သတင်း

ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသူကို ဆိုင်ကယ်မှောက်သေဆုံးကြောင်း စစ်ကောင်စီဖန်တီး 

စစ်ကောင်စီလက်နက်ကိုင်များ ညှဉ်းပန်းရိုက်နှက်ခဲ့သည့် ဒဏ်ရာဖြင့် သေဆုံးခဲ့သူကို ဆိုင်ကယ်မှောက်သဖြင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲများက ပြောဆိုကြောင်း သေဆုံးသူ၏ မိသားစုဝင်များက ဆိုသည်။ 

သေဆုံးသူမှာ အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်တွင် နေထိုင်သူ ၃၉ နှစ်အရွယ် ကိုကျော်လွင်ထွေးဆိုသူဖြစ်ပြီး ရပ်ကွက်အတွင်း မသင်္ကာဖွယ်ရာ ကားတစ်စီးဝင်လာသည်ဆိုသော သတင်းကြောင့် ဆိုင်ကယ်ဖြင့် နောက်မှလိုက်ကြည့်စဉ် ပြန်မလာသဖြင့် မိသားစုဝင်များက လိုက်လံစုံစမ်းရာ သေဆုံးခဲ့ကြောင်း သိခဲ့ရသည်။ 

အဆင့်ဆင့်စုံစမ်းရင်း နံနက် ၁၁ နာရီခွဲခန့်တွင် ကိုကျော်လွင်ထွေး၏ ရုပ်အလောင်းကို လှိုင်သာယာဆေးရုံ၌ တွေ့ရှိခဲ့ရပြီး ယာဉ်တိမ်းမှောက်မှုဖြင့် ရောက်ရှိလာသော လူနာဖြစ်သည်ဟု ဆေးရုံက ပြောကြောင်း ကိုကျော်လွင်ထွေး၏ ဇနီးဖြစ်သူက ပြောသည်။

“သူ့ရဲ့ဒဏ်ရာက မတော်တဆကြောင့် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မျက်နှာတစ်ခုလုံးလည်း ညိုမည်းစွဲနေတယ်။ ဆိုင်ကယ်က စုတ်ပြတ်သတ်နေရမှာ။ ဆိုင်ကယ်က စုတ်ပြတ်မသတ်ဘူး။ ရှေ့မီးလုံးလေးတစ်လုံး ရိုက်ခွဲ ထားတဲ့ ပုံစံမျိုးနဲ့” ဟု ကိုကျော်လွင်ထွေး၏ ဇနီးဖြစ်သူ ဒေါ်ဇာနည်ဝင်းက ဆိုသည်။

အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက်၊ ဗုဒ္ဓသာသနာပြုကျောင်းလမ်းတွင် နေထိုင်သူ ကိုကျော်လွင်ထွေးသည် မျက်လုံးညိုမည်းစွဲ၊ နှာခေါင်းရိုးကျိုး၊ ဦးခေါင်းနောက်စေ့ကွဲ၊ ယာဘက်ချိုစောင်းပေါက်ပြဲ၊ ယာဘက်ပခုံးပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက်ဓားခြစ်ဒဏ်ရာများဖြင့် ဧပြီ ၁၂ ရက်က သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ရဲ၊ စစ်တပ်နှင့် မြို့နယ်ထွေအုပ် ပူးပေါင်းကင်းလှည့်သည့်အဖွဲ့က ကိုကျော်လွင်ထွေး၏ ရုပ်အလောင်းကို လူနာတင်ယာဉ်ဖြင့် ပို့ပေးခဲ့ပြီး ယာဉ်တိုက်မှုဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်ဟု ဆိုသည်။  

ရပ်ထားသည့် ဆိုင်ကယ်‌အနီးတွင် ကိုကျော်လွင်ထွေး မှောက်လျက်လဲနေသည့် ဓာတ်ပုံကို စစ်ကောင်စီကင်းအဖွဲ့က ယာဉ်ထိန်းရဲတပ်ဖွဲ့ထံ ပေးပို့လိုက်ပြီး နံနက် ၇ နာရီခန့် ယာဉ်ထိန်းရဲများရောက်ရှိချိန်တွင် ကိုကျော်လွင်ထွေး၏ ရုပ်အလောင်းကို မတွေ့ရတော့ဟု ဆိုသည်။   

“မြင်တဲ့သူကပြောတော့ ကျောင်းအဝမှာတဲ့။ အဲ့ထဲကို တစ်ယောက်ခေါ်သွားတာ တွေ့တယ်တဲ့။ ပြီးတော့မှ အပြင်ကို ပြန်ထုတ်လာပြီးတော့ လူနာတင်ယာဉ်လှမ်းခေါ်တယ်တဲ့။ သူတို့ပြောခိုင်းတဲ့အတိုင်းပဲ ကားသမားကလည်း ပြောပြီးတော့ မတော်တဆဖြစ်ပြီး လဲနေတယ်ဆိုပြီး တင်ပေးလိုက်တယ်တဲ့” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကားလျက် ကိုကျော်လွင်ထွေး၏ဇနီး ဒေါ်ဇာနည်ဝင်းက ပြောသည်။ 

ထို့ပြင် ကိုကျော်လွင်ထွေးသည် ဆိုင်ကယ်ဦးထုပ်ဆောင်းသွားပြီး ၎င်း၏ လက်ကိုင်ဖုန်းမှာလည်း ယာဉ်တိုက်မှုဖြစ်ပွားသည်ဟု ယာဉ်ထိန်းရဲများက ပြောသော အထက ၃ အနီးတဝိုက်တွင် ရှာမတွေ့ကြောင်း ဒေါ်ဇာနည်ဝင်းက ဆိုသည်။ 

ရင်ခွဲစစ်ဆေးထားသော ကိုကျော်လွင်ထွေး၏ ရုပ်အလောင်းကို လှိုင်သာယာဆေးရုံမှ ယနေ့ (ဧပြီ ၁၃) မွန်းလွဲပိုင်းတွင် ထုတ်ယူရရှိခဲ့ပြီး သေဆုံးသည့်အကြောင်းရင်းနှင့် ပတ်သက်၍ မှုခင်းဆရာဝန်က ဆေးစစ်ချက်ထုတ်မပေးခဲ့ဟု သိရသည်။

ရုပ်အလောင်းကို ထုတ်ယူပြီးနောက် ကိုကျော်လွင်ထွေးကို မိသားစုဝင်များက ရေဝေးသုသာန်၌ ချက်ချင်းသင်္ဂြိုဟ်ပြီး နာရေးပြုလုပ်ခဲ့ကြသည်။

ဟိုတယ်ဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူ ကိုကျော်လွင်ထွေးသည် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် အလုပ်ပြုတ်ပြီးနောက် ဆိုင်ကယ်ကယ်ရီမောင်းကာ အသက်မွေးနေရသူဖြစ်သည်။

ကိုကျော်လွင်ထွေးသေဆုံးပြီးနောက် ဇနီးဖြစ်သူနှင့်အတူ အရွယ်မရောက်သေးသူ သမီးမိန်းကလေးနှစ်ဦး ကျန်ရစ်ခဲ့သည်။

Show More

Related Articles

Back to top button