သူခိုးဓားပြထက်ဆိုးသောရန်သူနှင့် ကံတူကြမ္မာတူ မိသားစုဝင်သုံးဦး

နှစ်သစ်ကူးအပြီး တစ်လမပြည့်မီမှာတင် စမ်းချောင်းမြို့နယ်၏ ပထမဆုံးသော လူသေဆုံးရသည့် မီးလောင်မှုတွင် ကံဆိုးခဲ့သူတို့မှာ စိတ်သဘောကောင်းသည့် မိသားစုဝင်သုံးဦးဖြစ်သည်ဟု ပတ်ဝန်းကျင်က ဆိုသည်။

Published on Jan 23, 2019
မီးလောင်ခဲ့သည့်နေအိမ်ကို တာဝန်ရှိသူများက မီးငြိမ်းသွားပြီးနောက်ပိုင်း စစ်ဆေးကြည့်ရှုနေစဉ် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)
မီးလောင်ခဲ့သည့်နေအိမ်ကို တာဝန်ရှိသူများက မီးငြိမ်းသွားပြီးနောက်ပိုင်း စစ်ဆေးကြည့်ရှုနေစဉ် (ဓာတ်ပုံ - ကေဇွန်နွေး/Myanmar Now)

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းမပေါ် ကျိုက်လတ်လမ်းမရောက်မီ ပေ ၆၀ ခန့်အကွာကတည်းက သစ်သား ညှော်နံ့တို့က လှိုင်လှိုင်ထနေသည်။ ထိုနေရာက ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲက အုတ်ခံ ပျဉ်ထောင် နှစ်ထပ်အိမ် အောက်ထပ်ရှိ ‘ငွေတောင်’လက်ဖက်ရည်ဆိုင်မှ ဆိုင်ဖွင့်ရန် မီးဖိုနေစဉ် ဂတ်အိုးပေါက်ကွဲမှုနှင့်အတူ တစ်အိမ်လုံး မီးလောင်ပြာကျသွားရသည့်နေရာဖြစ်သည်။

ထိုထက်ဆိုးသည်က အဆိုပါဆိုင် အပေါ်ထပ်တွင် ရှိနေသည့် မိသားစုဝင် သားအမိသားအဖ သုံးဦးလုံး မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်သည်။

သေဆုံးသွားသူများသည် အဆိုပါအိမ်၏ အိမ်ရှင်များဖြစ်ကြသည့် အသက် ၇၄ နှစ်အရွယ် ဦးမြခိုင်၊ ၎င်း၏ဇနီး အသက် ၈၄ နှစ်အရွယ် ဒေါ်မြမြနှင့် သမီးဖြစ်သူအသက် ၃၈ နှစ်အရွယ် မစိုးစိုးတို့ဖြစ်ကြောင်း မစိုးစိုး၏ အမြွှာညီအစ်မ မစိမ့်စိမ့်က Myanmar Now ကိုပြောသည်။

“ကျွန်မက သင်္ဃန်းကျွန်းမြို့နယ်မှာ နေတဲ့သူ။ မီးလောင်တယ်သတင်းကြားလို့ ကျွန်မရောက်တော့ တစ်အိမ်လုံး မီးလောင်ပြီးသွားပြီ။ ကျွန်မအဖေ၊ အမေနဲ့ အမြွှာညီမလေး (စုစုပေါင်း) သုံးယောက် မီးထဲပါသွားတာ ဟုတ်ပါတယ်။ လက်ဖက်ရည်ဆိုင်က အလုပ်သမား နှစ်ယောက်လည်း ခြေထောက်ကျိုးဒဏ်ရာရသွားတယ်။ အဓိက လှေကားက မီးအရင်လောင်တဲ့ပုံစံမျိုးဆိုတော့။ သူတို့အလောင်းကိုတွေ့ရှိတဲ့အချိန် ကျွန်မအထင် သူတို့မီးလောင်တာမှာ အိပ်ရာထဲကတောင် ထဖို့မမီလိုက်ဘူးထင်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ နှစ်ထပ်အိမ်ဘေးရှိ ထပ်ခိုးပါသည့် သုံးထပ်တိုက်၏ အခန်းတချို့ပါ မီးလောင်ခံလိုက်ရသည်။

“ကျွန်တော်တို့လမ်းမျက်နှာချင်းဆိုင်ပေါ့။ အိမ်ပိုင်ရှင်ဦးလေးနဲ့ သိပ်ခင်တာ။ သူ့သမီး အမြွှာအကြီးမလေးလည်း သေတယ်။ အင်္ဂလိပ်စာကျူရှင်ပေးနေတဲ့ကောင်မလေး။ တစ်မိသားစုလုံး သိပ်သဘောကောင်းရှာတာ။ အေးအေး ဆေးဆေး နေတဲ့မိသားစု။ အိမ်ပိုင်ရှင် ဦးမြခိုင်ဟာလေဖြတ်နေလို့ မီးမလောင်ခင် တစ်ရက်က ဆေးရုံကဆင်းလာတာ။ ကံပါပုံများ ပြောပါတယ်။ စမ်းချောင်းမီးလောင်လို့ လူသေဆုံးမှုများတာ ၁၉၈၀ ခုနှစ်များက ကျွန်းတောလမ်းနဲ့ ဗားကရာလမ်းထောင့် လူလေးယောက်သေခဲ့ရပြီးနောက် ဒါအများဆုံးပဲ၊ ကျွန်တော်သိသလောက်ပေါ့”ဟု ယခုမီးလောင်သည့်အနီးတွင် နေထိုင်သည့် ကိုဖိုးလမင်းက ၎င်း၏ facebook တွင် ရေးထားသည်။

ယခုမီးလောင်မှုသည် ယခုနှစ်အတွင်း စမ်းချောင်းမြို့နယ်၌ ပထမဆုံးသော မီးလောင်မှုဖြစ်သလို လူသေဆုံးမှု အထိပါ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ အဓိကဖြစ်ရသည့်အကြောင်းအရင်းက ဂတ်စ်ယိုစိမ့်နေသည်ကို မသိဘဲ မီးမွှေးလိုက်သည့်အတွက်ကြောင့် စတင်မီးလောင်ခဲ့ပြီး ဂတ်စ်အိုးများပေါက်ကွဲမှုကြောင့် ဤမျှမီးကြီးသွားခဲ့ခြင်း ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်ဝင်းသန်းက ပြောသည်။

မီးလောင်ပြီး သုံးမိနစ်အကြာတွင် သတင်းရရှိပြီး တစ်မိနစ်အတွင်း အဆိုပါနေရာသို့ မီးသတ်ကားတစ်စီးအမြန်ဆုံး စေလွှတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုအဆင့် (၂) အဖြစ် သတ်မှတ်ကာ သန္ဓေ မီးသတ်အင်အား ၂၁၈ ယောက်၊ မီးငြှိမ်းသတ်ရေးယာဉ် ၂၈ စီး၊ အထောက်အကူပြုယာဉ် ၉ စီး၊ အုပ်ချုပ်မှုယာဉ် ၈ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ် အတွင်း မီးညွန့်ကျိုးသွားသည်ဟု သူကဆိုသည်။

“အဓိကကတော့ ဂတ်စ်အိုးပေါက်တာပဲ။ အိမ်ကလည်း သစ်သားပျဉ်ထောင်အိမ်ဖြစ်တော့ လောင်စာတွေချည်းပဲ။ အဲ့ဒါကြောင့် မီးလောင်တာ မြန်ဆန်သွားတယ်။ ကြောင်ရော၊ ခွေးရော ပြေးမလွတ်လိုက်ဘူး။ အဲဒီတိရစ္ဆာန်တွေရဲ့ မီးလောင်တဲ့ရုပ်အလောင်းတွေကို ကျွန်တော်တို့တွေ့ရတယ်။ သေဆုံးသူ သုံးဦးလုံးရဲ့ အလောင်းကိုတော့ ကျွန်တော်တို့ အောက်ထပ်မှာပဲတွေ့ရတာပါ” ဟု သူက ဆက်ဆိုသည်။

ယခုမီးလောင်မှုဖြစ်စဉ်အတွက် မီးစတင်မွှေးသူဟု ယူဆရသည့် အဆိုပါ လက်ဖက်ရည်ဆိုင်မှ အလုပ်သမား ကိုအောင်သူကို ယာယီသံသယရှိသူအနေဖြင့် မီးမတော်တဆ ပေါ့ဆမှုဖြစ်သည့် ပုဒ်မ ၂၈၅ အပြင် လူသေဆုံးမှုပါ ဖြစ်ပွားခဲ့သည့်အတွက် ပုဒ်မ ၃၀၄(က) တို့ဖြင့်ပါ အမှုဖွင့်ဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်ဦးစီးအရာရှိက အတည်ပြုသည်။

မီးလောင်ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၇၇ သိန်း ၅ သောင်းရှိသည်ဟု ၎င်းက ပြောသည်။

ဂတ်စ်အိုးနှင့်သစ်သားအိမ်

မီးလောင်ခဲ့သည့်အိမ်သည် အပေါ်ထပ်နှင့် အောက်ထပ် ဆက်သွယ်ထားသည့် လှေကားက အတွင်းဘက် တွင်သာရှိနေခြင်း၊ အောက်ထပ်မီးလောင်သည့်အခါ လှေကားမီးလောင်သွားခြင်းကြောင့် ယခုလို လူသေဆုံးခဲ့ရသည်အထိ ဆိုးသွားခဲ့ခြင်းဖြစ်မည်ဟု အိမ်နီးနားချင်းများက သုံးသပ်ကြသည်။

ဂတ်စ်အိုးပေါက်ကွဲသံကြောင့် တစ်ဖက်လမ်းထိပ်တွင် ဆိုက်ကားဂိတ်ထိုးနေချိန် အခင်းဖြစ်ရာနေရာသို့ ပြေးသွားသည့်အခါ အောက်ထပ်တစ်ခုလုံး မီးလောင်နေပြီး အနားမကပ်နိုင်ကြောင်း၊ လက်ဖက်ရည်ဆိုင်အတွင်းရှိသူများကို အပြင်သို့ ထွက်ပြေးရန်အော်ဟစ်ပြီး အဆိုပါမီးလောင်သည့် အိမ်ဘေးတိုက်ရှိ လက်ဖက်ရည်ဆိုင်အတွင်းရှိ ဂတ်စ်အိုးများကို အပြင်သို့ ထုတ်ရာတွင် ဝိုင်းကူခဲ့ခြင်းဖြင့် မီးမကူးစက်အောင် ရပ်ကွက်နေ ပြည်သူများက ကာကွယ်ခဲ့ရကြောင်း ပန်းတနော်လမ်းထိပ်တွင် ဆိုက်ကားနင်းသူ ကိုအောင်ကိုကိုက ပြောသည်။

“အပေါ်မှာ လူတွေရှိသေးတယ်လို့ ဆိုင်ထဲက အလုပ်သမားတွေက ပြောလို့ ကျွန်တော်တို့ ပြန်သွားသေးတယ်။ မီးက တအားပြင်းနေတော့ ကျွန်တော်တို့ ဘယ်လိုမှ သွားကယ်ထုတ်လို့မရခဲ့ဘူး။ အနားတောင်ကပ်လို့မရခဲ့ဘူး” ဟု သူဆိုသည်။

ထို့အပြင် အဆိုပါမီးလောင်သည့် လက်ဖက်ရည်ဆိုင်ရှေ့တွင် ကားရပ်နားထားသူ ကိုသူရမျိုးကလည်း ဂတ်စ်အိုး ပေါက်ကွဲသံကို မိမိတို့ ဝါးခယ်မလမ်းအတွင်းရှိအိမ်မှ ကြားလိုက်ရသဖြင့် ဝရံတာသို့ ပြေးထွက်ကြည့်ရာ ကားရပ်ထားသည့် နေရာတွင် မီးလုံးကြီး တက်လာသည်ကို မြင်တွေ့ရသဖြင့် ကားသော့ဆွဲကာ အိမ်အောက်သို့ ပြေးဆင်းသွားပြီး ကားနား ရောက်သည့်အခါ မိမိ၏ကားတံခါးကိုပင် လက်ဖြင့်ဆွဲမဖွင့်နိုင်သဖြင့် ပုဆိုးကိုခုကာ ဆွဲဖွင့်ပြီး မီးလွတ်ရာနေရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု ပြောသည်။

မီးလုံးကြီး ကောင်းကင်ပေါ်သို့ တက်လာသည်ကို မြင်တွေ့ရသည့်အချိန်နှင့် မိမိကားနားရောက်သည့်အချိန်သည် အလွန်ဆုံးရှိမှ နှစ်မိနစ်မျှသာကြာနိုင်ကြောင်း၊ ကားကို မီးလွတ်ရာသို့ရွှေ့ပြောင်းပြီး ပြန်လာကြည့်ချိန်တွင် တစ်အိမ်လုံးက မီးဝါးမျိုနေပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်ကားနားရောက်တော့ ကားတံခါးက တော်တော်ပူနေပြီ။ မီးလောင်တဲ့အိမ်အရှေ့မှာရှိတဲ့ အင်တာနက် ကွန်ရက်ကြိုးတွေက မီးဒဏ်ကြောင့် ကော်တွေပျော်ပြီး အောက်ကိုမီးပွားလို တစက်စက်ကျနေတာ။ ကားတံခါးကို ပုဆိုးနဲ့ကိုင်ဖွင့်ပြီး အထဲဝင်လိုက်တော့ ကားထဲမှာတင်အပူရှိန်တော်တော်ပြင်းပြီး မီးခိုးတွေ တော်တော်မွှန်နေတာ” ဟု သူက ဆိုသည်။

မီးလောင်သည်ဟု သိသိချင်း မည်သည့်ပစ္စည်းမှ ယူဆောင်သွားနိုင်ခြင်းမရှိပဲ ကိုယ်လွတ်ထွက်ပြေးကြရသည်ဟု အိမ်နီးနားချင်းများက ပြောကြသည်။

“ကျွန်မတို့လည်း ကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့တာပဲ။ နောက်ကိုပြန်လှည့်မကြည့်နိုင်ဘူး။ မီးဆို ကတည်းက အိပ်ရာကထပြေးရတာ။ ဘယ်လိုတွေဆက်ဖြစ်တယ် ကျွန်မတိတိကျကျ  မမြင်လိုက်ရဘူး။ မီးက ဒီလောက်အထိ ဖြစ်သွားတာကတော့ ဂတ်စ်အိုးနဲ့ သစ်သားအိမ်ဖြစ်တာကြောင့် သူတို့ခမျာ အခုလို သေဆုံးရတဲ့အထိ ဖြစ်သွားတာလို့ ယူဆရတာပဲ” ဟု မီးလောင်သည့်အိမ်ဘေးဘက်ကပ်လျက်တိုက်တွင် နေထိုင်နေသည့် အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။

ဂတ်စ်သုံးတယ်။ ဒါပေမဲ့ မီးသတ်ဆေးဘူးမရှိဘူး

စမ်းချောင်းမြို့နယ်အတွင်း ယခုလို ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလောင်မှု ဖြစ်ပျက်ခဲ့သော်လည်း တချို့နေအိမ်များတွင် မီးဖိုချောင်တွင် ဂတ်စ်အိုးသာအသုံးပြုပေမယ့် မီးသတ်ဆေးဘူးဆောင်ထားခြင်းမရှိဟု ဝါးခယ်မလမ်းတွင်နေထိုင်သည့် ကိုသူရမျိုးက ပြောသည်။

ထို့အပြင် စမ်းချောင်းမြို့နယ်တွင်သာမက ရန်ကုန်မြို့ရှိ တချို့တိုက်ခန်းများတွင် နောက်ဘေးအရေးပေါ်လှေကားများ မပါရှိခြင်း၊ ပါရှိပါကလည်း တော်တော်များများမှာ ပျက်စီးနေခြင်းက မိမိတို့အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်ရသည်ဟု သူက ဆက်ပြောသည်။

“ဟုတ်ပါတယ်။ ကျွန်တော့်အိမ်မှာလည်း ဂတ်စ်သုံးတယ်။ ဒါပေမဲ့ မီးသတ်ဆေးဘူးမရှိပါဘူး။ နောက်ဖေး လှေကားဆိုလည်း ဆွေးပြီးပျက်နေပြီ” ဟု သူကဆိုသည်။

မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် ဆိုင်များ၊ လုပ်ငန်းများတွင် ဂတ်စ်အသုံးပြုမှုကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း နေအိမ်များတွင် ဂတ်စ်အိုးအသုံးပြုလျှင် မီးသတ်ဆေးဘူးဆောင်ထားရန် စီမံချက်ဆောင်ရွက်နေသည်က လေးလကျော်ရှိပြီဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်အတွက် ဟောပြောပွဲများလည်း ပြုလုပ်ခဲ့သော်လည်း အိမ်တိုင်းတွင် မီးသတ်ဆေးဘူး မဆောင်ထားလျှင် အရေးယူရန်အခက်အခဲရှိနေကြောင်း စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကျော်ဝင်းသန်းက ပြောသည်။

နောက်ဖေးလှေကားမှအစ မီးဘေးအန္တရယ်အတွက် မိမိတို့အိမ်တွင် ကြိုတင်ကာကွယ်မှုကို တစ်ဦးချင်းစီ၏ အသိစိတ်ဖြင့် ပြင်ဆင်ထားသင့်ကြောင်း၊ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီအနေဖြင့်လည်း မိမိတို့၏ မူဝါဒများ၊ ဥပဒေများနှင့်ချိန်တွယ်ကာ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ရန် လိုအပ်သည်ဟု စမ်းချောင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က သုံးသပ်သည်။

ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာဌာနမှ ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သလို သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်သင့်သည်ဟု ၎င်းက ဆိုသည်။

“အဓိက ရပ်ကွက်ဆိုင်ရာ အုပ်ချုပ်ရေးအပိုင်းပဲဗျ။ ဆယ်အိမ်မှူးတွေကအစ ကိုယ့်အပိုင်တွေမှာ ကာကွယ်ရေးအပိုင်းကို ထိရောက်စွာ ဆောင်ရွက်ဖို့လိုတယ်။ ရန်ကုန်မြို့ရဲ့ တိုက်ခန်း၊ အိမ်ခန်းတွေဆိုတာလည်း တစ်ဦးချင်းစီ ပိုင်ဆိုင်မှု ဖြစ်နေတော့ အားလုံးစုပေါင်းမှ လုပ်လို့ရမယ့်အနေအထားမျိုး။ ဒါ့ကြောင့် စည်ပင်ကော်မတီအနေနဲ့ မြို့ပြဆိုင်ရာ မူဝါဒတွေကို ပြန်သုံးသပ်ဖို့လိုတယ်။ ပြည်သူကလည်း ပူးပေါင်းဖို့လိုတယ်။ တစ်ဦးချင်းစီနဲ့ဆိုင်သလို ဒေသအုပ်ချုပ်ရေး ခိုင်မာမှုရှိအောင်လုပ်ဖို့လည်း လိုတယ်” ဟု ဦးသော်တာအောင်က ပြောသည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading