သတင်း

မြင်းခြံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီတပ်က ခိုးယူလုယက်နေ

အာဏာသိမ်းစစ်ကောင်စီတပ်သည် မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်နှင့် ကျေးရွာများရှိ အိမ်များတွင် ခိုးယူလုယက်လျက်ရှိနေကြောင်း ကာယကံရှင်များနှင့် သတင်းအချက်အလက်စုဆောင်းသည့် တက်ကြွလှုပ်ရှားသူ ဒေသခံများက ပြောသည်။

ယမန်နေ့ ဧပြီ (၂၅) နံနက် ၅ နာရီခွဲခန့်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက နာရေးကူညီမှုအသင်းတွင် လုပ်ကိုင်သူ ဦးသက်နိုင်အောင်၏ အိမ်ကို တံခါးမကြီးဖျက်၍ ဝင်ရောက်ကာ တစ်အိမ်လုံးကို ဖျက်ဆီးပြီး စုဆောင်းထားသည့်  ခေတ်ဟောင်းပိုက်ဆံများ၊ ရှေးဟောင်းပစ္စည်းများ၊ အသုံးအဆောင်များကို ယူဆောင်သွားသည်။ 

“ဗိုလ်ချုပ်ပိုက်ဆံတွေ၊ စံလင်းမောင်ကောင်းပိုက်ဆံတွေ၊ ဆိုင်ကယ်စီးဦးထုပ်၊ မျက်မှန်တွေ ဘာမှ မကျန်ဘူး။ ရေခဲသေတ္တာထဲက အချိုရည်တွေရော အဲယားဒရိုင်ရာ (ဆံပင်ခြောက်စက်) မိတ်ကပ်ဘူးကအစ အကုန်ယူသွားတာ။ ဘာမှ မကျန်ဘူး” ဟု ပစ်သတ်ခံရသူတို့၏ ရုပ်အလောင်းများ လိုက်လံကောက်ယူသည့် ပရဟိတသမား ဦးသက်နိုင်အောင်က ပြောသည်။

ရှေးဟောင်းကြွေပြားစေ့များ၊ ရှမ်းစော်ဘွားကိုင်သည့် ရှေးဟောင်းဓားများ၊ ရှေးဟောင်းရုပ်သေးရုပ်၊ ပန်းပုရုပ်၊ ရွှေတိုရွှေစများနှင့် ဆန်အိတ်အပိုင်း ၇ လုံး၊ အဝေးကြည့်မှန်ပြောင်းများ၊ ရှေးခေတ်ကြေးအိုးနှင့် ဓာတ်ဆီသုံး၍ ထမင်းချက်သည့် ပစ္စည်း၊ ရွှေမန်းတင်မောင် မိတ်ကပ်လိမ်းသည့် ငွေဖလား စသည့် ရှေးဟောင်းပစ္စည်းများစွာကို ယူဆောင်သွားကြောင်း ကာယကံရှင် ဦးသက်နိုင်အောင်က ပြောသည်။

“မကျေနပ်ဘူးပေါ့ဗျာ။ သူတို့ လူမိအောင်ဖမ်းလေ။ ပစ္စည်းတွေ ယူစရာအကြောင်း မရှိဘူးလေ။ ကျွန်တော် အနှစ်နှစ်အလလက စုဆောင်းခဲ့တာ။ ကာလပေါက်ဈေးက ၂၀၀ လောက် တန်ပေမဲ့လို့ သိန်းတစ်ထောင်လောက်ပေးလည်း မရောင်းနိုင်တဲ့ ပစ္စည်းတွေ။ ကျွန်တော်တို့ မြတ်နိုးတဲ့ ပစ္စည်းတွေ မယူသင့်ဘူး” ဟု ၎င်းက ပြောသည်။

ကားတစ်စီးကိုလည်း ထုနှက် ဖျက်ဆီးသွားသည်ဟု ဆိုသည်။  

နာရေးကူညီမှုအသင်းတစ်ခုတွင် လုပ်ကိုင်နေသည့် အသက် ၄၈ နှစ်အရွယ် ဦးသက်နိုင်အောင်သည် နိုင်ငံတော်ဆူပူရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ခံရပြီး ရှောင်တိမ်းနေရသူဖြစ်သည်။

ဇနီးဖြစ်သူ၏ မိဘများလက်ထက်ကတည်းက ထိန်းသိမ်းထားသော ရှေးဟောင်းပစ္စည်းများနှင့် ၎င်းကိုယ်တိုင်စုဆောင်းထားသည့် ပစ္စည်းများဖြစ်ကြောင်း ဦးသက်နိုင်အောင်က ပြောသည်။

“လိုချင်လို့ ယူသွားတာ ပြန်ရမယ်လို့ မထင်ဘူး။ ကျွန်တော် ရအောင်ပြန်လိုက်ဖို့ တပ်မတံဆိပ်တွေတော့ မှတ်ထားတယ်။ တပ်မ ၉၉ လို့ ပြောတယ်။ အချိန်ကောင်းသွားရင်တော့ တရားစွဲပြီးတော့ ပြန်တောင်းမှာ” ဟု ၎င်းက ဆိုသည်။

ထိုနေ့တွင်ပင် အမှတ် ၁၇ ရပ်ကွက်ရှိ တစ်နိုင်တစ်ပိုင် ဆီလုပ်ငန်းလုပ်ကိုင်‌သော နေအိမ်တစ်အိမ်သို့လည်း စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေ၍ ဆီပုံးများနှင့် မြေပဲဆံများ ယူဆောင်သွားသည်ဟု အနီးအနားတွင် နေထိုင်သူ မျက်မြင်သက်သေတစ်ဦးက ပြောသည်။ 

နေအိမ်ပိုင်ရှင်များမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊  လက်နက်ကိုင်တို့က နေအိမ်အတွင်းမှ ပစ္စည်းများ သယ်ထုတ်သွားသည်ကို တွေ့ရကြောင်း အမည်မဖော်လိုသည့် မျက်မြင်သက်သေက ပြောသည်။ 

“ကားနှစ်စီးစာ သယ်သွားတယ်။ ဆီပုံးတွေ မြေပဲဆံတွေ။ (ပိုင်ရှင်က) ဆီစက် ဆုံဆည်စက်တွေနဲ့ စီးပွားရေးလုပ်ငန်းအသေးစားလေး တစ်နိုင်တစ်ပိုင်လုပ်တာ” ဟု မျက်မြင်က ပြောသည်။

ထို့အပြင် လင့်ကြီးအုပ်စု၊ ကျွန်းဦးရွာနေ ကျေးရွာအုပ်စု NLD ပါတီဥက္ကဋ္ဌ နေအိမ်ရှိ ရွှေထည်နှင့် ပစ္စည်းများလည်း လုယက်ခံရသည်။

အသက် ၅၇နှစ်အရွယ် ဥက္ကဋ္ဌ ဧပြီ ၂၃ က ၎င်း ယာခင်းထဲ ရှိနေစဉ် စစ်သားများ ရွာသို့ ရောက်လာကြောင်း၊ ၎င်းကို ရှာဖွေနေကြောင်း သတင်းကြိုရသဖြင့်  ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က ၎င်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာတွင် သမီးသုံးဦး၏ နားကပ် သုံးရံ၊ လက်စွပ်တစ်ကွင်း၊ ဆွဲကြိုးတစ်ကုံးနှင့် ပိုက်ဆံ ကျပ်တစ်သိန်းခွဲ ယူဆောင်သွားကြောင်း၊ စစ်သားများ ရွာထဲသို့ ဝင်လာချိန်တွင် နေအိမ်ရှိ မိသားစုများလည်း ရှောင်ပြေးနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“လူမရှိဘဲနဲ့ လာရောက်ပြီး မွှေနှောက်ပြီးတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ခိုးတယ်ပြောမလား၊ လုတယ်ပြောရမလား မသိဘူး။ ဒလန်တွေရဲ့ မကောင်းမှုကြောင့်လို့ ကျွန်တော်က ထင်တာပေါ့ဗျာ။ တရားဥပဒေမဲ့ ဘာမှ အပြစ်မရှိတဲ့ လူတစ်ယောက်ကို လာရောက်ပြီး ဒီလိုလုပ်တာတော့ ဘယ်လိုလုပ် ကျေနပ်နိုင်ပါ့မလဲ။ မတရားအနိုင်ကျင့်တယ်လို့ ယူဆတာပေါ့” ဟု ၎င်းက ဆိုသည်။

ထိုရက်တွင်ပင် သာပေါင်းအုပ်စု၊ အနိမ့်ရွာသို့လည်း စစ်တပ်က ည ၁၁ နာရီခန့်တွင် ဝင်ရောက်ကာ ဆိုင်တစ်ဆိုင်မှ ကော်ဖီထုပ်များ၊ ဝိုင်ပုလင်း အလုံး ၂၀၊ လေးသောင်းကျော်တန် ဖိနပ်တစ်ရန်၊ ကတ္တီပါဖိနပ်တစ်ရန်နှင့် တိုလီမုတ်စပစ္စည်းများ ယူဆောင်သွားကြောင်း ထိုဆိုင်တွင် လုပ်ကိုင်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာတော့ တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်မွှေနှောက်ရှာတာပဲ။ တွေ့တာ ယူသွားတာပဲ” ဟု လုံခြုံမည့်နေရာ၌ တိမ်းရှောင်နေရသူက ပြောသည်။

မြင်းခြံတွင် စစ်ကောင်စီတပ်၏ လုယက်မှုသတင်းများ စဉ်ဆက်မပြတ်ကြားသိရကြောင်း မြင်းခြံလူထုလှုပ်ရှားမှု သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

“ပစ္စည်းတွေ ခိုးယူတယ်ဆိုတာလည်း တိုင်းရင်းသားတွေဘက်မှာ လုပ်တယ်ဆိုတာ မျက်ဝါးထင်ထင် မမြင်ရဘူး။ ခုတော့ ပြည်မမှာ ရှိတဲ့ ဗမာလူမျိုးတွေကိုယ်တိုင်ပဲ ဖြစ်နေပြီဆိုတော့ ဒါမျိုးက စစ်ကောင်စီလက်ပါးစေ တပ်သားတွေရဲ့ အသွေးထဲအသားထဲမှာရှိတဲ့ လုပ်ရပ်လို့တောင် ထင်မိတယ်”

မြင်းခြံမြို့နယ်အတွင်း ဖမ်းဆီးရန် ကြိုးပမ်းမှု၊ လုယူမှုရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း အခြားမြို့နယ်များအတွင်း စစ်ကောင်စီတပ်များ ဝင်ရောက်ဖမ်းဆီးခြင်း၊ လုယူခြင်း ရုပ်သံမှတ်တမ်းများတွင် လက်နက်ကိုင်အင်အား အများအပြားအသုံးပြုထားသည်ကို တွေ့နိုင်သည်။

မြင်းခြံမြို့ ရပ်ကွက်ကျေးရွာများအတွင်း နေအိမ်တချို့ကို ဝင်ရောက်စီးနင်းသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့က ပစ္စည်းများ ခိုးယူလုယက်သည်ဟူသော ကာယကံရှင်များ၊ မျက်မြင်သက်သေများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီပြန်ကြားရေးဌာနနှင့် ဆက်သွယ်၍ မရသေးပေ။

ခိုးယူ လုယက်သည်၊ မတရားမှုများ လုပ်ကိုင်သည်ဟူသော အမှုများအတွက် စစ်ကောင်စီက နာမည်ပျက်နေသော်လည်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် စစ်ကောင်စီခေါင်းဆောင်များ ဘာသာရေးလုပ်ကိုင်နေပုံ၊ စစ်သားများက လှူဒါန်းနေပုံသတင်းများ ဖော်ပြထားသည်ကို တွေ့ရသည်။

Show More

Related Articles

Back to top button