ပဋိပက္ခများ၊ ကုမ္ပဏီကြီးများကြောင့် ကချင်ဒေသမြေယာပြဿနာ ပိုမိုကြီးထွားလာ

မြစ်ကြီးနားမြို့၊ နောင်ချိန်းကျေးရွာက ကချင်လယ်သမားတွေက အာဏာပိုင်တွေနဲ့ မြေယာအမှု ရင်ဆိုင်နေကြပါတယ်။ ဒေသခံတွေက သူတို့ပိုင်တယ်ဆိုတဲ့ မြေနေရာတွေဟာ စားကျက်မြေတွေသာဖြစ်တယ်လို့ အာဏာပိုင်တို့က ဆိုပါတယ် (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)
မြစ်ကြီးနားမြို့၊ နောင်ချိန်းကျေးရွာက ကချင်လယ်သမားတွေက အာဏာပိုင်တွေနဲ့ မြေယာအမှု ရင်ဆိုင်နေကြပါတယ်။ ဒေသခံတွေက သူတို့ပိုင်တယ်ဆိုတဲ့ မြေနေရာတွေဟာ စားကျက်မြေတွေသာဖြစ်တယ်လို့ အာဏာပိုင်တို့က ဆိုပါတယ် (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

ဝိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ် (Myanmar Now) - ဒေါ်လာလောင်ဒေါင်နန်က ၂ဝ၁၅ ဧပြီလရဲ့ နောက်ဆုံးနေ့ကို မှတ်မှတ်ရရရှိ နေပါသေးတယ်။

ကုလသမဂ္ဂစီမံကိန်းတစ်ခုကြောင့် သူတို့မိသားစုရထားတဲ့ နှစ်ဧက အကျယ် မြေကွက်ရှေ့မှာ အဲဒီနေ့က ရပ်နေပြီး ရွာထဲကထွက်လာမယ့် လူတွေကို စောင့်ကြည့်နေတာပါ။ အဲဒီလူတွေကို အာဏာပိုင်တွေက လွှတ်လိုက်တာဖြစ်ပြီး သူစိုက်ထားတဲ့ ရာဘာပျိုးပင်တွေဆီကို ကျွဲနွားဝင်မလာအောင် ကာထားတဲ့ သံဆူးကြိုးစည်းရိုးကို ဖျက်မယ့်သူတွေပါ။

“သူတို့ ရောက်လာတော့ ကျွန်မက တစ်ရွာတည်းသားတွေမို့ အဲဒီလိုမလုပ်ဖို့ တားပါသေးတယ်” လို့ သူက ပြန်ပြောပြနေစဉ်မှာပဲ သူရဲ့ ခနော်ခနဲ့ ဝါးအိမ်လေးရဲ့ ကြမ်းပြင်ပေါ်မှာ သူ့လိုပဲ မကျေမနပ်ဖြစ်နေတဲ့ အခြား လယ်သမားသုံးဦးလည်း ရှိနေပါတယ်။ သူ့တောင်းပန်စကားကို ခြံစည်းရိုး ဖျက်ဖို့လာသူတွေက အရေးမလုပ်ပါဘူး။ နောက်တစ်နေ့ မနက်မှာတော့ စားကျက်ကို ရောက်လာတဲ့ တိရစ္ဆာန်တွေလက်ချက်ကြောင့် ၁၁ လသားအရွယ် ရာဘာပင်ပေါက်တွေ ပြားပြားဝပ်သွားပါတော့တယ်။

ဒေါ်ဒေါင်နန်၊ သူ့ခင်ပွန်းနဲ့ နောင်ချိန်းရွာသား ၁၆ ယောက်တို့ဟာ ကျေးရွာအာဏာပိုင်တွေနဲ့ တရားတဘောင်ဖြစ်ခဲ့ပါတယ်။ ရွာသားတွေက ဒီနေရာတွေကို သူတို့နေရာပြောပေမယ့် ကျေးရွာလူကြီးတွေကတော့ ဒီနေရာတွေဟာ စားကျက်မြေ ဧက ၁,၆ဝဝ ထဲမှာ ပါတယ်လို့ ဆိုတယ်။ နောင်ချိန်းရွာဟာ မြစ်ကြီးနားကနေ မော်တော်ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင် မိနစ် ၄ဝ လောက် ကြာပါတယ်။

သူတို့ရဲ့ မြေကွက်တွေကို စားကျက်မြေအဖြစ် ပြောင်းပစ်ဖို့ သက်ဆိုင်ရာက လာရောက်တိုင်ပင် အသိပေးတာလည်း မရှိခဲ့ဘူးလို့ ရွာသားတွေက ဆိုပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုရဲ့ ငှက်ပျောစိုက်ခင်းအတွက် ဒီမြေဧက ၃ဝဝ ကို အာဏာပိုင်တွေက ငှားရမ်းဖို့ လုပ်ဆောင်တာဖြစ်တယ်လို့လည်း သူတို့က ယုံကြည်နေကြတာပါ။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆာရော်ဟောင်ခေါင်ကတော့ သူတို့အနေနဲ့ မြေသိမ်းတာမဟုတ်ဘဲ ဥပဒေအရ လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ Myanmar Now ပြောပါတယ်။ သူ့အဆိုက ရွာသားတွေပြောတာနဲ့ ကွဲလွဲနေပါတယ်။ တရုတ်တွေက ဖရဲစိုက်ခင်းအတွက် မြေဧက ရဝ ကိုပဲ အသုံးပြုမှာလို့ သူက ပြောပါတယ်။ ဒီအစီအစဉ်က တစ်ရွာလုံးအလုပ်အကိုင်ရမှာ ဖြစ်ပေမယ့် ဆန္ဒပြမှုတွေကြောင့် ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့၊ ရွှေအိုက်ရွာမှာလည်း ဒေသခံတွေက သူတို့ရဲ့ မြေယာဆုံးရှုံးမှုတွေအကြောင်း ပြောပြပါတယ်။

ရွာသစ်ကို ရွှေ့ပြောင်းဖို့ ငြင်းဆန်သူကို တရားစွဲမယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ကြောင်း ရွာသားတွေက ဆိုပါတယ်။ ကောလိပ်ကျောင်းအဆောက်အဦတစ်ခု အတွက် မြေဆုံးရှုံးရတယ်လို့ ပြောဆိုသူတွေလည်း ရှိပါတယ်။ တကယ်မဆောက်ဖြစ်တဲ့ ဆက်သွယ်ရေးတိုင်အတွက် နေရာဖယ်ပေးလိုက်ရတယ်လို့ ပြောလာတဲ့ ၆၅ နှစ်အရွယ် ဒေသခံတစ်ယောက် အပါအဝင် လူတချို့ကတော့ စစ်တပ်ကို ပြစ်တင်ကန့်ကွက်ပါတယ်။

၂ဝ၁၅ ဒီဇင်ဘာလအတွင်းက အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Land in Our Hands က မြန်မာပြည်အနှံ့အပြား ကျေးရွာပေါင်း ၃၂၉ ရွာက ဒေသခံ ၂,၅ဝဝ ကျော်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး စာတမ်းတစ်စောင် ထုတ်ခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ မြေသိမ်းခံရမှု ရှမ်းပြည်နယ်ပြီးရင် ကချင်ပြည်နယ်မှာ ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အထိန်းအကွပ်မဲ့ မြေသိမ်းမှုများ

“ကချင်ပြည်နယ်မှာ မြေသိမ်းမှုတွေ ဘယ်လောက်အထိ ဖြစ်နေလဲဆိုရင် မြေလွတ်ဆိုတာ မရှိတော့သလောက်ပဲ။ ဒေသခံရွာသားတွေအနေနဲ့လည်း မပြောရဲရှာဘူး။ မြေမဲ့ယာမဲ့တွေ အခုအများကြီးဖြစ်နေပြီး အများစုဟာ အသက်ရှင်ဖို့ ရုန်းကန်နေရတယ်” လို့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါ်ဘောက်ဂျာက Myanmar Now ကို ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတို့ အခွင့်အရေးတွေ ဆုံးရှုံးနေရသလို လူတစ်သိန်းကျော်ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရပါပြီ။

ငြိမ်းချမ်းရေးရတဲ့အချိန် နေရပ်ရင်း ပြန်တဲ့အခါ စိုက်ပျိုးမြေတွေ ပြန်ရပါ့မလားဆိုပြီး စိုးရိမ်ပူပန်နေသူ အများအပြား ရှိပါတယ်။ သူတို့က တပ်မတော်ကို မြေသိမ်းမှုတွေပြုလုပ်တယ်လို့ စွပ်စွဲကြပါတယ်။ တပ်မတော်က ဒေသတွင်း အင်အားအလုံးအရင်းနဲ့ တပ်စွဲမှု၊ တိုင်းရင်းသားလူနည်းစုတွေကို ဖိနှိပ်မှု၊ သဘာဝရင်းမြစ်တွေကို အတိုင်းအတာမရှိ ထုတ်လုပ်မှု အစရှိတဲ့ စစ်အစိုးရခေတ် ပြဿနာတွေကလည်း ဆက်လက်တည်ရှိနေပါတယ်။

မြေယာအငြင်းပွားမှုပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ကချင်ပြည်နယ်အတွင်း တည်ငြိမ်မှုကို ထိခိုက်စေနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်တဲ့ အစိုးရသစ်နဲ့ လွှတ်တော်သစ်က လက်ရှိ အခြေအနေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြသူတွေက အများအပြားပါပဲ။

“NLD အနေနဲ့ မျှမျှတတနဲ့ အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ နောင်ချိန်းကျေးရွာဒေသခံတွေကို ကူညီပေးနေတဲ့ ကချင်ပြည်နယ် လယ်သမားများကွန်ရက်မှ ဦးလဖိုင်ဇော်တောင်က ပြောပါတယ်။

“လယ်သမားအများစုက စစ်တပ်က သိမ်းလိုက်တဲ့ လယ်တွေကို ပြန်မတောင်းရဲဘူး၊ နောက်အစိုးရလက်ထက်မှာ ဒီကိစ္စတွေကို တောင်းဆိုနိုင်မလားလို့ စောင့်ကြည့်ရမှာပဲ” လို့ သူက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအတွက် အရေးပါတဲ့ မြေယာ

မြေယာပိုင်ဆိုင်မှုနဲ့ အသုံးပြုပုံ အပြောင်းအလဲတို့ဟာ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတို့နဲ့အတူ ပေါ်ပေါက်လာတဲ့ အကြောင်းအရာတစ်ခုပါ။ အခြေခံအဆောက်အဦကဏ္ဍ၊ ဖွံ့ဖြိုးရေး သို့မဟုတ် စိုက်ပျိုးရေးစီမံကိန်းကြီးတွေအတွက် မြေယာပိုင်ရှင်အပြောင်းအလဲဖြစ်လာပြီး မြေသိမ်းမှုများအပေါ် မကျေနပ်မှုတွေ၊ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပါတယ်။

မြန်မာနိုင်ငံက လုပ်သားအင်အား ရဝ ရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံး ဂျီဒီပီရဲ့ ၄၄ ရာခိုင်နှုန်းအထိရှိတဲ့ စိုက်ပျိုးရေးကဏ္ဍမှာ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းနဲ့ ပါဝင်နေတယ်လို့ အတိုင်ပင်ခံ လုပ်ငန်းတစ်ခုဖြစ်တဲ့ McKinsey & Co. အဖွဲ့က ဆိုပါတယ်။

နိုင်ငံရှိ မြေအားလုံးကို အစိုးရက ပိုင်ဆိုင်ပြီး လယ်သမားများအနေနဲ့ မြေယာအသုံးပြုပိုင်ခွင့်၊ ထွန်ယက်ခွင့်သာ ရရှိထားတာပါ။ ၅၁ သန်းသော ပြည်သူတွေထဲမှာ လူများစုဖြစ်နေတဲ့ လယ်သမားတွေအတွက် မြေယာကိစ္စဟာ အကဲဆတ်ဖွယ် အခြေအနေ ဖြစ်လာပါတယ်။

လက်တွေ့အခြေအနေမှာတော့ ဒီအခွင့်အရေးတွေအပေါ်မှာ လေးစားမှုမရှိသလို မြေသိမ်းခံရမှုကနေလည်း ကာကွယ်ပေးမထားပါဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။
2015 Land in Our Hands စာတမ်းအတွက် ပါဝင်ဖြေဆိုသူ ၄၂ ဒသမ ၉ ရာခိုင်နှုန်းကတော့ သူတို့မှာ အစိုးရက ထုတ်ပေးထားတဲ့ မြေယာပိုင်ဆိုင်မှုစာရွက်စာတမ်း ရှိပါလျက်နဲ့ မြေသိမ်းခံရတာလို့ ဆိုကြပါတယ်။

ဒီလိုမြေယာအငြင်းပွားမှု ပြဿနာဟာ တိုင်းရင်းသားဒေသတွေမှာ ပိုပြီး ကြီးမားတယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့ လူဦးရေ ၃ဝ ကနေ ၄ဝ ရာခိုင်နှုန်းခန့်ဟာ တိုင်းရင်းသားလူနည်းစုတွေ ဖြစ်ပြီး တိုင်းရင်းသား ပြည်နယ်တွေဟာ တစ်နိုင်ငံလုံး အကျယ်အဝန်းရဲ့ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။

မြန်မာနိုင်ငံက လက်ရှိမြေယာပြဿနာဟာ တိုင်းရင်းသားဒေသက တိုက်ပွဲတွေနဲ့လည်း ဆက်စပ်နေတယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် Transnational Institute က မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ စာတမ်းတစ်စောင်မှာ ဖော်ပြထားပါတယ်။

“မြေယာပိုင်ဆိုင်မှု ပြဿနာဟာ ပြည်တွင်းစစ်ဖြစ်ပွားရခြင်းရဲ့ အဓိကကြောင်းရင်းဖြစ်ပြီး ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေဦးနေဦးမှာပါ” လို့ အဆိုပါ စာတမ်းမှာ ဖော်ပြထားပါတယ်။

အင်အားကြီး ယုဇနကုမ္ပဏီကို မြေသိမ်းမှုနဲ့ တရားစွဲခဲ့ပေမယ့် နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့ရတဲ့ ကချင်ပြည်နယ်ရဲ့ အမျိုးသားဒီမိုကရက်တစ် အင်အားစုပါတီ ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာကလည်း ဒီစာတမ်းကို ထောက်ခံပါတယ်။

“မြေသိမ်းပြဿနာတွေ မရှင်းနိုင်ရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ပါဘူး” လို့ သူက ပြောပါတယ်။

သေနတ်နဲ့ အုပ်ချုပ်ရေး

တက်ကြွလှုပ်ရှားသူများဖြစ်တဲ့ ဒေါ်ဘောက်ဂျာ၊ ဦးဇော်တောင်တို့က ရွာသားတွေ ကိုယ့်ကိုယ်ကိုယ် အားကိုး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေးအတွက် သူတို့ရဲ့ ရပိုင်ခွင့်တွေကို နားလည်အောင် ပညာပေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်မှုအတွက် အချိန်ယူဖို့လိုအပ်ပါတယ်။

ရွှေအိုက်ရွာသားတွေဖြစ်တဲ့ ၆၅ နှစ်အရွယ် ဒေါ်အားတီ၊ ၄၅ နှစ်အရွယ် ဦးရိုင်မြော်တို့ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူတို့ရွာကို စစ်တပ်အကြီးအကဲတစ်ယောက်လာပြီး အစည်းအဝေးလုပ်တုန်းက တုန်လှုပ်ထိတ်လန့်ခဲ့ရတာကို သတိရနေတုန်းပါ။

“ကျွန်တော်တို့နေထိုင်တဲ့ နေရာကနေ ဖယ်ပေးဖို့ မပြောခင် သူက ခါးကြားက ပစ္စတိုကို စားပွဲပေါ်အရင်တင်လိုက်တယ်။ ပြီးတော့ ခင်ဗျားတို့ထဲက ဘယ်သူ ဘာပြောစရာရှိသေးလဲ လို့ မေးတော့ ကျွန်တော်အရမ်းကြောက်သွားတယ်” လို့ ဦးရိုင်မြော်က ပြန်ပြောပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်ကစပြီး စိတ်ဓာတ်တက်ကြွလာကြောင်း ပြောပါတယ်။ ဒေါ်ဘောက်ဂျာအကူအညီနဲ့ ဒီပြဿနာကို ဗဟိုအစိုးရအာဏာပိုင်များထံ စာရေးတင်ပြခဲ့ ပြီးနောက် သူတို့နေအိမ်နဲ့ လယ်ယာများကို ပြန်ရခဲ့ပါတယ်။

“ကျွန်မကတော့ အလျှော့မပေးနိုင်ဘူး။ ဒါက ကျွန်မပိုင်တဲ့နေရာပါ” လို့ ဒေါ်အားတီက ပြောပါတယ်။ ဒေါ်အားတီဟာ ၁၉၈၂ က စပြီး သူပိုင်ဆိုင်ခဲ့တဲ့ စိုက်ပျိုးရေးခြံကနေ ဖယ်ပေးဖို့ ၂ဝဝ၆ မှာ ဖိအားပေးခံရသူပါ။ တပ်မတော်က ဆက်သွယ်ရေးတိုင် ထူမယ်လို့ ဆိုပေမယ့် ယခုအချိန်အထိ ဘာတိုင်မှ လာမစိုက်ကြောင်း ပြောပါတယ်။

မြေသိမ်းခံရမှုတွေက နိုင်ငံရေးအရပါ အငြင်းပွားဖွယ်ရာဖြစ်နေတာကြောင့် လွှတ်တော်က မြေယာစုံစမ်းရေးကော်မရှင်ကို ၂ဝ၁၂ မှာ စတင်ဖွဲ့စည်းပြီး ဒီပြဿနာတွေကို စုံစမ်း စစ်ဆေးခဲ့ပါတယ်။

“ကော်မရှင်စဖွဲ့ပြီး နှစ်နှစ်မပြည့်ခင်မှာပဲ အမှုပေါင်း ၃ဝ,ဝဝဝ ကျော် ရောက်လာပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံကို စစ်ဆေးရပါသေးတယ်။ လျော်ကြေးငွေ ပေးဖို့ ဆုံးဖြတ်လိုက်တာက ၄ ရာခိုင်နှုန်းလောက်ပေါ့ ၊ အမှု ၁,ဝဝဝ ထက် နည်းပါတယ်” လို့ မြေယာအခွင့်အရေး နိုင်ငံတကာ NGO အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ Namati က ထုတ်ပြန်ချက်တစ်စောင်မှာ ရေးထားပါတယ်။
NLD အစိုးရသစ်အနေနဲ့ ရွေးကောက်ပွဲ ကတိကဝတ်မှာပါပြီးဖြစ်တဲ့ မြေယာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးမယ်၊ မြေယာလုပ်ပိုင်ခွင့် ခိုင်မာမှုနဲ့ မြေယာမဲ့တွေကို အကူအညီပေး မယ်ဆိုတဲ့ အချက်တွေကို တည်တံ့အောင် လုပ်ဆောင်မယ်လို့ ပြည်သူအများအပြားက ယုံကြည်ထားကြပါတယ်။

ပါတီရဲ့ လုပ်ငန်းစဉ်ထဲမှာ လယ်သမားတွေ တရားမဝင် ဆုံးရှုံးလိုက်ရတဲ့ လယ်တွေ ပြန်ရဖို့၊ မြေယာအမှန်တကယ် ဆုံးရှုံးမှုတွေ အတွက် လျော်ကြေးတွေပြန်ရဖို့နဲ့ နောက်ထပ် ဒီလို မြေယာသိမ်းမှုတွေ မဖြစ်အောင်လို့ ကာကွယ်ပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒေါက်တာခွန်ဝင်းသောင်းဟာ NLD ရဲ့ ကချင်ပြည်နယ် မဲဆန္ဒနယ် (၁၁) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ သူဟာ တိရစ္ဆာန်ကုသရေးဆရာဝန်တစ်ဦးဖြစ်ပြီး ၁၉၈၈ လူထုလှုပ်ရှားမှုအပြီး အလုပ်ကနေ ထုတ်ပယ်ခံလိုက်ရပြီး ထောင်ငါးနှစ်ကျခဲ့ပါတယ်။ သူလုပ်ခဲ့ရတဲ့ လုပ်ငန်းသဘောသဘာဝအရ လယ်သမားတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကောင်းကောင်း နားလည်တယ်လို့ ဆိုပါတယ်။

“တောင်သူလယ်သမားတွေဆိုတာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေပါ။ သူတို့ ခံစားနေရတာတွေကို နားလည်ပါတယ်။ ဒီမြေယာသိမ်းခံရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။

ဒေါ်ဒေါင်နန်နဲ့ သူ့ခင်ပွန်း ဦးခန်ဖန်တို့ကတော့ သူတို့မြေတွေမှာ ပြန်ပြီး စိုက်ပျိုးဖို့ ပြင်ဆင်နေသလို ဒီမြေတွေကို စားကျက်မြေဆိုပြီး ပြန်အသိမ်းမခံရအောင် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။ စားကျက်မြေတွေမှာ နှစ်ရှည်ပင်တွေစိုက်ဖို့ ခွင့်မပြုဘူးဆိုတဲ့ အာဏာပိုင်တွေရဲ့ ညွှန်ကြားချက် ရှိတာကြောင့် ဒီတစ်ကြိမ်မှာတော့ စပါးစိုက်မယ်လို့ ဆိုပါတယ်။

“ဒီလို မကန့်ကွက်ရင် ကျွန်တော်တို့မြေတွေအားလုံး တရုတ်ကုမ္ပဏီလက်ထဲကို ရောက်သွားလောက်ပြီ” လို့ ဦးခန်ဖန်က တစ်ချိန်ကသူပိုင်ခဲ့တဲ့ မြေကွက်ရဲ့ ခြံစည်းရိုးတိုင်ပေါ်မှာ လက်ကို တင်ရင်း ပြောလိုက်ပါတယ်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading