ဆောင်းပါး

မြို့ပေါ်ရောက်လာသည့် စစ်ကောင်စီ၏ ခိုးဆိုးလုနှိုက်ယန္တရား

စစ်အာဏာသိမ်းပြီး ၄၂ ရက်မြောက်နေ့ မတ်လ ၁၄ ညနေခင်းတွင် ရန်ကုန်၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်း၌ အိမ်ပြန်ရန် ဘတ်စကားစောင့်နေသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးအနီး Hijet ကားတစ်စီး ရောက်လာသည်။ ကားပေါ်မှ လူတစ်ဦးက လမ်းကြုံလိုက်ရန်ခေါ်ရာ လူငယ်က ငြင်းဆန်လိုက်သော်လည်း ကားပေါ်မှ လူတစ်ဦးဆင်းလာပြီး ‘မင်း မသေချင်ရင်လိုက်ခဲ့’ ဟု ပြောဆိုကာ ၎င်းအား ဓားဖြင့်ထောက်၍ ကားပေါ် ခေါ်တင်သွားသည်။

ကားပေါ်တွင် ၎င်းနှင့်အတူ လက်ထိတ်ခတ်ခံထားရသူ အခြားတစ်ဦးလည်းရှိနေပြီး များမကြာမီ အဝတ်မဲဖြင့် မျက်နှာအုပ်ခံလိုက်ရသည်။ ထိုညက ရဲစခန်းတစ်ခု၏ အချုပ်ခန်း၌ ချုပ်နှောင်ခံခဲ့ရသည်ဟု ၎င်းက ပြောသည်။ 

နောက်တစ်နေ့တွင် ယင်းလူငယ်လွတ်မြောက်ရေးအတွက် ၎င်း၏မိသားစုက Wave Money မှတစ်ဆင့် ရဲများထံ ငွေသုံးသိန်းကျပ် လွှဲပေးခဲ့ရသည်။ အခြားလူငယ်လေးဦးကိုလည်း မိသားစုဝင်ထံမှ ဖုန်းဝင်လာသည်ဆိုကာ အချုပ်ခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ခေါ်ထုတ်သွားရာ ၎င်းကဲ့သို့ ငွေညှစ်ခံရသူများဖြစ်နိုင်ကြောင်း အဆိုပါလူငယ်က ပြောသည်။

အရပ်သားများ ၂၄ နာရီ ဖမ်းဆီး၊ ပစ်သတ်ခံနေရချိန်တွင် ပြည်သူကို အကာအကွယ်ပေးရန် တာဝန်ရှိသည့် ရဲနှင့် စစ်သားတို့သည် အာဏာသိမ်းပြီးနောက် ဖမ်းဆီး၊ သတ်ဖြတ်မှုများကိုသာမက ခိုးဆိုးလုနှိုက်မှုများကို မြို့ကြီးမြို့ငယ်များတွင် ဆက်တိုက်ကျူးလွန်နေကြသည်။

စစ်အာဏာသိမ်းထားသည်မှာ ရက်ပေါင်း ၈၀ ပြည့်ခဲ့ပြီဖြစ်သည်။ ပြည်သူတို့၏ အာဏာဖီဆန်ရေးလှုပ်ရှားမှုများနှင့် အနည်းနည်းအဖုံဖုံ ဆန့်ကျင်မှုများကြောင့် စစ်ကောင်စီ၏ ယန္တရားများ ကောင်းကောင်းမလည်ပတ်နိုင်သေးပေ။ သို့သော် တစ်စတစ်စ အမြစ်တွယ်ကြီးထွားလာနေသည်က ၎င်းတို့၏ ခိုးဆိုးလုနှိုက်ယန္တရားပင် ဖြစ်သည်။

ခိုးဆိုးလုနှိုက် ပြစ်မှုများ

ဖေဖော်ဝါရီ ၂၆ ရက်နေ့က စစ်ကောင်စီခန့်အပ်သည့် အုပ်ချုပ်ရေးမှူးကို ပြည်သူများကန့်ကွက်သည့် တာမွေမြို့နယ်၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်သို့ ရောက်သွားပြီး အကြမ်းဖက်ဖြိုခွင်းသော လက်နက်ကိုင်တို့က လမ်းဘေးစျေးသည်တစ်ဦး၏ ပလာတာများကို လုယူခဲ့သည့်ဖြစ်ရပ်သည် ပြည်သူများအကြား လှောင်ရယ်စရာဖြစ်ခဲ့သည်။ “ပြည်သူ့ပလာတာ ပြည်သူ့ပြန်ပေး” ဟု တချို့က နောက်ပြောင်အော်ဟစ်ခဲ့ကြသည်။ 

ထိုနေ့မတိုင်မီကတည်းက ရဲနှင့် စစ်သားများသည် ဆန္ဒပြပွဲဖြိုခွင်းစဉ် စားစရာ၊ သောက်ရေပုလင်းတို့ လုယူနေသည့် မှတ်တမ်းဓာတ်ပုံ၊ ရုပ်သံတို့မှာ အွန်လိုင်းလူမှုကွန်ရက်သို့ ရောက်လာသည်။ 

မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်တွင် ရဲများက တက္ကစီယာဉ်မောင်းတစ်ဦးထံမှ ဖုန်းလုယူခဲ့ကြသည်။ ဖမ်းဆီးခံရသည့် ဆန္ဒပြသူတို့ အချုပ်ကားထဲမရောက်ခင် လမ်းပေါ်တွင် တာဝန်ကျသော စစ်သား၊ ရဲတို့က လက်ကိုင်တယ်လီဖုန်း လုယူထားမှုနှင့် ကြုံတွေ့ရတတ်သည်။

စစ်ကောင်စီလက်နက်ကိုင်များအား ရန်ကုန်မြို့တွင် မတ် ၃၁ က တွေ့ရစဉ်။ (ဓာတ်ပုံ- EPA)

မတ် ၁၈ တွင် ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ ကျေးရွာအချို့တွင် ငွေသား၊ ရွှေထည်လက်ဝတ်ရတနာ၊ ကင်မရာ၊ ဖုန်း၊ အိမ်အသုံးအဆောင်ပစ္စည်း၊ စားစရာများ လုယူကြသည်။ ထိုနေ့ ဧရာဝတီနှင့် VOA တို့၏ သတင်းဖော်ပြချက်များအရ လက်နက်ကိုင်တို့သည် ဘုရားကြီးစံပြကျေးရွာတွင် နေအိမ်တစ်ခုမှ အထက်ပါပစ္စည်းများ သိန်း ၁၀၀ ကျော်ဖိုး၊ အခြားနေအိမ်တစ်ခုမှ ကျပ် သိန်း ၄၀ ခန့် တန်ဖိုးရှိပစ္စည်းများ၊ ဇီးဖြူကုန်းကျေးရွာတွင် ငွေကျပ် ၁၅ သိန်း လုယူခဲ့သည်ဟု သိရသည်။

မတ် ၂၁ တွင် ရန်ကုန်၊ လှိုင်မြို့နယ်တွင် ဖြိုခွင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ရုံးခန်းတစ်ခုကို ဝင်စီးကာ လူများကို ရိုက်နှက်ပြီး ကျပ် သိန်း ၇၀ ခန့်နှင့် iPhone 12 အပါအဝင် လက်ကိုင်ဖုန်း ငါးလုံးကို လုယူသွားခဲ့သည်။ 

eSIM ထည့်ထားသော iPhone 12 ကို မှောင်ခိုစျေးကွက်တွင် ၇ သိန်းဖြင့် ပြန်ဝယ်ရသည်ဟု ပိုင်ရှင်ဖြစ်သူ ၂၈ နှစ်အရွယ် အမျိုးသားက ပြောသည်။

“ပြောကို မပြောချင်တော့ပါဘူး။ ဝင်လာတာနဲ့ (တံခါး)ဖွင့်ပေးရင်ပေး၊ မဖွင့်ပေးရင်လည်း အတင်းဝင်လာတာဆိုတော့ အိမ်ထဲမှာနေလည်း လုံခြုံမှုမရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီလက်နက်ကိုင်များသည် ပြည်သူများဝေဖန်နေသကဲ့သို့ ဓားပြအဆင့်သာ ရှိတော့သည်ဟူသော အချက်ကို မတ်လဆန်းပိုင်းမှစ၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် ဗိုလ်ကြီးထွန်းမြတ်အောင်ကလည်း ငြင်းဆန်ခြင်း မရှိပေ။

“တခြားအစိုးရဝန်ထမ်းတွေမှာလည်း (အကျင့်ပျက်ခြစားမှု)အများကြီးရှိတယ်။ စစ်တပ်မှာ တစ်ခုကွာသွားတာက သူတို့မှာ သေနတ်တွေရှိတော့ ဓားပြတိုက်တဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့” ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က Myanmar Now ကို ပြောသည်။

စစ်သားနှင့် ရဲ ဘာကြောင့် ခိုးဆိုးလုနှိုက်သလဲ

စစ်ကောင်စီလက်နက်ကိုင်များက ရန်ကုန်မှ ဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်းနေစဉ်။ (ဓာတ်ပုံ- Myanmar Now) 

စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ဆင်း ဗိုလ်ကြီးထွန်းမြတ်အောင်သည် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို နှိပ်ကွပ်ရာတွင် နာမည်ကျော်သော တပ်မ ၇၇ မှ တပ်စုမှူးတစ်ဦးဖြစ်သည်။  

ခိုးဆိုးလုနှိုက်မှုသည် အရှက်သိက္ခာမဲ့သည်ဟု ကျူးလွန်သူများက ထင်မှတ်မည်မဟုတ်ကြောင်း အသက် ၃၀ အရွယ် ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။

ဌာနဆိုင်ရာဝန်ထမ်းများ အကျင့်ပျက်ခြစားမှုမှာ အနှစ်နှစ်အလလက အမြစ်တွယ်နေခဲ့သည့်နည်းတူ စစ်တပ်တွင်လည်း ထူးမခြားနားပင်ဖြစ်ကြောင်း၊ နယ်စပ်ဒေသတာဝန်ကျ စစ်သားများသည် သစ်မှောင်ခို၊ နွားမှောင်ခိုလုပ်ငန်းမှ ဆက်ကြေးရယူခြင်းကဲ့သို့ ငွေရလမ်းများရှိတတ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီတပ်ရင်းတွေမှာ လည်ပတ်ရတဲ့ ပိုက်ဆံတွေက ငွေမဲနဲ့ မလည်ပတ်လို့မရတဲ့ အခြေအနေမှာရှိတယ်။ မြေပြင်တပ်မှူးတွေက အဆင်ပြေအောင် အောက်ကနေ လုပ်ရင်းလုပ်ရင်းနဲ့ အဲဒီလို ငွေမဲရှာတဲ့အကျင့်တွေက အမြစ်စွဲသွားတာပေါ့” ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က ဆိုသည်။

ဌာနဆိုင်ရာ ဝန်ထမ်းအများအပြားက လုပ်ပိုင်ခွင့်အာဏာဖြင့် ငွေရှာချိန်တွင် စစ်သားများထဲမှ အကျင့်ပျက်သူတို့က သေနတ်ပြကာ ငွေရှာနေကြောင်း၊ ထိုလုပ်ရပ်မှာ ပိုမိုဆိုးရွားပြီး ဓားပြကဲ့သို့ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။

အရပ်သားပိုင်ပစ္စည်းဥစ္စာများကို လုယက်မှုများကို စစ်သားများက လုပ်ပိုင်ခွင့်တစ်ခုအနေဖြင့် လုပ်နေကျဖြစ်ပြီး ထိုလုပ်ရပ်အတွက် နောင်တရခြင်း၊ ရှက်ရွံ့ခြင်း စိုးစဉ်းမျှ ရှိလိမ့်မည်မဟုတ်ကြောင်း ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။

ဆန္ဒပြသူတို့ကို နှိမ်နင်းဖြိုခွဲမည့် လက်နက်ကိုင်တပ်ဖွဲ့များကို လုံလုံလောက်လောက် ထောက်ပံ့ထားကြောင်း၊ ပြည်သူလူထု၏ စားနပ်ရိက္ခာများကို လုယူခြင်းသည် ငတ်၍ မဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

“လုံလောက်တဲ့အပြင်ကို တပ်ကကျွေးမွေးတဲ့ဟာတွေတင်မကဘူး။ စပွန်ဆာလုပ်ပေးတဲ့ ခရိုနီတွေပဲ ပြောရမှာပေါ့။ တပ်နဲ့ပတ်သက်တဲ့ ဘောစိ( သူဌေး) တွေက လာပြီးတော့ ကျွေးမွေးတာတွေရှိတယ်ဆိုတော့ မငတ်ဘူး။ ထောက်ပံ့တာက လုံလောက်ပေမဲ့လည်း ပြောရမယ်ဆိုရင် စားချင်လို့စားတာပဲ” ဟု ၎င်းက ဆိုသည်။

“အထက်လူကြီးက မညွှန်ကြားပေမယ့်လည်း အောက်ကလူက မျက်နှာလိုချင်လို့ ကြမ်းလိုက်တယ်ဆိုရင်လည်း အထက်ကလည်း ဘာမှပြောမှာမဟုတ်ဘူး၊ အဲဒီလိုမျိုးသဘောတော့ရှိတယ်”  

ပြည်သူပိုင်ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ပြည်သူများကြောက်အောင် ခြောက်လှန့်ခြင်းနှင့် ဒေါသစိတ်ကြောင့် လုပ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ထပ်ပြောသည်။

ဆန္ဒပြမှုကို ဖြိုခွင်းသည့်နေရာတွင် မြေပြင်တပ်မှူး၌ လုံးဝအာဏာတည်နေသည့်သဘောရှိပြီး အခြေအနေပေါ် မူတည်၍ ၎င်းက စီမံခန့်ခွဲနိုင်သည်ဟု ဆိုသည်။ 

ကချင်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခွန်ဂျာက တိုင်းရင်းသားဒေသတွင် ရင်ဆိုင်နေရသည့် အခြေအနေများသည် မြို့ပြသို့ ရုတ်တရက်ရောက်လာခြင်းသည် မြို့ပြတွင် နေထိုင်သူတို့အတွက် အထူးအဆန်းဖြစ်နေလိမ့်မည်ဟု ပြောသည်။

“(ဘုရားကျောင်း) အလှူခံပုံး ဖောက်သွားတာ၊ ရွာသားတွေရဲ့ ပစ္စည်းယူသွားတာ၊ နိုင်သလောက် အကုန်သယ်သွားတာ၊ ဒါက ကျွန်မတို့ဆီမှာ ရိုးနေပြီဖြစ်တယ်။ ကျွန်မတို့နယ်မှာ မြို့တိုင်းရွာတိုင်းမှာ ကြုံခဲ့ရတဲ့၊ တိုက်ပွဲဖြစ်တဲ့ နေရာတိုင်းမှာ ကြုံခဲ့ရတဲ့ကိစ္စဖြစ်တယ်” ဟု ဆိုသည်။

၁၉၄၈ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်များကို ဖဆပလအစိုးရက ရှာဖွေဖမ်းဆီးရာမှ စတင်ခဲ့သော ပြည်တွင်းစစ်သည် အနှစ် ၇၀ ကျော်ပြီဖြစ်ပြီး ယနေ့တိုင် မချုပ်ငြိမ်းနိုင်သေးပေ။ 

တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပစ္စည်းများလုယက်ခြင်း၊ လူနေအိမ်များမီးရှို့ခြင်း၊ ဖြတ်လေးဖြတ်စစ်ဆင်ရေးဖြင့် နှိပ်ကွပ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း စသည့်လုပ်ရပ်များထဲမှ တချို့ဖြစ်ရပ်များမှာ သတင်းမီဒီယာများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

“သူတို့ (စစ်တပ်) အစကတည်းက လုပ်တယ်။ အရင်တုန်းကလည်း လုပ်တယ်။ အခုလည်း လုပ်တယ်။ အရင်က သိပ်ပြီး သတိမထားမိကြဘူး။ အခုက အင်တာနက်တွေရှိတော့ သတင်းက ချက်ချင်းတက်တယ်” ဟု ဒေါ်ခွန်ဂျာက ဆက်ပြောသည်။

“အမိန့်ပေးရင်လုပ်တတ်တဲ့ တိရစ္ဆာန်တွေလိုပုံစံမျိုး လေ့ကျင့်ပေးထားတဲ့အတွက်ကြောင့်မို့လို့ အခုလို လုပ်နိုင်တယ်လို့ပဲ ယူဆပါတယ်” ဟု ဆိုသည်။

ဗိုလ်ကြီးထွန်းမြတ်အောင်၊ ဒေါ်ခွန်ဂျာတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်ပြောခွင့်ရအရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။ 

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ မြေလှန်မီးတိုက်စစ်ဆင်ရေးများကြောင့် သိန်းချီသော ရိုဟင်ဂျာများ မိမိတို့နေအိမ်များကို စွန့်ခွာထွက်ပြေးကာ နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်းက ရခိုင်၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စစ်တပ်က အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်သော ကျူးလွန်မှုများကို မှတ်တမ်းများ ရရှိထားကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ ၂၀၂၀ နိုဝင်ဘာလသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အရပ်သားများ သေကျေဒဏ်ရာရအောင် တိုက်ခိုက်မှု၊ ဥပဒေလက်လွတ်သတ်ဖြတ်မှု၊ အစဖျောက်မှု၊ တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ အဓမ္မလုပ်အားပေးစေခိုင်းမှု၊ ပစ္စည်းဥစ္စာ လုယက်သိမ်းဆည်းမှုများ အများအပြားဖြစ်ပွားခဲ့သည်ဟု Amnesty International က ပြောသည်။

၂၀၁၅ ခုနှစ်တွင် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်မြို့၌ တိုက်ပွဲဖြစ်ပွားစဉ် ဒေသခံများ နေအိမ်စွန့်ခွာ တိမ်းရှောင်သွားချိန်တွင် စစ်သားတို့က အဖိုးတန်ပစ္စည်းများသာမက တူနှင့် ထမင်းစားပန်းကန်လုံးများကိုပါ သယ်ယူသွားသည်ဟု ဒေါ်ခွန်ဂျာက ဆိုသည်။

ခိုးဆိုးလုနှိုက်လုပ်ရပ်များ၊ ပြည်သူလူထုကို ညှဉ်းပန်းနှိပ်စက်မှုများကို စစ်တပ်က ဆက်လက်ကျူးလွန်နေမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လူအထိအခိုက်မရှိဘဲ တတ်နိုင်သလောက် ပညာလွှာသုံးပြီး ကြံ့ကြံ့ခံနိုင်အောင် လုပ်ဆောင်ရမည်ဟု ၎င်းက အကြံပြုသည်။

အရေးကြီးကာလတွင် ငွေရှာခြင်း

စစ်ကောင်စီလက်နက်ကိုင်များ ရန်ကုန်မြို့တွင်း လှည့်လည်သွားလာနေသည်ကို မတ် ၃၀ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-EPA) 

စစ်ကောင်စီက အာဏာကို လုယူထားသကဲ့သို့ ၎င်း၏ လက်ကိုင်တုတ်တပ်ဖွဲ့ဝင်များကလည်း လုယက်မှုနှင့် အသားကျနေသည်။ 

တိုင်းရင်းသားဒေသ၊ ကျေးလက်ဒေသများတွင် မကောင်းမှုကျူးလွန်သည့် လက်နက်ကိုင်တို့သည် သတင်းသမားအများအပြားရှိသော၊ ဆိုရှယ်မီဒီယာနှင့် CCTV လုံခြုံရေးကင်မရာ အသုံးများသော မြို့ပြဒေသတွင်လည်း အကျင့်ဟောင်းကို ဖျောက်နိုင်ခြင်း မရှိပေ။

အစောဆုံးအနေဖြင့် မတ်လ ၁ ရက်တွင် တနင်္သာရီတိုင်း၊ မြိတ်မြို့ ရပ်ကွက်တစ်ခုအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်စီးကာ ဆိုင်ကယ်များ၊ နေအိမ်များကို ရိုက်နှက်ဖျက်ဆီးပြီး အိမ်တစ်အိမ်မှ ငွေလေးသိန်းကျပ် လုယူကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ခဲ့သည်။ 

မတ်လ ၂၉ က တောင်ဒဂုံမြို့နယ်ကို အကြမ်းဖက်ဖြိုခွင်းပြီး နောက်နေ့တွင် ၁၀၇ ရပ်ကွက်အတွင်း နေအိမ်တစ်အိမ်မှ ကျပ် ၃၅ သိန်းကျော်ကို လုယူခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် CDM ဝန်ထမ်းများကို ထောက်ပံ့ရန် သိုလှောင်ထားသည့် စားသုံးဆီပိဿာ ၃၀၀ ကို လုယူမှု၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရဲနှင့် စစ်သားများက ပြည်သူတစ်ဦးထံမှ ပိုက်ဆံ ဆယ်သိန်းလုယူမှုတို့မှာ ဧပြီလအတွင်း ဖြစ်ပွားခဲ့သည်။ 

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ဆန္ဒပြပွဲများအနီး၌ အကြောင်းမဲ့သိမ်းယူခံရသော ကားများကို တစ်လကျော်ကြာမှ ငွေကျပ် တစ်သိန်းသုံးသောင်းပေးကာ ပြန်ရွေးခဲ့ရသည့်အပြင် ကားထဲမှပစ္စည်းများ ဖြုတ်ယူခံရပြီး သိန်း ၂၀ ခန့် ဆုံးရှုံးခဲ့ကြောင်း ကားပိုင်ရှင်တစ်ဦးက ပြောသည်။ 

အသိမ်းခံရသော ကားအစီးရေ ၄၀ ခန့်ကို ရန်ကုန်တိုင်းလွှတ်တော်ရုံးထဲတွင် မျက်မြင်တွေ့ခဲ့ပြီး ရန်ကုန်တွင် လုယူ၊ သိမ်းဆည်းခံရသည့် ကားအရေအတွက်သည် ထို့ထက်မကများနိုင်ကြောင်း အဆိုပါ ကားပိုင်ရှင်က ပြောသည်။ ဆန္ဒပြလူအုပ်ကို သွားရောက်တိုက်ခိုက်၊ ချေမှုန်းစဉ် လက်နက်ကိုင်တို့က ထိုကားများကို သုံးလေ့ရှိသည်။ 

မန္တလေးတွင်လည်း ဖေဖော်ဝါရီလကုန်ပိုင်းက သိမ်းဆည်းထားသော ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန္ဒပြပွဲများဖြိုခွင်းရာတွင် အသုံးပြုနေသည်ကို တွေ့ခဲ့ရသည်ဟု ကားပိုင်ရှင်က ပြောသည်။ ထို့ပြင် မန္တလေးမြို့တွင် လမ်းသွားနေရင်း ဆိုင်ကယ်အလုခံရသည့် အဖြစ်အပျက်များစွာရှိကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။

မန္တလေးမြို့တွင် သိမ်းဆည်းထားသော အရပ်သားကားများဖြင့် ဆန္ဒပြသူများအား လိုက်လံဖမ်းဆီးနေသည်ကို တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-CJ) 

ရန်ကုန်မြို့မှ သွားဆရာဝန်တစ်ဦးကို အခမဲ့ဆေးကုသ၍ဟု အကြောင်းပြကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီ ၁၀ ညနေပိုင်းတွင် ငွေကျပ် တစ်သိန်းနှစ်သောင်း ဒဏ်ရိုက်မည်ဟု ဆိုပြီး ၎င်းထံမှ ငွေယူသွားကြသည်။

မတ်လကုန်ပိုင်းက ဆိုင်ကယ်စီးလာစဉ် လက်နက်ကိုင်တို့က တားပြီး ဖုန်းကို လုယူသွားသည်ဟု မန္တလေးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

ဧပြီလဆန်းပိုင်းတွင်လည်း ကလေးမြို့ခံတပ်များ ဖြိုခွင်းချိန်တွင် နေအိမ်အများအပြားဝင်စီးခံရပြီး ငွေကြေးနှင့် ရွှေထည်ပစ္စည်းများ လုယက်ခံခဲ့ရသည်။   

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ ကနက်သီရိကျေးရွာတွင်လည်း ဧပြီ ၅ ရက်နေ့မှစ၍ ခြောက်ရက်အကြာ တပ်စွဲခဲ့သော စစ်တပ်က လူ ၁၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ လေးဦးကို တစ်ဦးလျှင် ငွေကျပ်လေးသိန်းဖြင့် ပြန်ရွေးယူခဲ့ရသည်။ 

ဧပြီ ၁၈ မွန်းလွဲပိုင်းကလည်း မိတ္ထီလာမြို့နယ်၊ မှန်စည်ကျေးရွာတွင် NLD ပါတီဝင်များကို ဝင်ရောက်ဖမ်းဆီးချိန်တွင် ဈေးဆိုင်တစ်ဆိုင်မှ ငွေကျပ် ၇ သောင်း၊ အခြားဈေးဆိုင်များမှ ပစ္စည်းများကို စစ်သားနှင့် ရဲများက လုယူခဲ့သည်။

“လူသားချင်း စာနာမှုမရှိတာ အရမ်းကို ရှုတ်ချစရာကောင်းတယ်၊ သူတို့ရဲ့ ယုတ်မာပက်စက်မှုက ကွက်ကွက်ကွင်းကွင်း မြင်နေရတယ်” ဟု ဒဂုံတက္ကသိုလ်မှ လုံခြုံရေးအရ အမည်မဖော်လိုသော ကျောင်းသူတစ်ဦးက ပြောသည်။

မတ် ၁၄ တွင် အင်းစိန်ထောင်တွင်း အကျဉ်းကျနေသည့် ကျောင်းသား ၈၀ ကျော်အတွက် ကြက်သားကြော်များ သယ်ယူလာစဉ် လမ်းတွင် စစ်သားများလုယူခဲ့ကြောင်း အဆိုပါကျောင်းသူက ပြောသည်။

၎င်း၏ အုပ်ချုပ်ရေးယန္တရားကို အခြေကျအောင် ကြိုးစားနေသော အာဏာသိမ်းစစ်အုပ်စုသည် အုပ်ချုပ်မခံလိုသော ပြည်သူတို့၏ ဆန့်ကျင်တော်လှန်မှုများကြောင့် ယန္တရားများ ယနေ့အထိ မလည်ပတ်နိုင်သေးသည့်အတွက် လက်နက်ဖြင့် အကျပ်ကိုင်သည့်နည်းကိုသာ သုံးနေရကြောင်း ၎င်းက ထောက်ပြသည်။ 

“သူတို့မှာ ဒီတစ်နည်းပဲရှိတော့တယ်လို့ ကျွန်မမြင်တယ်။ ဒီတစ်နည်းနဲ့မှ မနိုင်ရင် သူတို့မှာ နည်းလမ်းမရှိတော့ဘူး” ဟု ဒဂုံတက္ကသိုလ်ကျောင်းသူက ပြောလိုက်သည်။

Show More

Related Articles

Back to top button