သတင်း

တမူးတွင် စစ်ကောင်စီတပ်က ဂေါ်ရခါးဇနီးမောင်နှံကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဂေါ်ရခါးလူမျိုးဇနီးမောင်နှံ နှစ်ဦးကို ပစ်သတ်ပြီး ရေမြောင်းအတွင်း ပစ်ချခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဂေါ်ရခါးလူမျိုးဇနီးမောင်နှံ နှစ်ဦးမှာ နွားနို့ပို့နေစဉ် တမူးမြို့၊ မြို့မရပ်ကွက်၊ ပါဟဲတံတားအနီးတွင် ဧပြီ ၁၃ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ 

“ဂေါ်ရခါးလင်မယားနှစ်ယောက်မှာ နွားနို့တွေပါတယ်။ ဆိုင်ကယ်ပါတယ်။ ပစ်ပြီး မြောင်းထဲ ကန်ချထားတာ” ဟု တမူးမြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

ဂေါ်ရခါးလူမျိုးဇနီးမောင်နှံ နှစ်ဦး၏ ရုပ်အလောင်းနှစ်လောင်းကို လူမှုရေးအသင်းတစ်ခုက သွားရောက်ယူဆောင်ပြီး ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားခဲ့ရပြီး စစ်ကောင်စီလက်နက်ကိုင်တပ်များက ရုပ်အလောင်း လာလုယူမည် စိုးရိမ်သည့်အတွက် ယမန်နေ့ ညနေပိုင်းတွင် ဂေါ်ရခါးထုံးစံနှင့်အညီ သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

သေဆုံးသူများမှာ တမူးမြို့၊ မြို့မ ၁၁ ရပ်ကွက် (အောက်ကျင်း)တွင် နေထိုင်သူ အသက် ၄၀ ကျော် ဝန်းကျင်အရွယ် ဦးကိစ္စနားနှင့် ဒေါ်ဟော်ရီမာယာဖြစ်ပြီး ၎င်းတို့တွင် အရွယ်မရောက်သေးသည့် သားသမီးသုံးဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။ 

တမူးမြို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက လမ်းသွားလမ်းလာ အမျိုးသားသုံးဦးနှင့် အမျိုးတစ်ဦးကိုလည်း စစ်ကောင်စီလက်နက်ကိုင်များက ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

တမူးမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များက လမ်းသွားလမ်းလာများကို အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၅ ဦးအထိ ရှိလာပြီဖြစ်သည်။ 

ဧပြီ ၁၀ ရက်တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်သည့်အတွက် လမ်းသွားလမ်းလာ ၂ ဦးကျဆုံးရာမှ လက်နက်ကိုင်တပ်များနှင့် ဒေသခံများ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ 

ဧပြီ ၁၁ ရက်တွင်လည်း ခရိုင်ရဲတပ်ဖွဲ့ရုံးရှေ့ ဖြတ်သန်းသွားသည့် ဆိုင်ကယ်တစ်စီးကို လက်နက်ကိုင်များက ပစ်ခတ်သည့်အတွက် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ 

ယနေ့ (ဧပြီ ၁၄) နံနက်ပိုင်းတွင်လည်း တမူးမြို့ စန္ဒကူးရပ်ကွက်နှင့် စျေးတန်းရပ်ကွက်အတွင်းရှိ နေအိမ်များကို စစ်ကောင်စီလက်နက်ကိုင်များက ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

“ဒီနေ့ မနက်ပိုင်းတော့ ပစ်တာခတ်တာတွေ မရှိသေးဘူး။ ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေမှာ ပါတဲ့သူလို့ မသင်္ကာတဲ့သူတွေရဲ့အိမ်ကို မနက်ပိုင်းကတည်းက တစ်အိမ်တက်ဆင်း ဝင်ရှာတာတွေလုပ်နေတယ်” ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။ 

တမူးမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ ပစ်ခတ်သတ်ဖြတ်မှုများ၊ အိမ်များအတွင်း ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများကြောင့် တမူးမြို့ခံအများစု အိန္ဒိယနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ 

တမူးမြို့တွင် ပြီးခဲ့သည့်ရက်များအတွင်း စစ်ကောင်စီလက်နက်ကိုင်တပ်များကို ဒေသခံများက ရိုးရာလက်လုပ် တူမီးသေနတ်များအပါအဝင် ရရာလက်နက်များဖြင့် ပြည်လည်ခုခံတိုက်ခဲ့သည်။ 

ထို့ပြင် CDM ပြုလုပ်ထားသော ရဲတစ်ဦး ဦးဆောင်ကာ ဧပြီ ၁ ရက်တွင် တမူးမြို့ နန်းဖာလုံရဲကင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။

Show More

Related Articles

Back to top button