သတင်း

မြင်းခြံတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ သပိတ်ခံတပ်များကို စစ်ကောင်စီ၏ တပ်များက အင်အားအလုံးအရင်းသုံးပြီး ပစ်ခတ်ဖြိုခွဲနေမှုကြောင့် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ပြည်သူတစ်ဦး သေဆုံးခဲ့သည်။ 

ယနေ့ (ဧပြီ ၁၉ ) မနက် ၆ နာရီခန့်မှစ၍ မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်၊ အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက်တို့ရှိ သပိတ်ခံတပ်များကို စစ်ကောင်စီ၏ တပ်များက ပစ်ခတ်ဖြိုခွဲခဲ့သည်။ 

အမှတ် ၆ ရပ်ကွက်မှ လမ်းမတော်ခံတပ်ကို စစ်ကောင်စီ၏ တပ်များက ယမန်နေ့ (ဧပြီ ၁၈) ရက်နေ့ ညပိုင်းက လေးနာရီကျော်ကြာ ပစ်ခတ်ဖြိုခွဲရှင်းလင်းခဲ့သော်လည်း ယနေ့မနက်ပိုင်းတွင် ပြည်သူများက ခံတပ်ကို ပြန်လည်တည်ဆောက်ခဲ့သည်။ 

ထို့ကြောင့် စစ်ကောင်စီတပ်က နံနက် ၆ နာရီကတည်းက အမှတ် ၆ ရပ်ကွက်ကို ပစ်ခတ်ဖြိုခွဲနေပြီး အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်များကို ဝင်ရောက်ပစ်ခတ်ခဲ့သည်။

ကျဆုံးသူမှာ မနက် ၁၀ နာရီဝန်းကျင်ကတည်းက ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ၎င်းကို လက်နက်ကိုင်များက ခေါ်ဆောင်သွားခဲ့သည်။

“ချင်းတွင်းလက်ဖက်ရည်ဆိုင်နားမှာ ဒဏ်ရာရပြီး လဲကျသွားတာ။ ဘယ်လိုမှ သွားကောက်လို့မရဘူး။ ဒီအတိုင်းပဲ ကြည့်နေရတယ်” ဟု မျက်မြင်တွေ့သော မြင်းခြံမြို့ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ လူနာကောက်ယူခွင့် မပေးရုံသာမက အမှတ် ၆  လူငယ်လူမှုကူညီရေးအသင်းကားကိုလည်း ထုရိုက်ဖျက်ဆီးခဲ့သည်။ 

မည်သည့်အချိန်တွင် ကွယ်လွန်သွားသည်ကို မသိရသေးကြောင်း၊ ညနေပိုင်းမှ ရုပ်အလောင်းလာရောက်ထုတ်ယူရန် အသိပေးလာကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူ၏ အမည်၊ အသက် စသည့် အချက်တို့နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းနေသော်လည်း ယနေ့ညပိုင်းအထိ မသိရသေးပေ။ 

ထိုသူသည် အမှတ် ၁၁ ရပ်ကွက်မှဖြစ်သည်ဟု သိရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက် ခံတပ်များကို ဖြိုခွဲရာတွင် နေအိမ်တစ်လုံးနှင့် ဆိုင်ကယ် ၄ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ 

“NLD အမာခံ ထောက်ခံသူတစ်ယောက်ရဲ့အိမ်ကိုလည်း မွှေနှောက်ဖျက်ဆီးသွားတယ်။ တံခါးတွေ ရိုက်ဖျက်၊ အိမ်ထဲက ပစ္စည်းတွေကိုလည်း ဖျက်ပြီး ယူသွားတယ်” ဟု မြင်းခြံမြို့မှ အခြားဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။ 

မြင်းခြံမြို့ အမှတ် ၆ ရပ်ကွက်၊ လမ်းမတော်လမ်းမှ ခံတပ်သည် လမ်းမပေါ်တွင် သဲအိတ်များ အဆင့်ဆင့်ကာရံထားပြီး အလံနက်လွှင့်ထူထားသည့် အတောင့်တင်းဆုံးခံတပ်ဖြစ်ခြင်း၊ အဆိုပါခံတပ် ဖြိုခွဲခံရချိန်တွင် အမှတ် ၄ ရပ်ကွက်မှ ထကြွပေးသည့်အတွက် ယင်းရပ်ကွက်နှစ်ခုကို ပစ်မှတ်ထားဖြိုခွင်းခြင်းဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်သည်။ 

မြင်းခြံမြို့တွင် လက်နက်ကိုင်တပ်များက နှစ်ရက်ဆက်တိုက်ပစ်ခတ်ဖြိုခွဲမှုကြောင့် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ဖမ်းဆီးခံထားရသည်။

လက်နက်ကိုင်တပ်များက ကျည်အစစ်များဖြင့်သာမက လက်ပစ်ဗုံးများပါ အသုံးပြုပြီး ပစ်ခတ်နှိမ်နင်းသည့်အတွက် ဒေသခံများက ရိုးရာလက်လုပ် တူမီးသေနတ်များ၊ လက်လုပ် ဂက်စ်သေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။ 

ပြည်သူများ၏ ခုခံမှုကြောင့် လက်နက်ကိုင်များ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အရေအတွက်အတိအကျ မသိရသေးဟု ဒေသခံများက ပြောသည်။ 

မြင်းခြံမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးရသူ အရပ်သားပြည်သူ ၂၄ ဦးအထိ ရှိလာပြီဖြစ်သည်။ 

Show More

Related Articles

Back to top button