အိုးအိမ်မဲ့ များပြားလာတဲ့ မြို့တော်ရန်ကုန်

ရန်ကုန်ရောက် ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်က ဒီလိုအခန်းငယ်မျိုးတွေမှာ ငှားရမ်းနေထိုင်တတ်ကြပါတယ် (ဓာတ်ပုံ - Connor Macdonald/Myanmar Now)
ရန်ကုန်ရောက် ထောင်သောင်းချီတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လှိုင်သာယာမြို့နယ်က ဒီလိုအခန်းငယ်မျိုးတွေမှာ ငှားရမ်းနေထိုင်တတ်ကြပါတယ် (ဓာတ်ပုံ - Connor Macdonald/Myanmar Now)

ရန်ကုန် - မအိချိုခိုင် ဖြစ်ချင်ခဲ့တာက ဧည့်လမ်းညွှန်။ ကျောင်းပိတ်လို့ မကွေးတိုင်းဒေသကြီးအတွင်းက သူ့ရွာကလေးကို ပြန်ပြီး အမေ့ ဘိန်းမုန့်ဆိုင်လေးမှာ ဝိုင်းကူတဲ့အခါ နိုင်ငံခြားသားခရီးသွားအုပ်စုကို ဦးဆောင်လာတဲ့ ဧည့်လမ်းညွှန်တွေကို မကြာခဏ တွေ့ရတယ်။

“တိုးရစ်ဂိုက် (ဧည့်လမ်းညွှန်) တစ်ယောက်ဖြစ်ဖို့ အင်္ဂလိပ်စာနဲ့ ကွန်ပြူတာကို သင်ချင်တာနဲ့ ရန်ကုန်ကို ရောက်လာတာပါ” လို့ သူက ၂ဝဝဝ ပြည့်နှစ်လောက်က အကြောင်း ပြန်ပြောပြပါတယ်။

အဲဒီအချိန်ကစလို့ သူ့မျှော်လင့်ချက်တွေဟာ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရတာပါ။ သူရန်ကုန်ကို လက်ဗလာနဲ့ ရောက်လာချိန်မှာ အသက်က ၁၉ နှစ်။ စျေးပေါပေါ အိမ်ခန်းရှာပြီး စားဝတ်နေရေးအတွက် ရရာအလုပ် လုပ်ရပါတော့တယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်လုံးလုံး သူလုပ်ကိုင်ခဲ့တာကတော့ ရန်ကုန်မြို့စွန် လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတစ်ခုမှာပါ။

“ကျွန်မ ဒီကိုလာခဲ့တုန်းက မျှော်လင့်ချက်တွေ အများကြီးပါခဲ့တယ်။ အထည်ချုပ်စက်ရုံမှာ လုပ်မယ်လို့ ရည်ရွယ်ချက်မရှိခဲ့ဘူး။ ဒါပေမယ့် အင်္ဂလိပ်စာသင်ယူဖို့ ကုန်ကျစရိတ်ကိုလည်း မတတ်နိုင်ဘူး။ အခုတော့ ငွေရဖို့ အဓိက စဉ်းစားနေရပြီ” လို့ မအိချိုခိုင်က ပြောပါတယ်။

ကျေးလက်ဒေသ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့ သူ့လိုပဲ ရန်ကုန်ကို မျှော်လင့်ချက်အပြည့်နဲ့ ထွက်လာတဲ့သူအရေအတွက်က နှစ်စဉ် သောင်းနဲ့ချီပြီး ရှိနေပါတယ်။ ဒီလိုရွှေ့ပြောင်းလာသူ အများစုဟာ နောက်ဆုံးတော့ လူ ရသိန်းလောက်နေထိုင်တဲ့ လှိုင်သာယာဘက်ကို ရောက်သွားပါတယ်။

ဒီမိုကရေစီ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ပေါ်ပေါက်လာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ထပ်မံဖိတ်ခေါ်လိုက်ရင် မြို့ကြီးတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ များပြားလာပြီး နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာကြောင့် ကျေးလက်ကနေ မြို့ပြကို ပြောင်းရွှေ့လာမယ့် အလားအလာ ပိုမိုများနေပါပြီ။

နိုင်ငံတွင်း ရွှေ့ပြောင်းအခြေချနေထိုင်တာ အလျင်အမြန် တိုးတက်လာမှုအတွက် ရန်ကုန်မြို့မှာ အသင့်ပြင်ဆင်ထားတာ အားနည်းလို့ စနစ်မကျတဲ့ မြို့ပြလူနေမှုပုံစံ ဖြစ်လာနိုင်တယ်လို့ မြို့ပြစီမံကိန်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။

ရွှေ့ပြောင်းလာသူများအတွက် တန်ဖိုးနည်းအိမ်ရာတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စီစဉ်ပေးနိုင်ဖို့ အစိုးရအနေနဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ရှိနေရမယ်လို့ သူတို့က တိုက်တွန်းနေကြတာပါ။

“မြို့ပြကို အခြေချရွှေ့ပြောင်းနေထိုင်မှုတွေနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် မကိုင်တွယ််နိုင်ဘူးဆိုရင် ကျူးကျော်နေထိုင်မှုတွေ ပိုမိုဆိုးရွားလာတာ၊ လူနေမှုကွာဟချက် ပိုမိုမြင့်မားလာတာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးတွေ၊ မြို့ပြလူနေမှုနိမ့်ကျလာတာတွေ ဖြစ်လာနိုင်ပါတယ်” လို့ UN-Habitat လို့ခေါ်တဲ့ ကုလသမဂ္ဂ မြို့ပြစီမံကိန်းဆိုင်ရာအဖွဲ့ရဲ့ ကျွမ်းကျင်သူအရာရှိ Jack Finegan က ပြောပါတယ်။

ရန်ကုန်မှာ အိမ်ရာနဲ့ အခြေခံအဆောက်အဦတိုးချဲ့တဲ့အခါ လူဦးရေတိုးပွားလာတာနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ အာဏာပိုင်တွေအနေနဲ့ ခုကတည်းက လုပ်ဆောင်သင့်ပြီလို့ သူက ဆက်ပြောပါတယ်။

လင်းထိန်နေတဲ့ မြို့တော်ကြီး

ကျေးလက်ကနေ ရန်ကုန် ပြောင်းလာသူအများစုဟာ အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက် လူငယ်တွေဖြစ်တယ်၊ ဝင်ငွေနည်းလွန်းတဲ့ ရာသီပေါ် သီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေကို စွန့်ခွာလာသူတွေလည်း ဖြစ်တယ်လို့ UN-Habitat ရဲ့ အာဖဂန်နစ္စတန် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူ မြို့ပြဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Michael Slingsby က ပြောပါတယ်။

“မြို့ကြီးတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေရှိတယ်။ မိသားစုတွေအနေနဲ့ ဝင်ငွေရလမ်းအများကြီး ရှိပြီး တစ်နှစ်ပတ်လုံး အလုပ်လုပ်လို့ရတယ်” လို့ သူက Myanmar Now ကို ပြောပါတယ်။

မိုဘိုင်းဖုန်း၊ အင်တာနက်ကြောင့် မြို့ကြီးများနဲ့ကျေးရွာများအကြား ချိတ်ဆက်မှု ကောင်းမွန်လာတဲ့အတွက် ကျေးလက်လူငယ်တွေဟာ မြို့ပြလူနေမှုဘဝကို ပိုမိုသိရှိရပြီး သွားဖို့ ကြိုးစားကြပါတော့တယ်။ မြို့ပြရဲ့ အလင်းရောင်တွေက သူတို့ထဲက တချို့ကို ရှေးရိုးစွဲ ကျေးလက်လူမှုအသိုင်းအဝိုင်းရဲ့ ကန့်သတ်တားမြစ်မှုတွေကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

“အခုဆိုရင် အတွေ့အကြုံတွေ အများကြီးရနေပါပြီ။ ကျွန်မဖြစ်ချင်တာကိုလုပ်ဖို့ လွတ်လပ်မှုကို ရနေပါပြီ။ ကျွန်မကို တားမြစ်ထိန်းချုပ်မယ့် မိဘတွေက အခု အတူနေတာမဟုတ်ဘူး” လို့ လှိုင်သာယာ အထည်ချုပ်စက်ရုံတစ်ရုံရောက် အသက် ၂ဝ အရွယ် မခင်မြတ်နိုးဆွေက ပြောပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ရန်ကုန်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်လို့ရတယ်ဆိုတာကို သူ့မောင်နှမဝမ်းကွဲတော်စပ်သူတစ်ယောက်ဆီက သိရပြီး ရောက်လာခဲ့သူပါ။

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသတစ်ခုကနေ ရန်ကုန်၊ လှိုင်သာယာကို စပြီးရောက်လာစဉ်က ၁ဝ ပေပတ်လည် အခန်းကျဉ်းလေးထဲမှာ တခြားဝန်ထမ်းသုံးဦးနဲ့ အတူ နေခဲ့ရတယ်။ မြို့ရောက်ခါစ ဝန်ထမ်းတွေအတွက်တော့ လျှော်ဖွတ်၊ စားသောက်၊ အိပ်စက် အစရှိတာတွေ အားလုံးကို ဒီလိုစျေးပေါတဲ့အခန်းငယ်လေးထဲမှာပဲ ဆောင်ရွက်ကြရတာပါ။ အဲဒီလိုအခန်းငယ် ၁၄ ခန်းရှိတဲ့ အဲဒီအဆောင်မှာ ငှားနေတဲ့သူ ၅၆ ယောက်က အိမ်သာ ၃ လုံးကို မျှသုံးရပါတယ်။

နောက်ပိုင်းမှာတော့ သူ့အခြေအနေ နည်းနည်း တိုးတက်လာတယ်လို့ ဆိုရပါမယ်၊ သုံးပန်လှ အမည်ရ လူမှုရေးအဖွဲ့က အထည်ချုပ်အလုပ်သမတွေ သက်တောင့်သက်သာရှိအောင် ဆောက်ပေးထားတဲ့ အဆောင်မှာ သူနဲ့ရွယ်တူ လူလွတ် မိန်းကလေးတွေနဲ့အတူ နေနေပါပြီ။

တချို့က သူတို့ရဲ့ဘဝ ပိုမိုတိုးတက်ကြီးပွားဖို့ မြို့ပြရောက်လာကြတာဖြစ်သလို အချို့ကလည်း ကိုယ့်ဒေသမှာ အခက်အခဲတွေ့ရလို့ ရွှေ့လာကြတာပါ။ သီးနှံအထွက်ကျဆင်း၊ အကြွေးတင်လို့ ရှိတာ ရောင်းချ၊ သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ခင်းတွေ ပျက်စီးကုန်ပြီး ပြောင်းရွှေ့လာကြရတာပါ။

ကိုကြည်စိုးဟာ လှိုင်သာယာက ညောင်ရွာမှာ တဲတစ်လုံးနဲ့ နေခဲ့တာ ၁၉ နှစ် ရှိပါပြီ။ ဒီကာလအတွင်းမှာ လူသစ်တွေအများကြီး ရောက်လာတာကို သူတွေ့ခဲ့ရပါတယ်။ ၂ဝဝ၈ နာဂစ်ဆိုင်ကလုန်း ဧရာဝတီတိုင်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက် အချိန်တိုအတွင်းမှာ လူတွေအများကြီး ရွှေ့ပြောင်း ရောက်ရှိလာခဲ့ကြတာပါ။ နိုင်ငံမှာ အဆိုးဆုံးသဘာဝဘေးအန္တရာယ်တစ်ခုဖြစ်တဲ့ နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ခဲ့စဉ်က လူ အသေအပျောက် ၁၃ဝ,ဝဝဝ ထက် မနည်း ရှိခဲ့ပြီး ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ၊ လုပ်ငန်းသုံးပစ္စည်းတွေ ပျက်စီးခဲ့ရပါတယ်။

“ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝပါ။ လူနေမှုစရိတ်တွေကလည်း တစ်နေ့ပြီးတစ်နေ့ မြင့်လာတယ်၊ ရှာလို့ရသမျှဟာ စားရင်းနဲ့ ကုန်သွားတယ်၊ ကျွန်တော်တို့ ညောင်ရွာမှာ နေထိုင်တဲ့ ထောင်နဲ့ချီတဲ့သူတွေကို အစိုးရက ဖယ်ရှားပစ်မယ်လို့ ဟိုတလောက သတင်းတွေ ထွက်နေတယ်” လို့ ကိုကြည်စိုးက ပြောပါတယ်။

“ကျွန်တော် အလုပ်သွားနေတုန်း အိမ်ကို အဖျက်ခံရမှာ စိုးရိမ်တယ်။ ရန်ကုန်မှာ အခြားကျူးကျော်ရပ်ကွက်တွေကို ရှင်းတုန်းကလည်း သက်ဆိုင်ရာတွေက အဲဒီလိုပဲ လုပ်ခဲ့တာလေ”

ပြုပြင်ပြောင်းလဲမှုများက မြို့ပြဖြစ်ထွန်းမှုကို အရှိန်တက်စေ

ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားမှာလိုပဲ မြန်မာရဲ့ မြို့ပြဖြစ်ထွန်းမှုဟာ ရှောင်လွှဲမရသလို ဒါဟာ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ အရေးကြီးတဲ့ အဆင့်တစ်ခုပါ။ မြို့ပြတွေမှာ ဝင်ငွေက ပိုကောင်းသလို ကျန်းမာရေးနဲ့ ပညာရေးအခွင့်အလမ်းတွေကလည်း ပိုကောင်းပါတယ်။ စက်မှုလုပ်ငန်းနဲ့ အခြားစီးပွားရေးလုပ်ငန်းတွေဟာ လူလတ်တန်းစား များပြားတဲ့၊ တိုးတက်နေတဲ့ မြို့ကြီးတွေမှာပဲ ဖွံ့ဖြိုးနိုင်တာပါ။

ရန်ကုန်မြို့ရဲ့ လူဦးရေတိုးတက်နှုန်းဟာ နှစ်စဉ် ၄ ရာခိုင်နှုန်းရှိနေပါတယ်။ လူဦးရေ ၅ ဒသမ ၇ သန်း ရှိနေရာကနေ ၂ဝ၄ဝ ပြည့်နှစ်မှာ ၁၁ သန်းကျော်အထိ ရှိလာမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ UN-Habit ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အများစုကတော့ အလုပ်အကိုင်အတွက် ကျေးလက်ဒေသတွေကနေ ရွှေ့ပြောင်းလာသူများ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

“မြန်မာနိုင်ငံက ပြည်ပနိုင်ငံတွေနဲ့ ပိုမိုချိတ်ဆက်လုပ်ကိုင်လာပြီဆိုတော့ စိုက်ပျိုးရေးမဟုတ်တဲ့ လုပ်ငန်းတွေ ပိုများလာပြီး ပြည်သူတွေအနေနဲ့ ကျေးလက်ဒေသတွေကနေ မြို့တွေကို ပြောင်းရွှေ့ လာကြတော့မှာပါ။ ဒါက ရှောင်လွှဲမရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဘယ်သူမှ တားထားလို့ မရပါဘူး” လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ မန်နေဂျာ မစ်ချီကို အီတိုက ပြောပါတယ်။

“ဒါက ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခုပါ။ ထူးခြားတာတစ်ခုက မြန်မာနိုင်ငံအနေနဲ့ ဒီလိုရွှေ့ပြောင်းမှုနှုန်းကို အရင်က မကြုံခဲ့ရဘဲ အခုမှာဖြစ်လာတာကြောင့် အလျင်အမြန်နဲ့ကို ဖြစ်ထွန်းနေတာပါ”

အိမ်နီးချင်းနိုင်ငံများထံမှ သင်ယူခြင်း

စစ်အုပ်ချုပ်ရေးစနစ်အောက်မှာ ဆယ်စုနှစ်ငါးခုခန့် ကြာပြီးနောက် နေပြည်တော် တည်ဆောက်ပြီး နိုင်ငံရဲ့ မြို့တော် ပြောင်းသွားပါတယ်။ မြို့တော်ဟောင်း ရန်ကုန်ရဲ့ အခြေခံအဆောက်အဦနဲ့ အိမ်ရာကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်မှု အားနည်းလာခဲ့ပြီး ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ ရန်ကုန်မြို့တော်ဟာ အမေ့ခံထားရလို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ နိမ့်ကျနေပါပြီ။

မြို့ပြဖွံ့ဖြိုးရေး၊ ခေတ်မီမြို့တော် စီမံကိန်းလုပ်ငန်းတွေကို ဆယ်စုနှစ်များစွာ ကြိုတင် လုပ်ဆောင်ပြီးဖြစ်တဲ့ ဒေသတွင်းက ဘန်ကောက်၊ မနီလာ၊ ဂျကာတာတို့လို မြို့တော်တွေနဲ့ နှိုင်းယှဉ်ပြန်ရင်လည်း ရန်ကုန်မြို့ဟာ မြို့ပြစီမံကိန်းအကောင်အထည်ဖော်သူတွေအတွက် မတို့မထိရသေးတဲ့ မြို့တော်ပါပဲ။

Myanmar Now သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့တဲ့ ကျွမ်းကျင်သူအများအပြားကတော့ မြန်မာဟာ ဒေသတွင်း မြို့ကြီးတွေ ကြုံတွေ့ခဲ့ရတဲ့ အောင်မြင်မှုတွေ၊ အမှားအယွင်းတွေကို သင်ခန်းစာ ယူသင့်တယ်လို့ ဆိုကြပါတယ်။

အသစ်ရွှေ့ပြောင်းရောက်ရှိလာသူတွေအတွက် ထိရောက်ပြီး တန်ဖိုးနည်တဲ့ အိမ်ရာစီမံကိန်းတွေကို ရန်ကုန်မြို့မှာ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ အကြံပြုကြပါတယ်။

“ပြဿနာဟာ ဖြေရှင်းဖို့ ခက်ခဲတာကြောင့် ကြိုတင်ပြင်ဆင်လုပ်ဆောင်ဖို့ လိုပါတယ်” လို့ UN-Habitat မှ Jack Finegan က ပြောပါတယ်။

သမ္မတဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှစတင်ပြီး ရန်ကုန်မြို့မှာ အိမ်ရာစီမံကိန်းတွေ ဖွံ့ဖြိုးခဲ့သလို အိမ်ငှားခတွေလည်း ဆင်ခြေဖုံးပါမကျန် တစ်မြို့လုံးမှာ စျေးနှုန်းမြင့်တက်ခဲ့တာပါ။

ရန်ကုန်တိုင်းအစိုးရတာဝန်ရှိသူတွေက ဆင်းရဲနွမ်းပါးသူများအတွက် တန်ဖိုးနည်းအိမ်ရာတွေ တည်ဆောက်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ်အတွင်းက တန်ဖိုးနည်းတိုက်ခန်း ၁ဝ,၁၆ဝ ခန်းကို တည်ဆောက်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ တစ်ခန်းကို ကျပ်သိန်း ၁ဝဝ ကျော် ကုန်ကျတာကြောင့် ကျူးကျော်ရပ်ကွက်မှာနေသူတွေအတွက် တည်ဆောက်ပေးဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

“ဒီလိုတန်ဖိုးနည်းအိမ်ရာတွေကို ဝင်ငွေနည်းပြည်သူတွေအတွက် ရောင်းချပေးချင်ပေမယ့် သူတို့ ဝယ်နိုင်မှာ မဟုတ်ပါဘူး” လို့ မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောပါတယ်။

အစိုးရက ဝင်ငွေနည်းပြည်သူတွေအတွက် တန်ဖိုးနည်း အငှားတိုက်ခန်းတွေ ဆောက်လုပ်ဖို့ လုပ်ဆောင်နေပြီး သူတို့နဲ့ ကိုက်ညီမယ့် ပုံစံ၊ စျေးနှုန်းတွေကို သတ်မှတ်နိုင်အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တန်ဖိုးနည်း အိမ်ရာ

ရန်ကုန်တိုင်းအစိုးရရဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေဟာ ထိရောက်မှုမရှိဘဲ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတွေ အတင်းအဓမ္မဖယ်ရှားခံရတာပဲ အဖတ်တင်တယ်လို့ တက်ကြွလှုပ်ရှားသူတချို့၊ နိုင်ငံရေးသမားတချို့က ဆိုပါတယ်။

ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်သူတွေကို ဖယ်ရှားရှင်းလင်းရာမှာ လုံခြုံရေးတပ်ဖွဲ့တွေပါ အသုံးပြုတာကြောင့် ဒီလုပ်ရပ်ဟာ ဆင်းရဲနွမ်းပါးသူတွေရဲ့ နေထိုင်ရပ်တည်ခွင့်တွေကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

ဒီလိုအတင်းအဓမ္မဖယ်ရှားမှုတွေဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပိုမိုဆိုးရွားလာပြီး ရန်ကုန် ဆင်ဖြေဖုံးအရပ်တွေမှာ ဇန်နဝါရီလအတွင်း ရဲတပ်ဖွဲ့နဲ့ မြေတူးစက်တွေကို အသုံးပြုပြီး ကျူးကျော်တွေကို ဖယ်ရှားခဲ့တာကြောင့် အိမ်ပေါင်းများစွာ ပျက်စီးသွားခဲ့ပြီး မိသားစုများစွာ လမ်းပေါ်ကို ရောက်သွားပါတယ်။

NLD အစိုးရ လက်ထက်မှာ ကျူးကျော်တွေကို အခုလို အတင်းအဓမ္မဖယ်ရှားမှုတွေနဲ့ မြေယာသိမ်းမှုတွေကို လုပ်ဆောင်မှာမဟုတ်ဘူးလို့ မျှော်လင့်နေကြပါတယ်။ NLD ပါတီတာဝန်ရှိသူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာ မပြောသေးပေမယ့် ပါတီရဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကာလအတွင်း ထုတ်ပြန်ခဲ့တဲ့ လမ်းစဉ်တွေမှာ ဒီပြဿနာတွေကို ကိုင်တွယ်သွားမယ်လို့ ဆိုထားပါတယ်။

သဘာဝဘေးအန္တရာယ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ မြေယာသိမ်းမှုများကြောင့် မြို့ကြီးတွေကို ပြောင်းရွှေ့အခြေချလာရတဲ့ အိမ်ရာမဲ့တွေအတွက် အစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဖော်ပြထားတာပါ။

NLD ပါတီရဲ့ လှိုင်သာယာမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဝင်းမောင်က “ကျူးကျော် နေထိုင်သူတွေရဲ့အိမ်တွေဟာ တရားမဝင်ဘူးဆိုပြီး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အင်အားသုံး ဖျက်ဆီးတာဟာ မှန်ကန်တဲ့ ပြဿနာဖြေရှင်းရေး နည်းလမ်းတစ်ခု မဟုတ်ပါဘူး” လို့ Myanmar Now ကို ပြောပါတယ်။

ရန်ကုန်အခြေစိုက် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Women for the World ရဲ့ တာဝန်ခံ Van Liza က မြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တဲ့ အစိုးရရဲ့ မူဝါဒတွေ၊ တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေဟာ ချို့တဲ့နွမ်းပါးသူတွေအတွက် ပံ့ပိုးကူညီမှုမဖြစ်သေးဘူး။ ဒီစီမံကိန်းတွေဟာ ဘယ်သူတွေအတွက် ရည်ရွယ်သလဲ၊ ငွေကြေးဘယ်လောက်ပဲ တတ်နိုင်တဲ့သူအတွက် လုပ်ဆောင်တာလဲ လို့ လက်ရှိတန်ဖိုးနည်း အိမ်ရာများ အကောင်အထည်ဖော်နေမှုအပေါ် မေးခွန်းထုတ်ပါတယ်။

သူတို့အဖွဲ့က ရန်ကုန်ကျူးကျော်ရပ်ကွက်တစ်ခုမှာ ဝိုင်ကြီးချုပ်စနစ်နဲ့ ငွေချေးတဲ့စနစ်ကို စမ်းသပ်လုပ်ဆောင်နေတာပါ။ အိမ်ပြင်ဖို့ လိုအပ်တဲ့သူတွေအတွက် အတိုးနည်းနည်းနဲ့ ငွေချေးပါတယ်။

“စုပေါင်းချေးငွေစနစ်ဟာ ပြည်သူတွေအတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအနေနဲ့ အိမ်တစ်လုံးကို အလကားလိုချင်တာမဟုတ်ပါဘူး။ သူတို့လိုချင်တာက ကိုယ်ပိုင်နေရာ လေးတစ်ခုပါ” လို့ Van Liza က ပြောပါတယ်။

ဖွံ႕ဖြိုးဆဲနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့စနစ်က ကျူးကျော်နေထိုင်သူတွေ ယာယီနေထိုင်ခွင့်၊ တရားဝင်နေခွင့် အသိအမှတ်ပြုပေးပြီး အဲဒီနေရာတွေမှာ လမ်းပန်းဆက်သွယ်ရေးအစရှိတဲ့ အခြေခံအဆောက်အဦတွေကို စီစဉ်ဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းကြောင့် အဲဒီနေရာမှာ နေထိုင်သူတွေအနေနဲ့ သူတို့ရဲ့ အိမ်တွေကို ပိုကောင်းအောင်၊ ပတ်ဝန်းကျင်ကို ပိုကောင်းလာအောင်လို့ လုပ်ဆောင်ကြမှာဖြစ်ကြောင်း UN-Habitat မှ Jack Finegan က ပြောပါတယ်။

“အဓိကအကြောင်းအရာကတော့ နေထိုင်ခွင့်ပါပဲ။ သူတို့တွေက နေရာတစ်ခုခုမှာ စိတ်ချလက်ချနေချင်တယ်၊ နွမ်းပါးနိမ့်ကျတဲ့နေရာတွေကို အဲဒီမှာနေတဲ့သူတွေကိုယ်တိုင် ပိုမိုကောင်းမွန်အောင် လုပ်ခွင့်ပြုမယ်ဆိုရင် တကယ်တိုးတက်အောင်မြင်မှု ရရှိနိုင်ပါတယ်” လို့ ဖင်နဂန်က သုံးသပ်လိုက်ပါတယ်။ ။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading