သတင်း

တပ်မတော်သားများ အာဏာဖီဆန်ခြင်းမပြုနိုင်ရန် မိသားစုဝင်များကို အကျပ်ကိုင်ထား 

အရပ်သားပြည်သူများကို မတရားသဖြင့် ရက်ရက်စက်စက် သတ်ဖြတ်နေခြင်းများကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လိုသော တပ်မတော်သားများရှိနေသော်လည်း မိသားစုဝင်များနှင့် ခြိမ်းခြောက်ကာ အကျပ်ကိုင်ထိန်းချုပ်ထားကြောင်း စစ်တပ်အသိုင်းအဝိုင်းက ထုတ်ဖော်ပြောကြားလာသည်။ 

အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်ခဲ့ကြပြီး ယခုအချိန်တွင် တပ်မတော်အရာရှိများပါ တစ်ယောက်ပြီးတစ်ယောက် CDM ပြုလုပ်လာကြသည်ကို တွေ့ရသည်။

ရန်ကုန်မြို့တွင် ဆန္ဒပြမှုများကို ဖြိုခွင်းရန် တာဝန်ချထားခြင်းခံရသည့် တပ်မ ၇၇ မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးအပါအဝင် တပ်မတော်သား ၄ ဦး ပြီးခဲ့သည့်လအတွင်း CDM ပြုလုပ်ခဲ့ပြီးနောက် စစ်တပ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေသော တပ်မတော်သားများ ထပ်မံထွက်ပေါ်လျက် ရှိသည်။ 

စစ်အာဏာသိမ်းမှုကို မလိုလားသောကြောင့် အာဏာဖီဆန်လိုသူ တပ်မတော်သားများစွာရှိနေသော်လည်း တပ်မိသားစုဝင်များမှာ ရာဇဝတ်ဂိုဏ်းဆန်ဆန် ပြန်ပေးဆွဲခံထားရသကဲ့သို့ဖြစ်နေကြောင်း CDM ပြုလုပ်ခဲ့သူ တပ်မတော်အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။

“အခုအခြေအနေက အဲ့လိုကို ဖြစ်နေတာ။ အခုလက်ရှိ တပ်တွင်းမှာ နေထိုင်တဲ့သူတွေဆိုရင်တော့ ပြန်ပေးဆွဲခံထားရသလိုပဲ။ တပ်မတော်သားတစ်ယောက် သူလုပ်ချင်တာ လုပ်ခွင့်မရအောင် သူ့ရဲ့မိသားစုကို ထိန်းချုပ်ထားတာပေါ့။ ပြေးရင်တော့ သူ့မိသားစုကိုပါ ခေါ်ပြီးပြေးမှရမယ်။ ဒါက မြေပြင်မှာ တကယ်ဖြစ်ပျက်နေတာ” ဟု ရှမ်းပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်ရှိ တြိဂံတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၅၂၈ (ခြေမြန် တပ်ရင်း) တွင် တပ်ခွဲမှူးတာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ကြီးလင်းထက်အောင်သည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ ယခုသီတင်းပတ်အတွင်း CDM ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

အာဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူများကို မတရားသဖြင့် ဖမ်းဆီးနှိပ်စက်နေခြင်း၊ ပစ်ခတ်သတ်ဖြတ်နေခြင်းများကို သိသော်လည်း မိသားစုဝင်များကို ထောက်ရှုနေရသည့်အတွက် တပ်ကို စွန့်ခွာကာ CDM ပြုလုပ်ရေးတွန့်ဆုတ်နေကြသည်ဟု ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။ 

“သူတို့အနေနဲ့လည်း သိတယ်။ ဒါကြီးကို မတရားမှန်းသိတယ်။ ဒါပေမဲ့ မိသားစုဆိုတဲ့အရာတစ်ခုကို ထောက်နေရတယ်။ မတရားမှုကို သိကြပါတယ်။ စိတ်ခံစားချက်ကလည်း မခံချိမခံသာ ဖြစ်ကြပါတယ်။ မတရားမှုမှန်းလည်း သိကြပါတယ်။ သိသိကြီးနဲ့ကို မျက်လုံးစုံမှိတ်ပြီးတော့ နေနေကြရတဲ့ အတိုင်းအတာပါ” ဟု ၎င်းက ပြောသည်။ 

မိသားစုဝင်များကို အကာအကွယ်ရမည်ဆိုပါက ၇၅ ရာခိုင်နှုန်းနှင့်အထက် တပ်မတော်သားများသည် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်လာနိုင်ကြောင်းလည်း လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံ ခိုလှုံနေသူ ဗိုလ်ကြီးလင်းထက်အောင်က ပြောသည်။ 

တပ်မတော် တပ်ရင်းတပ်ဖွဲ့များတွင် တပ်မိသားစုဝင်များ၏ နေထိုင်သွားလာမှုကို အာဏာမသိမ်းမီကတည်းကပင် စတင်တင်းကျပ်ခဲ့ပြီး လက်ရှိတွင်လည်း တပ်တွင်း၌ လုံခြုံရေးအထူးတင်းကျပ်ထားသည်ဟု မန္တလေးတိုင်းအတွင်းရှိ ဆက်သွယ်ရေးတပ်မှ အရာရှိတစ်ဦး၏ ဇနီးဖြစ်သူက Myanmar Now ကို ပြောသည်။

“နှစ်ပတ်လောက်တောင် ရှိနေပြီ၊ သူနဲ့ အဆက်အသွယ်မရတာ။ သူတို့အထဲက ထွက်လို့မရဘူး။ လုံခြုံရေးကလွဲလို့ လုံးဝထွက်မရဘူး။ မနက်တစ်ကြိမ် ညတစ်ကြိမ် တန်းစီစစ်တယ်။ လူစာရင်းကောက်တယ်ပေါ့။ ထွက်ပြေးတာတွေလည်း ရှိနေတော့” ဟု အမျိုးသားတာဝန်ကျရာ လိုက်ပါနေထိုင်ခြင်းမရှိသူ အဆိုပါ အရာရှိကတော်က ပြောသည်။ 

အမျိုးသားဖြစ်သူနှင့်အတူ တပ်အတွင်းလိုက်ပါနေထိုင်ခြင်း မရှိသောကြောင့် အာဏာသိမ်းပြီးချိန်မှစ၍ Facebook အကောင့်ပေးထားရသည့်အပြင် သုံးစွဲနေသည့် ဖုန်းနံပါတ်နှစ်ခုလုံးကိုလည်း ပေးထားရသည်ဟု ဆိုသည်။ 

“ဘယ်တုန်းကမှ တပ်ထဲလိုက်မနေတော့ သူက အကုန်တော့ သေသေချာချာ ပြောမပြဘူး။ တစ်ခုခုဆို သူပဲ ဒုက္ခရောက်မှာတဲ့။ တစ်ခါတလေ ထောင်ကျတော့မှာတဲ့။ ရာထူးမတက်တာကို ရွေးမလား၊ ထောင် တစ်နှစ်၊ နှစ်နှစ်ကို ရွေးမလား အဲလိုခြိမ်းခြောက်တာတွေလည်း ရှိတယ်ပြောတယ်။ ကျွန်မကြောင့် သူ့တက်လမ်းပိတ်တယ်လို့ သူတို့အချင်းချင်း ပြောကြတယ်တဲ့” ဟု အဆိုပါ တပ်မတော်အရာရှိ ဇနီးက ပြောသည်။ 

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပတ်စဉ် ၉ ကျောင်းဆင်းဖြစ်သူ အမျိုးသားဖြစ်သူမှာ အာဏာမသိမ်းမီကတည်းကပင် တပ်ကထွက်ရန် ကြိုးပမ်းနေသူဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

သတင်းအမှောင်ချခြင်း၊ အကြီးအကျယ်ဝါဒဖြန့်ခြင်းတို့ကြောင့် ဗိုလ်ချုပ်များပြောသမျှ လက်ခံသူများလည်း ရှိနေသည်။

“အခုက အင်တာနက်လည်း မရတော့ မြဝတီကြည့်ပြီး အမှန်ထင်နေကြတာ။ အနီနဲ့အစိမ်းအားပြိုင်ပွဲလို့ ထင်နေကြတာ။ မဲမသမာမှုကြောင့် လုပ်လိုက်ရတယ်။ တစ်နှစ်အတွင်း ရွေးကောက်ပွဲပြန်လုပ်ပြီး အာဏာပြန်လွှဲပေးမယ်ဆိုတဲ့ ဝါဒဖြန့်တဲ့ဟာတွေကို အမှန်ထင်နေကြတာတွေလည်း ရှိတယ်” ဟု တပ်တွင်းမိသားစုဝင်များ၏ အခြေအနေနှင့် ပတ်သက်၍ အဆိုပါ စစ်တပ်အရာရှိဇနီးသည်က ပြောသည်။ 

တပ်တွင်းမိသားစုလိုင်းခန်းတွင် လက်ရှိနေထိုင်လျက်ရှိသည့် အခြားတပ်မတော်အရာရှိဇနီးသည်တစ်ဦးကို Myanmar Now က ထပ်မံဆက်သွယ်မေးမြန်းရာတွင် ဖုန်းဖြင့် ပြောဆိုရသည်မှာ လုံခြုံရေးစိတ်မချရကြောင်း၊ လွတ်လွတ်လပ်လပ် မပြောဆိုနိုင်သည့်အတွက် စိတ်မရှိပါရန်သာ အကြောင်းပြန်ခဲ့သည်။ 

စစ်အာဏာသိမ်းမှုနှင့် အရပ်သားပြည်သူများကို သတ်ဖြတ်နေမှုများကြောင့် စစ်တပ်မှ ထွက်ချင်သူများနေသော်လည်း တပ်တွင်းဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြရသည့် မိသားစုဝင်များကို ငဲ့ကွက်နေရသည်ဟု မှော်ဘီအခြေစိုက် တောင်ပိုင်း လေတပ်ကွပ်ကဲမှုတွင် တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီးတစ်ဦးက ဆိုသည်။ 

“တပ်မတော်ဆိုတာ အမည်နာမ သတ်မှတ်ချက်တစ်ခုပဲဗျ။ တပ်မတော်နဲ့ တိုင်းပြည်ကို ရွေးရမယ်ဆိုရင် တိုင်းပြည်ကို ရွေးရမှာပဲဗျ” ဟု အဆိုပါတပ်ကြပ်ကြီးက ဆိုသည်။ 

ဧပြီ ၁၀ ရက်က ရမည်းသင်းမြို့ရှိ နယ်မြေခံလေ့ကျင့်ရေးကျောင်းမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတွေ့ဆုံနေစဉ်။ (ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) 

၎င်းနှင့်အတူ လေတပ်မှ အခြားတပ်ကြပ်ကြီးတစ်ဦးနှင့် ကြည်းတပ်မှ တပ်ကြပ်ကြီးအဆင့်ရှိ အမျိုးသမီးစစ်သည်တစ်ဦးတို့သည် CDM ပြုလုပ်ကာ ယခုသီတင်းပတ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံတွင် ခိုလှုံခဲ့ကြသည်ဟု ဆိုသည်။

မကြာသေးမီက သိမ်းပိုက်ရရှိခဲ့သည့် တပ်မတော်စစ်စခန်းတစ်ခုမှ ဖမ်းဆီးရမိသော စစ်သားများကို စစ်ဆေးရာတွင် ရှေ့တန်းရောက် အဆိုပါစစ်သားများသည် အထက်ခေါင်းဆောင်များ၏ ဦးဆောင်လမ်းညွှန်မှု၊ ဖေးမပံ့ပိုးမှု တစ်စုံတစ်ရာမရှိဘဲ အမိန့်သက်သက်ဖြင့် လာနေကြရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် စောဘောကျော်ဟဲက Myanmar Now ကို ပြောသည်။ 

“မိသားစုနဲ့ အဆက်အသွယ်မရှိ၊ ဆိုရှယ်မီဒီယာအသုံးပြုခွင့်မရှိ၊ ဘာအကျိုးခံစားခွင့်မှ မရှိဘဲ လာနေကြရတာဖြစ်တယ်။ နှစ်ရှည်လများဖြစ်လာတဲ့အခါမှာ ဒီစစ်သည်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်ဆိုတာ အနည်းနဲ့အများ သုံးသပ်မိပါတယ်။ စစ်ဆင်ရေးတွေလုပ်ဖို့ နေပြည်တော်က ညွှန်ကြားလာတဲ့အခါတိုင်းမှာ ရှေ့တန်းစစ်စခန်းက စစ်သည်တွေက အမျိုးမျိုးလိမ်ညာပြီး အစီရင်ခံနေတာကို ကျွန်တော်တို့ ကြားသိနေရပါတယ်” ဟု ၎င်းက ပြောသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကာ CDM ပြုလုပ်လာသူ တပ်မတော်အရာရှိများ တစ်ယောက်ပြီးတစ်ယောက်ပေါ်ထွက်လျက်ရှိသည့်နည်းတူ အာဏာသိမ်းစစ်ကောင်စီအကြီးအကဲများကိုယ်တိုင် ယခုရက်ပိုင်းအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များကို လိုက်လံတွေ့ဆုံကာ ဟောပြောစည်းရုံးလျက်ရှိသည်ကို တွေ့ရသည်။

ဧပြီ ၁၀ ရက်က ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးစစ်သင်တန်းကျောင်းသို့ ရောက်ရှိစဉ် တပ်မတော်ဒုတိယအကြီးအကဲနှင့် စစ်ကောင်စီဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “သွားသင့်သည့်နေရာသို့သာ သွားရန်၊ ပြောသင့်သည့်စကားကိုသာ ပြောရန်၊ လုပ်သင့်သည့်အလုပ်ကိုသာ လုပ်ရန်၊ ပေါင်းသင့်သည့်သူနှင့်သာ ပေါင်းရန်” တပ်မတော်သားများနှင့် မိသားစုဝင်များကို သတိပေးပြောကြားခဲ့သည်။ 

ထို့ပြင် စစ်ကောင်စီ၏ တရားဝင်ဖိတ်ကြားမှုဖြင့် မြန်မာနိုင်ငံသို့ လာရောက်သတင်းယူခဲ့သည့် CNN သတင်းဌာန၏ သတင်းထုတ်လွှင့်ချက်များကို မယုံကြည်ကြရန်လည်း ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သတိပေးခဲ့သည်။

တောင်ကြီးတပ်နယ်တွင် ဧပြီ ၈ ရက်က အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံစဉ်၌လည်း ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “ဆိုရှယ်မီဒီယာပေါ်တွင် မဟုတ်မမှန်လှုံ့ဆော်မှုများကို သတိထားဆင်ခြင်ရန်၊ တပ်တွင်းစည်းလုံးညီညွတ်ရေးကို ရေပက်မဝင်အောင် တည်ဆောက်ရန်” မှာကြားခဲ့သည်။ 

Show More

Related Articles

Back to top button