လူကုန်ကူးခံရမည်စိုးသဖြင့် ရိုဟင်ဂျာများ ဒုက္ခသည်စခန်းအတွင်း ဆက်နေ

ရခိုင်ပြည်နယ် သက်ကယ်ပြင် ဒုက္ခသည်စခန်းတွင် မကြာသေးင်က တွေ့ရသော ၄၃ နှစ်အရွယ် ရိုဟင်ဂျာ/ဘင်္ဂါလီ အမျိုးသား ဦးဝင်းနိုင်၊ ၎င်း၏ ဇနီး နှင့် ကလေးသုံးယောက် (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)
ရခိုင်ပြည်နယ် သက်ကယ်ပြင် ဒုက္ခသည်စခန်းတွင် မကြာသေးင်က တွေ့ရသော ၄၃ နှစ်အရွယ် ရိုဟင်ဂျာ/ဘင်္ဂါလီ အမျိုးသား ဦးဝင်းနိုင်၊ ၎င်း၏ ဇနီး နှင့် ကလေးသုံးယောက် (ဓာတ်ပုံ - သင်းလဲ့ဝင်း/Myanmar Now)

သက်ကယ်ပြင်၊ ရခိုင်ပြည်နယ် - ဒေါ်ဟာစီနား၏ အသက် ၂ဝ အရွယ် သားဖြစ်သူသည် မြန်မာနိုင်ငံအတွင်း တွေ့ကြုံခံစားနေရသည့် ဆင်းရဲမွဲတေမှု၊ ခွဲခြားဆက်ဆံခံနေရမှုများမှ ထွက်ပြေးလွတ်မြောက်ရန် နေထိုင်ရာ ရခိုင်ပြည်နယ်မှ လှေဖြင့် စွန့်ခွာသွားခဲ့ပြီးနောက် သူ့သတင်းအစအနကို မကြားရသည်မှာ ၇ လ ခန့် ကြာသွားသည်။

တစ်နေ့တွင် လူတစ်ယောက်က ဒေါ်ဟာစီနား၏ သားဖြစ်သူ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးသူများ လက်ထဲတွင် ရောက်နေပြီး ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း ဖုန်းဆက်ပြီး ပြောလာသည်။ သူ့သား လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ငွေပေးပြီး ပြန်ရွေးယူရန်ဖြစ်သည်။

“တောင်းတဲ့ငွေကို မပေးဘူးဆိုရင် ခင်ဗျားသား သေလိမ့်မယ်လို့ ပြောတယ်။ ကျွန်မအရမ်း စိတ်ဓာတ်ကျသွားတယ်။ ဒီလူပွဲစားတွေ လက်ထဲကို ကျွန်မသား ဘယ်လို ရောက်သွားတယ်ဆိုတာ မသိပါဘူး။ ကျန်းမာရေးကလည်း ဘယ်လိုဖြစ်သွားတာလဲ မသိဘူး” ဟု ဒေါ်ဟာစီနားက စစ်တွေမြို့အနီး သက်ကယ်ပြင် ဒုက္ခသည်စခန်းအတွင်းမှ သူ၏ သန့်သန့်ရှင်းရှင်း မရှိသည့် ခနော်နီခနော်နဲ့ အိမ်၏ ကြမ်းပြင်ပေါ်တွင် ထိုင်နေလျက် ပြောသည်။

သူ၏ သားဖြစ်သူသည် ဒေါ်လာ ၁,၆ဝဝ ပေးမည့် မလေးရှားမှ အလုပ်ရှင်တစ်ယောက်နှင့် အဆက်အသွယ် ရခဲ့သည်။ သားဖြစ်သူသည် လွန်ခဲ့သည့်နှစ်မှစ၍ တင်ခဲ့သည့် ယင်းအကြွေးကို ဆပ်နိုင်ရန် ယခုအချိန်အထိ အလုပ်လုပ်နေရသည်။ နှစ်လ၊ သုံးလလျှင်တစ်ကြိမ် ကျပ် ခြောက်သောင်းခန့်သာ အိမ်သို့ ပြန်ပို့နိုင်ပြီး မိသားစုက တင်နေသည့် အကြွေးများကို ယင်းငွေဖြင့် ဆပ်ရသည်။

ကလေး ၇ ဦး၊ ပန်းနာရောဂါစွဲကပ်နေသူ ခင်ပွန်းတို့နှင့်အတူ မိသားစုအိမ်စရိတ်အတွက် ရှာဖွေနိုင်ခဲ့သော်လည်း သားဖြစ်သူ၏ ပြဿနာကို ဖြေရှင်းပေးနေရဆဲဖြစ်ကြောင်း ဒေါ်ဟာစီနားက ရှင်းပြသည်။

“ကလေးတွေကို အလုပ်ရှာဖို့ လှေနဲ့ ထည့်လိုက်ချင်ပေမယ့် လူပွဲစားတွေလက်ထဲကို ရောက်သွားမှာ စိုးတာနဲ့ မလုပ်ရဲဘူး” ဟု ဒေါ်ဟာစီနားက ပြောသည်။

မြန်မာနိုင်ငံတွင်း မကြာသေးမီနှစ်များက လူမျိုးရေးအကြမ်းဖက်မှု၊ အသားအရောင်ခွဲခြားမှုကဲ့သို့ သော ပြဿနာတို့ကြောင့် ရိုဟင်ဂျာအများအပြား ထွက်ပြေးခဲ့ရသည်။ ၎င်းတို့ထဲမှ အများအပြားသည် လူကုန်ကူးသူတို့၏ လက်တွင်းသို့ ရောက်သွားပြီး အချို့မှာ ငွေနှင့် လာမရွေးပါက သတ်ပစ်မည်ဟူသော ခြိမ်းခြောက်မှုများ ရရှိခဲ့သည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားသည့် ရိုဟင်ဂျာအရေအတွက် သိသိသာသာ ကျဆင်းသွားကြောင်း လူ့အခွင့်အရေး အုပ်စုများက ပြောသည်။ ထိုင်း၊ မလေးရှားကဲ့သို့သော နိုင်ငံများတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်း လုပ်ဆောင်နေခြင်း၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လွှတ်တော်နေရာ အများစုအတွက် နေရာရခဲ့ခြင်းတို့ကြောင့် ဖြစ်သည်ဟု အဆိုပါ အဖွဲ့များက ပြောသည်။

မြန်မာအစိုးရက နိုင်ငံအတွင်းရှိနေသည့် ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းခန့်ကို နိုင်ငံသား အသိအမှတ်မပြုဘဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရောက်ရှိလာသည့် ဘင်္ဂါလီများဟုသာ ခေါ်ဝေါ်သုံးစွဲသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း သွားရောက်ခွင့် ပိတ်ပင်ခံထားရပြီး စာသင်ခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း မရပေ။

စစ်တွေမြို့ပြင်မှ ဒုက္ခသည်စခန်းအသီးသီးတွင် ဒေါ်ဟာစီနားကဲ့သို့ တွေ့ကြုံခံစားရခဲ့သည့် ဘင်္ဂါလီ အများအပြား ရှိနေသည်။ ယင်းအဖြစ်အပျက်များ သူတို့အကြားတွင် တစ်ဆင့်စကားတစ်ဆင့်နား ကြားနေရပြီး ရက်ပေါင်းများစွာ သွားရမည့် လှေစီးခရီးအတွက် သူတို့ စိုးရိမ်နေကြသည်။ မကြာသေးခင်က တွေ့ဆုံ စကားပြောခဲ့ရသည့် ရိုဟင်ဂျာများက ထိုသို့ သွားရမည်ကို ထိတ်လန့်ကြောင်း ပြောသည်။

“ဒီရာသီမှာ အောက်တိုဘာလကစလို့ လှေနည်းနည်းထွက်ခဲ့ပေမယ့့် အခုနှစ်ပိုင်းမှာတော့ ထွက်တဲ့လှေ လုံးဝမရှိပါဘူး။ ထိုင်းအစိုးရက သေသေချာချာ ဖမ်းဆီးနေလို့ လူကုန်ကူးသူတွေ ဝင်လို့မရတာက အဓိကအကြောင်းတစ်ခုပါ။ နောက်တစ်ချက်က မလေးရှားမှာလည်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေက ရှာဖွေ ဖမ်းဆီးနေတယ်လို့ သိရပါတယ်” ဟု ရိုဟင်ဂျာများကို အကူအညီပေးနေသော၊ ရွှေ့ပြောင်းသွားလာမှုများကို စောင့်ကြည့်နေသော ရခိုင်စီမံကိန်းမှ Chris Lewa က ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများတွင် တန်းစီစောင့်ဆိုင်းနေသည့် ခိုလှုံခွင့်တောင်းခံလာသူများကို မလေးရှားရဲများက ဖမ်းဆီးခဲ့သည်။ ယခုအခါ မလေးရှား ထိန်းသိမ်းရေးစခန်းများတွင် ၂,၅ဝဝ ခန့် ရှိနေကြောင်း သူက Myanmar Now ကို ရှင်းပြသည်။

“ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်က ရောက်လာခဲ့တဲ့ ရိုဟင်ဂျာတွေက မှတ်ပုံတင်မရှိသလို အလုပ်လည်း ရှာရတာမလွယ်လို့ အဆင်မပြေကြပါဘူး” ဟု Chris Lewa က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည့် Fortify Rights ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ Matthew Smith က ရခိုင်ပြည်နယ်မှ ထွက်ခွာသည့် ရိုဟင်ဂျာ/ဘင်္ဂါလီအရေအတွက် ကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း လျှို့ဝှက်စွာ ထွက်ကြသည့် သဘောသဘာဝအရ အရေအတွက်ကို မှန်းဆရန် မလွယ်ကူဟု ဆိုသည်။

ထို့ပြင် လူကုန်ကူးဂိုဏ်းများ ရှိနေသေးသောကြောင့် ၎င်းတို့အနေဖြင့် အခွင့်အရေးရပါက ပြန်လည်လှုပ်ရှားမည့် အလားအလာများလည်း ရှိနေကြောင်း Matthew Smith က ပြောသည်။

မြန်မာနိုင်ငံအတွင်း မျှော်လင့်ချက်များ ရှိနေသေး

ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် ရိုဟင်ဂျာတို့အကြား လူမျိုးရေးအဓိကရုဏ်း စတင်ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်၍ မွတ်စလင်အများစုအပါအဝင် လူပေါင်း ၁၄ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သောင်းဂဏန်းအထိရှိသော ရိုဟင်ဂျာတို့သည် ရခိုင်ပြည်နယ်အတွင်းမှ လှေများဖြင့့် ထွက်ခွာသွားခဲ့သည်။

ရှေးဆယ်စုနှစ်ပေါင်းများစွာကပင် အသုံးပြုခဲ့သည့် ရက်သတ္တပတ်ပေါင်းများစွာကြာမြင့်သော ရေလမ်းခရီးကို ခိုင်ခန့်မှုမရှိသည့် လှေများဖြင့် ဖြတ်သန်းကြရာ အများအပြားသည် လူကုန်ကူးသမားတို့အတွက် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။

အိုးအိမ်စွန့်ခွာခဲ့ရသူ ၅,၆ဝဝ ခန့်ကို လက်ခံထားရှိသည့် သက်ကယ်ပြင်ကျေးရွာတွင် ၎င်းတို့ အများစု နေထိုင်ပြီး နေ့စဉ်ဘဝရှင်သန်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရသည့်အပြင် ခွဲခြားဆက်ဆံခံရမှုသည် အမြဲတမ်းကြုံတွေ့နေသည့် ပြဿနာဖြစ်လာသည်။

အဆိုပါ မိသားစုများမှ ကလေးများသည် ဒုက္ခသည်စခန်းအနီးရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် တက်နေပြီဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်က ယင်းကျောင်းမရှိသေး။ အကူအညီပေးရေးအဖွဲ့အစည်းများနှင့် အစိုးရက ဒုက္ခသည်စခန်းများအနီးတွင် ကျောင်း၊ ဆေးခန်းများ ထပ်မံ တည်ဆောက်ထားသည်။

လက်ရှိအစိုးရက ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ထားသော်လည်း ရိုဟင်ဂျာ/ဘင်္ဂါလီတချို့က နေရပ် စွန့်ခွာမှုမပြုကြခြင်းမှာ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသစ်လက်ထက်တွင် သူတို့အတွက် အခြေအနေကောင်းလာနိုင်မည်ဟု မျှော်လင့်နေကြခြင်းကြောင့် ဖြစ်ကြောင်း Fortify Rights အဖွဲ့မှ Matthew Smith က ရှင်းပြသည်။

“ရခိုင်ပြည်နယ်က မွတ်စလင်တွေက ဒေါ်စုအနေနဲ့ သူတို့အတွက် ပိုကောင်းလာအောင် လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် " ဟု သူက ပြောသည်။

ရိုဟင်ဂျာ/ဘင်္ဂါလီများကို ခါးခါးသီးသီး ဆန့်ကျင်သော ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ် လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံးရရှိထားသော်လည်း မွတ်စလင်တို့က ယင်းကဲ့သို့ မျှော်လင့်ထားသည်။ NLD က လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်စဉ် မွတ်စလင်တစ်ဦးတစ်ယောက်မျှ မပါဝင်သလို ရိုဟင်ဂျာတို့ ကြုံတွေ့နေရသည့် နှိပ်စက်ခံရမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြစ်တင်ရှုတ်ချခြင်းလည်း မပြုလုပ်ခဲ့ပေ။

အသက် ၆၅ နှစ်အရွယ် ဦးစူလတန်က NLD အစိုးရသည် အပြောင်းအလဲအတွက် အကောင်းဆုံးမျှော်လင့်ချက်ဖြစ်နေသည်ဟု ပြောကြားသည်။ စူလတန်သည် တစ်ချိန်က စစ်တွေတွင် တိုက်ဖြင့်နေထိုင်ကာ စီးပွားရေးလုပ်ငန်း သုံးခုရှိခဲ့သော်လည်း ယခုအခါ အဆိုပါ ဘဝအခြေအနေနှင့် များစွာကင်းကွာသွားပြီဟု ဆိုသည်။ ဝေးဝေးလံလံသွားလာရန်လည်း မဖြစ်နိုင်တော့သကဲ့သို့ သူ့သမီးသုံးယောက်ကိုလည်း အခြားသူများကဲ့သို့ အလုပ်သွားလုပ်ခိုင်းမည်မဟုတ်ဟု ပြောသည်။ ယခုအခါ ဦးစူလတန်သည် သူငယ်ချင်းတစ်ယောက် ဝယ်ပေးထားသည့် ဆိုင်ကယ်တစ်စီးဖြင့် ကျပ် ၁၅ဝ တန် သွားတိုက်ဆေးများကို အနီးဝန်းကျင်ရွာများ၊ ဒုက္ခသည်စခန်းများတွင် လှည့်လည်ရောင်းချလျက် အသက်မွေးဝမ်းကြောင်း နေသည်။

“ကျွန်တော်တို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက မဲပေးခွင့်မရခဲ့တာ တကယ်စိတ်မကောင်းပါဘူး။ လာမယ့်အစိုးရသစ်လက်ထက်မှာတော့ အခြေအနေတွေ ပိုကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဇနီးနှင့် ၂၆ ရက်သား အရွယ်သာရှိသေးသည့် ကလေးငယ်တစ်ဦးအပါအဝင် သမီး ၇ ဦး နံဘေးတွင် ထိုင်နေသည့် ဦးစူလ်တန်ကပြောသည်။

သမ္မတဦးသိန်းစိန်အစိုးရက ရိုဟင်ဂျာတို့၏ တရားဝင် အထောက်အထား လက်မှတ်များကို ပြီးခဲ့သည့် နှစ်အတွင်းက ပြန်သိမ်းသွားခဲ့သောကြောင့် ၎င်းတို့ မဲပေးခွင့်မရတော့သဖြင့် ရိုဟင်ဂျာတို့ကို အကူအညီပေးနေသည့် နိုင်ငံတကာအသိုင်းအဝန်းက ဝေဖန်ပြစ်တင်ခဲ့သည်။

ဦးစူလ်တန်က “ကျွန်တော်တို့ကို ကူညီတဲ့နိုင်ငံတကာ အသိုင်းအဝန်းကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ အကူအညီကြောင့် ကျွန်တေ်ာတို့ အသက်ရှင်နေရတာပါ။ ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ချင်ပါတယ်။ အရင်လို နေခဲ့ရတဲ့ ဘဝမျိုးကို ပြန်လိုချင်တယ်” ဟု ပြောသည်။

မတရားခံရမှု ဖြစ်ရပ်များ

လှေနှင့် ခိုးထွက်သည့် ခရီးစဉ်များအတွင်း မတရားခံရမှု ဖြစ်ရပ်များကြောင့် သွားလာမှု လျော့ကျသွားသည်။ ၅ နှစ်အောက် ကလေးသုံးယောက်တို့၏ဖခင် ၄၃ နှစ်အရွယ် ဦးဝင်းနိုင်က “လှေပေါ်မှာဖြစ်ဖြစ်၊ ထိုင်းကို ရောက်ရင်ပဲဖြစ်ဖြစ် ကျွန်တော် တစ်စုံတစ်ရာဖြစ်သွားရင် ကျွန်တော့်မိန်းမနဲ့ ကလေးတွေ ဘယ်လိုလုပ်မလဲ။ အဲဒီလို သွားရင်းနဲ့လည်း သေသွားနိုင်တယ်” ဟု ပြောသည်။

ဒေါ်ဟာစီနား၏ အိမ်နီးချင်း ကလေးနှစ်ယောက်ဖခင် အသက် ၂၅ နှစ်အရွယ် ကိုမူလာ ကလည်း ထိုသို့ စိတ်ကူးမိသည်ဟု ဆိုသည်။ လက်လုပ်လက်စားဘဝကိုစွန့်ပြီး ပုံမှန်ဝင်ငွေတစ်ခုရရန် လွန်ခဲ့သည့် သီတင်း ခြောက်ပတ်ခန့်က ဒုက္ခသည်စခန်းမှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့သော်လည်း ဦးဝင်းနိုင်ပြောသည့်အတိုင်း စဉ်းစားမိပြီး အစီအစဉ်ကို ဖျက်လိုက်ကြောင်း Myanmar Now ကို ရှင်းပြသည်။

ယောက်ဖဖြစ်သူ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကြောင့် သူ့ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွားသည်။ လွန်ခဲ့သည့် တစ်နှစ်ခွဲခန့်က ဒုက္ခသည်စခန်းမှ ထွက်သွားသော သူ့ယောက်ဖကို လူပွဲစားက ထိုင်းနိုင်ငံရှိ သားသတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံတွင် ဒေါ်လာ ၈၅ဝ ဖြင့် ရောင်းချခဲ့သည်။

“သူထွက်သွားတုန်းက အင်အားဖြည့် ဘီစကွတ် ၂ ထုပ်ပဲ ပါသွားတယ်။ သူတို့ထိုင်းကိုရောက်တော့ သားသတ်သမားက ကျွန်တော့် ယောက်ဖ ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်တာကို သဘောကျသွားတယ်” ဟု ကိုမူလာက ပြောသည်။

လပေါင်းများစွာကြာသော်လည်း စားစရာအနည်းငယ်မှအပ လုပ်ခငွေပေးခြင်းမရှိသောကြောင့် ယောက်ဖဖြစ်သူူသည် အလုပ်မှ ထွက်ပြေးပြီး အလုပ်ရှင်သစ်ရှာဖွေခဲ့သည်။ သို့သော်လည်း သားသတ်သမား အလုပ်ရှင်က သူ့ကို ရှာတွေ့သွားပြီး ခြိမ်းခြောက်ကာ ပြန်ခေါ်သွားခဲ့သည်ဟု ကိုမူလာက ပြောသည်။ လွန်ခဲ့သော ငါးလခန့်က ယင်းအဖြစ်အပျက်ကို သူ့ထံမှ နောက်ဆုံးကြားခဲ့ရပြီး ယခုအခါ ငွေလည်း မပို့နိုင်ကြောင်း ရှင်းပြသည်။

“သူ့အဖြစ်အပျက်ကို ကြားရတာ တကယ်ကို ထိတ်လန့်စရာပဲ။ ဒီပုံစံနဲ့ အသက်ရှင်ဖို့ ဘယ်လွယ်မလဲ။ ကျွန်တော့်မှာ ကလေးနှစ်ယောက်နဲ့ မိန်းမတစ်ယောက်ရှိတယ်။ ဒီနေရာမှာ ကျွန်တော်သေရင်တောင် ကျွန်တော့်မိသားစုက အနားမှာ ရှိသေးတယ်” ဟု ကိုမူလာက ပြောသည်။ ။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading