ဆောင်းပါး

ပြည်သူတချို့ကို စစ်ခုံရုံးက သေဒဏ်ချခြင်းဖြင့် ခြိမ်းခြောက်နေ

အာဏာသိမ်းစစ်ကောင်စီက ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ရန်ပြုတိုက်ခိုက်သည်ဟုဆိုကာ ပြည်သူအချို့ကို စစ်ခုံရုံးဖြင့် သေဒဏ်အမိန့်ချမှတ်ကြောင်း သတင်းထုတ်ပြန်နေခြင်းမှာ ပြည်သူများအကြား အကြောက်တရားဝင်လာရန် ရိုက်သွင်းနေခြင်းသာဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

“သေဒဏ်လို့သာ ကြေညာတာပါ။ မဟုတ်လည်း သတ်နေတာပဲ။ လက်လွတ်စပယ်လုပ်နေတာ မြေပြင်မှာ တွေ့နေရတာပဲ။ အကြောက်တရားကိုမှ တရားဝင်ဖြစ်ပါတယ်၊ ဥပဒေကြောင်းအရ လုပ်တာပါဆိုတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်တယ်လို့ပဲ မြင်ပါတယ်” ဟု ဥပဒေရေးရာများ အခမဲ့ကူညီပေးနေသည့်အဖွဲ့မှ ရှေ့နေတစ်ဦးက ဆိုသည်။

စစ်ကောင်စီသည် ပြည်သူများကို အကြောက်တရားဖြင့် ဖိနှိပ်ရန် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေပြီး ၎င်းတို့၏ ဖိနှိပ်ရေးယန္တရား အသက်ဝင်အောင် ဥပဒေများကို လိုသလိုပြဋ္ဌာန်းနေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အဆိုပါရှေ့နေက ပြောသည်။  

စစ်အရာရှိတစ်ဦးကို ရိုက်နှက်ပြီး ၎င်း၏ နောက်လိုက်ကို သတ်ဖြတ်ကာ သေနတ်လုယူသည်ဟု စွပ်စွဲပြီး စစ်အုပ်ချုပ်ရေးသက်ရောက်နေသည့် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ပြည်သူ ၁၉ ဦးကို စစ်ခုံရုံးက သေဒဏ်အမိန့်ချမှတ်ကြောင်း ဧပြီ ၉ ရက် ညပိုင်းတွင် စစ်ကောင်စီပိုင် ရုပ်သံလိုင်းများမှ ကြေညာလိုက်သည်။ 

မြန်မာနိုင်ငံ၌ သေဒဏ်ပေးကွပ်မျက်မှုအတွက် နိုင်ငံတော်သမ္မတ၏ အတည်ပြုချက်လိုအပ်ပြီး ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်အစိုးရလက်ထက်မှစ၍ ယနေ့အထိ တရားရုံးများက သေဒဏ်အမိန့်ချမှတ်တတ်သော်လည်း အကျဉ်းထောင်တွင် ကွပ်မျက်စီရင်ခြင်း မရှိသေးဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။

“ခြောက်လှန့်တာပေါ့။ သေဒဏ်ချလိုက်တယ်။ တကယ်ကျင့်သုံးမှာမဟုတ်ပါဘူး။ ဦးသန်းရွှေလက်ထက်မှာ အာဏာသိမ်းပြီးတော့ စစ်ခုံရုံးက သေဒဏ်ပေးတာတွေ အများကြီးပဲ။ ဒါပေမယ့် ဘယ်သူ့ကိုမှ မသတ်ပါဘူး” ဟု ၎င်းက ပြောသည်။

လတ်တလော သေဒဏ်စီရင်ချက်တို့သည် အကြောက်တရားနှင့် ဆက်စပ်နေသည်ဟု ကရင်ပြည်နယ်၊ မြဝတီမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးအောင်က ပြောသည်။

“သူတို့ကို မကြောက်ကြောက်အောင် လုပ်မယ့်လမ်းစဉ်က အဓိကကိုး။ ပြည်သူအားလုံးက သူတို့ကို ကြောက်နေစေချင်တာ၊ ငြိမ်ဝပ်ပိပြားနေစေချင်တာ၊ သူတို့ကို သစ္စာခံမယ်။ သူတို့ပြောစကားကို နားထောင်မယ်ဆိုရင် ချက်ချင်း သေဒဏ်ကနေ လွတ်မယ့်သဘောရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

အရပ်ဘက်တရားရုံးတွင် သေဒဏ်ကို အနိမ့်ဆုံးခရိုင်အဆင့်တရားရုံးက အမိန့်ချမှတ်ရပြီး ၇ ရက်အတွင်း အယူခံဝင်ရသည်။ ပြည်နယ်နှင့်တိုင်းတရားရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်သမ္မတအထိ အဆင့်ဆင့် အယူခံဝင်ခွင့်ရှိပြီး နိုင်ငံတော်သမ္မတက ထိုအယူခံကို ပယ်ချမှသာ သေဒဏ်အမိန့်အတည်ဖြစ်သည်။

“သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားလည်ပတ်ဖို့က သူတို့အာဏာ စိုးမိုးဖို့လိုတယ်လေ။ ဒီအပေါ်မှာ ပြည်သူအနေနဲ့ သူတို့ရဲ့အုပ်ချုပ်မှုအောက်မှာနေဖို့ စံပြအနေနဲ့ သေဒဏ်ချတာလည်းဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့မှ ရှေ့နေတစ်ဦးက သုံးသပ်သည်။

လက်ရှိတွင် စစ်ခုံရုံးက သေဒဏ်အမိန့်ချထားသည့်အမှုများကို အာဏာသိမ်းစစ်ကောင်စီထံ ပြင်ဆင်ချက် (အယူခံဝင်) တက်ရမည်ဖြစ်ပြီး ပြင်ဆင်မိန့် ပေး၊ မပေးမှာ စစ်ကောင်စီအပေါ် မူတည်ကြောင်း ၎င်းက ဆိုသည်။

“ဥပဒေဆိုတာက အုပ်ချုပ်မှုယန္တရား တည်မြဲအောင်လုပ်တဲ့ လက်နက်တစ်ခုပဲလေ။ အခုကိစ္စမှာလည်း ဒီသဘောမျိုး ပါပါလိမ့်မယ်။ ဒီလိုလုပ်မှ နောက်လူတွေ လုပ်ရဲမှာမဟုတ်ဘူးဆိုတဲ့ ပေါ်လစီပေါ်လည်း မူတည်မယ်လို့ ကျွန်တော် ထင်တယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်တပ်က ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ကို မတ် ၃ ကတည်းက အကြမ်းဖက်ဖြိုခွဲရာ လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၅၀ ကျော် ရှိသည်ဟု ထိုမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

အတည်မပြုနိုင်သော စာရင်းများအရ ယင်းနေ့က သေဆုံးသူ ၂၀ ထက်မနည်း ရှိနိုင်ကြောင်း ဆန္ဒပြသူများက ပြောသည်။ 

မတ် ၃ က စစ်တပ်နှင့် ရဲများက ကားတာယာများကို မီးရှို့ကာ စတင်ပစ်ခတ်ဖြိုခွင်းချိန်တွင် မြောက်ဥက္ကလာ ဆန္ဒပြည်သူများ ထွက်ပြေးနေကြစဉ်။ (ဓာတ်ပုံ − Myanmar Now)

ကန်သာယာပန်းခြံအနီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့က မတ် ၁၀ နံနက်တွင် အင်အားသုံးဖြိုခွင်းခဲ့ပြီး လူငယ် ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

ထို့နောက် အာဏာသိမ်းစစ်ကောင်စီသည် မတ်လ ၁၄၊ ၁၅ ရက်တွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ပစ်ခတ်နှိမ်နင်းခဲ့သည်။

ထို့ပြင် စစ်အုပ်ချုပ်ရေးကာလတွင် ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးဖြင့် အမိန့်ချစီရင်မည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

မတ် ၂၇ မွန်းလွဲပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (ည) ရပ်ကွက်၊ ခေမာကျောင်းလမ်းနှင့် ဧရာ ၁၅ လမ်းထောင့်အနီးတွင် လူသတ်မှု၊ ဓားပြမှု ကျူးလွန်သည်ဟု စစ်ခုံရုံးက စွပ်စွဲကာ ပုဒ်မ ၃၉၆ (ဓားပြမှု)၊ ၃၉၇ (လူသတ်မှု)တို့ဖြင့် ပြည်သူ ၁၉ ဦးကို ဧပြီ ၈ တွင် သေဒဏ်ချမှတ်လိုက်သည်။ 

အကြောင်းရင်းမှာ ဗိုလ်ကြီးထက်အောင်ကျော်ဆိုသူ၏ ဆိုင်ကယ်နှင့် လိုက်ပါလာသည့် မောင်သန့်စင်ထွေး အသတ်ခံရမှုတွင် ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ၁၉ ဦးအနက် ကိုအောင်အောင်ထက်နှင့် ကိုဘိုဘိုသူတို့ကို ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 

ကျန်လွတ်မြောက်နေသူ ၁၇ ဦး ရှိသည်ဟု စစ်ကောင်စီက ကြေညာထားသည်။

သို့သော် စစ်ကောင်စီက ကြေညာသည့် အခင်းဖြစ်ပွားချိန် မတ် ၂၇ နေ့လယ် သုံးနာရီခွဲဆိုသည်မှာ ဒေသခံများ၏ ပြောပြချက်နှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။

မတ် ၂၇ နံနက် ၆ နာရီကတည်းက စစ်ကားများသည် ရပ်ကွက်ရုံး၌ နေရာယူထားပြီး နံနက် ၈ နာရီခန့်တွင် ဧရာကျောင်းလမ်းနှင့် ဧရာ ၁၅၊ ၁၆၊ ၁၇ လမ်းတို့မှ လူအများအပြားကို စတင်ဖမ်းဆီးနေပြီဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“(ဖမ်းလို့ရတဲ့သူတွေကို) ရုံးထဲထည့်စစ်ပြီး ညနေအထိ လမ်းတွေကို သတင်းရသမျှ လူတွေအကုန်စစ်ဖို့ ဖမ်းကြတော့တာပဲ၊ ညရောက်တဲ့အထိ” ဟု ၎င်းက ပြောသည်။ 

ကိုအောင်အောင်ထက်နှင့် ကိုဘိုဘိုသူတို့ကို မတ် ၂၇ နံနက် ၁၁ နာရီခွဲတွင် နေအိမ်၌ လာရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်တချို့က အတည်ပြုသည်။

“ဧရာကျောင်းလမ်းမှာ ကောင်လေးတွေကို ရိုက်ရိုက်ပြီးမေးတော့ ဘယ်သူဖြတ်သွားတာမြင်လဲ၊ ဘယ်သူလာတာမြင်လဲ၊ စစ်သားတွေက မေးတော့ အဆင့်ဆင့်ရိုက်မေးပြီးလာတာပေါ့။ ဘိုဘိုသူ့ဆီလာတော့ အောင်ထက်ဆိုတဲ့ ကောင်လေးကို လက်ထိတ်ကြီးခတ်ပြီး သူ့ကိုလည်းထုရိုက်ပြီး ဒီအိမ်၊ ဒီအိမ်၊ ဘိုဘိုသူဆိုပြီး အဲဒီလိုလာတာ” ဟု အသက် ၂၈ နှစ်အရွယ် ကိုဘိုဘိုသူ၏ မိခင်က ပြောသည်။

ထမင်းထိုင်စားနေသည့် ကိုဘိုဘိုသူ ထပြေးချိန်တွင် စစ်သားများက ဖမ်းမိသွားပြီး ရိုက်နှက်ဖမ်းဆီးသွားသည်ဟု မိခင်ဖြစ်သူ ဒေါ်အေးအေးသွင်က ပြောသည်။

“ရင်ထဲမှာ မကောင်းဘူး။ ကျွန်မသားကို ရိုက်ထားတာ ဖူးရောင်နေတာပဲ။ မျက်နှာကြီးလည်း အန်းပြီး သွေးတွေကျပြီး ကိုယ့်သားကိုယ်တောင် မှတ်တောင်မမှတ်မိဘူး။ အင်္ကျီမြင်မှ မှတ်မိတယ်၊ တီဗီထဲမှာ မြင်ရတာ” ဟု ၎င်းက ပြောသည်။

အဖမ်းခံရသည့် အသက် ၂၇ နှစ်အရွယ် ကိုအောင်အောင်ထက်သည် ခြေထောက်အသားကြေသဖြင့် ခွဲစိတ်ထားသည့် ဒဏ်ရာကို အနာဆေးထည့်ပြီး နားနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတွင် ခါးနာရောဂါလည်း ရှိကြောင်း၊ ကျန်းမာရေးမကောင်းသဖြင့် အလုပ်သိပ်မလုပ်နိုင်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

“ညဘက်ကဖြစ်တဲ့ကိစ္စအတွက် လာခေါ်သွားတာ။ လူကြီးတစ်ယောက်လိုက်ခဲ့ပြောလို့၊ အောင်အောင်ထက်ရဲ့အဖေ လိုက်သွားတယ်။ (ည) ရပ်ကွက်ရုံးကို ခေါ်သွားတာ။ ဟိုမှာလည်း မသင်္ကာလို့၊ အဖမ်းခံရတဲ့သူတွေရှိတယ်” ဟု မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းက ပြောသည်။

အခမဲ့အမှုလိုက်ပေးမည့် ရှေ့နေတစ်ဦးထံ ဆက်သွယ်ထားပြီး အကျဉ်းဦးစီးဌာနမှတစ်ဆင့် ရှေ့နေက အသနားခံစာတင်ပေးမည်ဟုသာ သိထားကြောင်း ဒေါ်မြင့်မြင့်သန်းက ဆိုသည်။

အပြင်မထွက်ရအမိန့် သက်ရောက်မှုမကုန်သေးသည့် မတ် ၂၇ နံနက်အစောပိုင်းအချိန်တွင် အခင်းဖြစ်ပွားသည်ဟု တစ်ဆင့်ကြားသည့် ဒေသခံများက ပြောသည်။ မျက်မြင်တွေ့ရှိသူများကို အသေးစိတ်အခြေအနေအတွက် မေးမြန်းလိုသော်လည်း Myanmar Now က ဆက်သွယ်ခွင့် မရခဲ့ချေ။

ထိုဖြစ်စဉ်ကြောင့် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်ရုံးတွင် မတ် ၂၇   ည ၈ နာရီအချိန်ထိ လူ ၄၀ နီးပါး ချုပ်နှောင်စစ်ဆေးခံရပြီး ၂၀ ခန့်ကို ဖမ်းဆီးသွားကြောင်း မျက်မြင်ဒေသခံက ဆိုသည်။ 

ထို့ပြင် စစ်ခုံရုံးက ကိုဝင်းထက်(ခ)အလီ၊ ကိုအောင်ဆန်း(ခ)ရာမွတ်တူလာ၊ ကိုသီဟနိုင်(ခ)အဇစ်၊ ဝင်းမင်းစိုး၊ ဒေါ်မူမူမြင့်တို့ကိုလည်း ပြည်သူပိုင်ပစ္စည်းမီးရှို့ဖျက်ဆီးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ 

အယူခံဝင်လိုပါက စစ်ကောင်စီ၏ ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံသို့ လျှောက်ထားနိုင်ပြီး ထိုနှစ်ဦးကသာ ပြစ်ဒဏ်များကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ လုပ်ပိုင်ခွင့်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကတည်းက မြန်မာနိုင်ငံတွင် လက်တွေ့ကျင့်သုံးခြင်းမရှိတော့သည့် သေဒဏ်စီရင်ချက်ကို ချခဲ့သည့် အာဏာသိမ်းစစ်တပ်ကို Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့် နိုင်ငံတကာကလည်း ပြစ်တင်ရှုတ်ချထားသည်။

ဖိနှိပ်မှုဥပဒေများဖြစ်သော ရာဇဝတ်ကျင့်ထုံးဥပဒေ၏ ပုဒ်မ ၅၀၀၊ ၅၀၅(က)၊ ၅၀၅(ခ)၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံသားတို့၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ၊ မတရားအသင်းဥပဒေတို့ကို ပယ်ဖျက်ရန် ယခင်နှစ် ဧပြီလတွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုခဲ့သည်။ 

စစ်အုပ်ချုပ်ရေးကျင့်သုံးသည့် မြို့နယ်များတွင် ကျင့်သုံးသည့် ဥပဒေ ၂၃ ခု

၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၂)

၂။ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု (ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)

၃။ တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေခြင်း (ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)

၄။ တပ်မတော်သားများ သို့မဟုတ် အစိုးရအမှုထမ်းများကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)

၅။ ရာဇသတ်ကြီးပုဒ်မ ၅၀၅

၆။ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ထိတ်လန့်စေခြင်း 

၇။ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း (ရာဇသတ်ကြီးပုဒ်မ ၅၀၅၀-က)

၈။ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ

၉။ လက်နက်အက်ဥပဒေအရပြစ်မှုများ

၁၀။ လူသတ်မှု

၁၁။ လူသေမှု

၁၂။ မုဒိမ်းမှု

၁၃။ လုယက်မှု

၁၄။ ဓားပြမှု

၁၅။ အဂတိလိုက်စားမှု

၁၆။ ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုများ

၁၇။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ ပြစ်မှုများ

၁၈။ ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေအရ ပြစ်မှုများ

၁၉။ သတင်းမီဒီယာဥပဒေအရပြစ်မှုများ

၂၀။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ

၂၁။ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ

၂၂။ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ

၂၃။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများ

Show More

Related Articles

Back to top button