထုတ်ကုန်များကို အရှိန်မြှင့်သပိတ်မှောက်ရန် NUG ပန်ကြား

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပြည်တွင်းအရေးယူပိတ်ဆို့မှုဖြစ်သည့် စစ်တပ်ပိုင်ကုန်ပစ္စည်းများမသုံးစွဲရေးလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ပြီး ထိုလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပန်ကြားလိုက်သည်။

စစ်တပ်ပိုင်လုပ်ငန်းများ၊ စစ်တပ်နှင့် ဆက်စပ်နေသည့် စီးပွားရေးလုပ်ငန်းများ၏ အမည်ပျက်စာရင်းအသေးစိတ်ကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ပြီး ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ပေးကြရန် NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

“ပြည်သူ့ဘက်က Sanction (အရေးယူပိတ်ဆို့မှု) ကို အရှိန်ထက်ပြီးတော့ မြှင့်နိုင်အောင် ကျွန်တော်တို့ ပြုစုနေတာ ရှိပါတယ်။ မကြာခင်မှာ အဲဒီကုန်ပစ္စည်းအမည်စာရင်းတွေကို ရှင်းရှင်းလင်းလင်း၊ တိတိကျကျနဲ့ ကျွန်တော်တို့ ပြည်သူကို အသိပေးကြေညာသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်သည့် ဆန္ဒပြပြည်သူများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းပြီးနောက် စစ်တပ်ပိုင်လုပ်ငန်းများကို ပြည်ပနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ခဲ့သည်။ ပြည်တွင်းတွင်လည်း စစ်တပ်ပိုင် ကုန်ပစ္စည်းများမသုံးစွဲရေးလှုပ်ရှားမှုသည် ကျယ်ပြန့်လာခဲ့ပြီး စစ်တပ်၏ ဘဏ္ဍာငွေစီးဆင်းမှုကို ထိခိုက်စေခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ အရေးယူပိတ်ဆို့မှုများ ထပ်မံတိုးမြှင့်နိုင်ရန် ကြိုးပမ်းနေပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်သည့် ပြည်တွင်းပိတ်ဆို့မှုမှာ စစ်တပ်၏ ဝင်ငွေကို တိုက်ရိုက်ထိခိုက်စေသည့်အတွက် အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်နေသည်ဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

“ပြည်သူဘက်ကလည်း အရင်လိုပဲ ဒီတော်လှန်ရေးအောင်မြင်အောင် ဒီကုန်ပစ္စည်းတွေကို လုံးဝမသုံးစွဲဘဲနဲ့ လိုက်ပါပြီးတော့ ကျွန်တော်တို့နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သူတို့ သေချာပေါက် မျက်ဖြူဆိုက်ပြီးတော့ နောက်ဆုံးပိတ် လစ်သွားမှာပါပဲ” ဟု ၎င်းက ပြောသည်။

စစ်တပ်ပိုင်ကုန်ပစ္စည်းများမသုံးစွဲရေးလှုပ်ရှားမှုမှာ ပြည်သူလူထုကြားထဲတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေသည်မှာ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းကပင်ဖြစ်သည်။

စစ်တပ်ပိုင်ကုန်ပစ္စည်းများမသုံးစွဲရေးလှုပ်ရှားမှုကို တက်ကြွလှုပ်ရှားသူ လူငယ်များဦးဆောင်ပြီး မသုံးစွဲရမည့် ကုန်ပစ္စည်းအမည်စာရင်းကို ပြည်သူလူထုကြားတွင် လိုက်လံဝေငှသည့် လှုပ်ရှားမှုကို စစ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာပင် စတင်နိုင်ခဲ့သည်။

စစ်တပ်ထုတ်ကုန်များကို မသုံးစွဲရန် အဓိကလှုံ့ဆော်သည့်အခါတွင် မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Red Ruby ဆေးလိပ်တို့ ပါဝင်လေ့ရှိသည်။  

စင်ကာပူအခြေစိုက် RMHS နှင့် စစ်တပ်၏ MEHL တို့ ပူးပေါင်းထုတ်လုပ်သော စီးကရက်အား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ- Myanmar Now) 

NUG က ထုတ်ပြန်မည့် အမည်ပျက်စာရင်းတွင် ဘိလပ်မြေ၊ သံချောင်း၊ သွပ် စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပြင် ဓာတ်ဆီနှင့် ဒီဇယ်၊ စားသုံးဆီနှင့် အဖျော်ယမကာပစ္စည်းများပါ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမည် ဖြစ်သည်။

အခြေခံလူတန်းစားပြည်သူအများစုမှာ စစ်တပ်ပိုင်လုပ်ငန်းများ၏ ကုန်ပစ္စည်းများကို မသုံးစွဲလိုကြသော်လည်း ကျယ်ကျယ်ပြန့်ပြန့်မသိရှိသည့်အတွက်ကြောင့် သုံးစွဲမိနေသည့် ကုန်ပစ္စည်းများလည်း ရှိနေသည်ဟု စစ်တပ်ပိုင်ပစ္စည်းများမသုံးစွဲရေးလှုပ်ရှားမှုကို ဦးဆောင်နေသူ လူငယ်တစ်ဦးက ပြောသည်။

ထို့ကြောင့် NUG အစိုးရအနေဖြင့် အင်တာနက်စာမျက်နှာများတွင်သာမကဘဲ အောက်ခြေပြည်သူများအထိ စစ်တပ်ပိုင်ကုန်ပစ္စည်းများ၏ အမည်ပျက်စာရင်း သိရှိနိုင်အောင် ကြိုးပမ်းသွားရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။    

“ဒါတွေကို မဝယ်သုံးကြဖို့အတွက်နဲ့ ညွှန်ကြားချက်ထုတ်မယ်။ အမည်မဲစာရင်းထုတ်ပြန်မယ်ဆိုရင် လက်လှမ်းမမီတဲ့ ပြည်သူတွေကို ဒါတွေကို မသုံးဖို့ တိုက်တွန်းဖို့ ညွှန်ကြားစေချင်တယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့အပါအဝင် စစ်တပ်နှင့် ဆက်စပ်နေသည့် လုပ်ငန်းများနှင့် စီးပွားရေးမလုပ်ရန် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၅ က ထုတ်ပြန်ထားသည်။

စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ စစ်တပ်ဖက်စပ်လုပ်ငန်းများနှင့် စီးပွားရေးဆက်ဆံမှုများ ပြုလုပ်နေခြင်းမှာ စစ်တပ်ကို ငွေကြေးထောက်ပံ့ရာရောက်ပြီး “အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေများ ချိုးဖောက်မှုတို့အပေါ် ပံ့ပိုးဖြည့်ဆည်းပေးသူ (သို့မဟုတ်) ထိုပြစ်မှုတို့နှင့် ဆက်နွှယ်သူအဖြစ် သတ်မှတ်ခံရနိုင်ခြေများသည်” ဟု ထိုအစီရင်ခံစာက ဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် EU သည်လည်း နိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးမှု၊ အကူအညီပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ပြန်သုံးသပ်ပြီး စီမံကိန်းအားလုံးကို ဧပြီ ၅ တွင် ရပ်ဆိုင်းခဲ့သည်။  

စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းမြန်မာစစ်တပ်၏ အဓိကဝင်ငွေရလမ်း စီးပွားရေးလုပ်ငန်းအင်ပါယာကြီးနှစ်ခုဖြစ်သော မြန်မာစစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်သည့် MEC နှင့် မြန်မာ့စီးပွား​ရေး ဦးပိုင်လီမိတက် (MEHL) တို့ကို အမေရိကန်နှင့် ဗြိတိန်တို့က အမည်ပျက်စာရင်းသွင်းခဲ့သည်။ 

အမေရိကန်အနေဖြင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တစ်ဦးချင်းစီကို ပစ်မှတ်ထားအရေးယူမှု၊ ပတ်သက်ဆက်နွှယ်သူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပိတ်ဆို့အရေးယူခြင်းအပြင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ်ရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည့် တပ်မ ၃၃ နှင့် တပ်မ ၇၇ တို့ကိုလည်း အရေးယူခဲ့သည်။

တပ်နှင့်ဆိုင်သော ထုတ်ကုန်များကို သပိတ်မှောက်ရန် အာဏာသိမ်းမှုဆန့်ကျင်ရေးအင်အားစုက တိုက်တွန်းနေမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။

ယခင်ကလည်း တပ်က ထူထောင်ထားသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ထွက်ပေါ်လာသော အကျိုးအမြတ်ကို စစ်တပ်က လူ့အခွင့်အရေးချိုးဖောက် အနိုင်ကျင့်ရာတွင် အသုံးပြုနေသည် ဟု နိုင်ငံတကာက ဝေဖန်ခဲ့ကြသည်။

ထိုဝေဖန်ချက်ကို တပ်က လက်မခံပေ။ အကျိုးအမြတ်ကို တပ်မိသားစုဝင်များ သက်သာချောင်ချိရေးအတွက်သာ သုံးသည်၊ နိုင်ငံတကာအဖွဲ့များ၏ ရည်ရွယ်ချက်ရှိရှိ စွပ်စွဲချက်သာဖြစ်သည်ဟု ပြန်လည်တုံ့ပြန်လေ့ရှိသည်။

Show More

Related Articles

Back to top button