ဆောင်းပါး

အာဏာမသိမ်းခင်ကတည်းက တပ်ပျက်နေကြောင်း ပုန်ကန်သူတပ်အရာရှိပြောကြား 

စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတွင် အရပ်သားပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းနေသော အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲများကို ထိုးနှက်သော စကားရပ်တစ်ခုမှာ “တပ်ပျက်နေပြီ” ဖြစ်သည်။ 

လက်နက်အားကိုးဖြင့် အရပ်သားပြည်သူများအပေါ် ဗိုလ်ကျစိုးမိုးနေသော်လည်း စစ်တပ်သည် ဖွဲ့စည်းပုံအရရော စိတ်ပိုင်းဆိုင်ရာအရပါ တပ်ပျက်နေပြီဖြစ်ကြောင်း ဆိုလာသူမှာ မြန်မာပြည်၏ West Point ဟု အနောက်နိုင်ငံမီဒီယာများက တင်စားခေါ်ဝေါ်ကြသည့် မေမြို့စစ်တက္ကသိုလ်ဆင်း အရာရှိတစ်ဦးဖြစ်သည်။

အသက် ၃၀ အရွယ်ရှိ ဗိုလ်ကြီးထွန်းမြတ်အောင်သည် စစ်တက္ကသိုလ်အပတ်စဉ် ၅၂ ကျောင်းဆင်းဖြစ်သည်။ နာမည်ကျော် တပ်မ ၇၇ မှ တပ်စုမှူးတစ်ဦးဖြစ်သူ ဗိုလ်ကြီးထွန်းမြတ်အောင်သည် ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြနေသူ ပြည်သူများကို ပစ်ခတ်နှိမ်နင်းရာတွင် ၎င်း၏တပ်စုကို တာဝန်ယူကွပ်ကဲခဲ့ရသူဖြစ်သည်။ 

သာကေတမြို့နယ်ရှိ သပိတ်စခန်းတစ်ခုကို အကြမ်းဖက်ဖြိုခွင်းရာတွင် ကျည်ဆန်အစစ်များပါ ပါဝင်နေသည်ကို တွေ့မြင်ခဲ့ရပြီးနောက် ဗိုလ်ကြီးထွန်းမြတ်အောင်က သူချစ်ခင်မြတ်နိုးရာ တပ်မတော်ကို စွန့်ခွာခဲ့သည်။ မတ်လဆန်းပိုင်းတွင် နိုင်ငံ့ဝန်ထမ်းများက အလုပ်ခွင်မဆင်းသော အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ၌ ပါဝင်ခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒပြပြည်သူများ၏ “တပ်ပျက်နေပြီ” ဆိုသော ကြွေးကြော်သံမှာ စစ်ဗိုလ်စစ်သားများအတွက် ဒေါသထွက်စရာဖြစ်သော်လည်း ၁၅ နှစ်နီးပါး ၎င်းတာဝန်ထမ်းဆောင်ခဲ့သော တပ်မတော်သည် အဂတိလိုက်စားမှုများ၊ အထက်ဖားအောက်ဖိသည့်လုပ်ရပ်များ၊ ငွေဝယ်ကျွန်ဆန်ဆန် တပ်သားသစ်စုဆောင်းမှုများဖြင့် ပြည့်နှက်နေသည်ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က ဆိုသည်။

“အမှန်တကယ်က တပ်ပျက်နေတာ၊ အခုမှပျက်တာ မဟုတ်ဘူး။ နဂိုကတည်းက ပျက်နေတာ။ တပ်မတော်ဟာ အာဏာရှင်စနစ်နဲ့သွားနေတာ တော်တော်ကို ကြာလှပြီ။ ဒီ ၅ နှစ်တာကာလမှာ ဒီမိုကရေစီရတော့လည်း သူတို့မပါဘူး” ဟု ၎င်းက Myanmar Now ကို ပြောသည်။

တပ်ထဲရောက်လာသူ စစ်ဗိုလ်အများစုမှာ ငွေကြေးချမ်းသာလိုစိတ်ဖြင့် ဝင်ရောက်လာကြသူများဖြစ်ပြီး ရာထူးတိုးရန် ဘာမဆိုလုပ်ကိုင်ရဲကြသူများဖြစ်သည်ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။ 

“သူတို့က လူကြီးဖြစ်ဖို့အတွက်ပေါ့နော်။ ဘုရင်စနစ်လို့ပဲ ပြောရမှာပေါ့။ အထက်လူကြီးဖြစ်ဖို့အတွက် ဘာမဆိုလုပ်ချင်တဲ့စိတ်ရှိတယ်။ အထက်လူကြီးကို ကြောက်တယ်။ အထက်လူကြီးဖြစ်ရမှာကို ကြိုက်တယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှ ယမန်နေ့ (ဧပြီ ၈) အထိ စစ်ကောင်စီလက်နက်ကိုင်တပ်များ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၆၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သည်။

အပြစ်မဲ့ အရပ်သားပြည်သူများကို ဥပဒေမဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေမှုများအပြင် မတရားသောနည်းဖြင့် အာဏာရယူထားသော စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသောကြောင့် ရဲတပ်ဖွဲ့ဝင်ပေါင်းများစွာ CDM ပြုလုပ်ခဲ့ကြသည့်နည်းတူ စစ်တပ်ကို စွန့်ခွာလာသူ စစ်တပ်အရာရှိများလည်း ရှိနေသည်။ 

ဗိုလ်ကြီးထွန်းမြတ်အောင်နှင့်အတူ စစ်တပ်ကို စွန့်ခွာကာ CDM ပြုလုပ်ခဲ့သူ တပ်မတော်သားလေးဦးရှိကြောင်း ဗိုလ်ကြီးထွန်းမြတ်အောင်အကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။ 

အာဏာသိမ်းစစ်ကောင်စီ အကြီးအကဲများကိုယ်တိုင် ယခုရက်ပိုင်းအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များကို လိုက်လံတွေ့ဆုံကာ တပ်တွင်းစည်းလုံးမှုခိုင်မာစေရေး ဟောပြောစည်းရုံးလျက်ရှိသည်ကို တွေ့ရှိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိတ္ထီလာတပ်နယ်သို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားရောက်ခဲ့သည့်နည်းတူ ဧပြီ ၈ ရက်ကလည်း တပ်မတော်ဒုတိယအကြီးအကဲနှင့် စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း တောင်ကြီးတပ်နယ်တွင် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များကို တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက “အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဆိုရှယ်မီဒီယာပေါ်တွင် မဟုတ်မမှန်လှုံ့ဆော်မှုများကို သတိထားဆင်ခြင်ရန်၊ သတိရှိစွာ ပြုမူနေထိုင်ရန်နှင့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို ရေပက်မဝင်အောင် တည်ဆောက်ရန်” ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲများ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကိုလည်း အဆက်မပြတ် မြင်တွေ့နေရသည်။ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့သည် ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းပြီးနောက် ရွှေ၊ ငွေ၊ ဖုန်းနှင့်တန်ဖိုးကြီးပစ္စည်းများကို လုယက်ယူငင်လေ့ရှိသည်ကို လူမှုကွန်ရက်ပေါ် ရောက်ရှိလာသော ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။ 

ထိုသို့ စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှု၊ လုယက်မှုများကို နွေဦးတော်လှန်ရေးကာလမှသာ မြို့ပေါ်နေပြည်သူများ လက်တွေ့မြင်တွေ့ခဲ့ရသော်လည်း တိုင်းရင်းသားဒေသများတွင်မူ မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုနောက်အကျဆုံး တောင်တန်းဒေသတစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် မွေးဖွားကြီးပြင်းခဲ့သူ ဗိုလ်ကြီးထွန်းမြတ်အောင်သည် ၆ တန်းကျောင်းသားအရွယ်ကတည်းကပင် မိဘမဲ့ဖြစ်ခဲ့ရသူဖြစ်သည်။ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်ဖွင့်လှစ်ခဲ့သည့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးကျောင်းတွင် ကြီးပြင်းခဲ့ရသူဖြစ်သည်။

ဗိုလ်ကြီးထွန်းမြတ်အောင်

ထိုကျောင်းတွင် အထက်တန်းအောင်မြင်သည်အထိ ပညာသင်ကြားခဲ့ပြီးနောက် စစ်တက္ကသိုလ်တက်ရောက်ခဲ့သည်။ စစ်တက္ကသိုလ်ဆင်းပြီးနောက် တပ်မတော်တပ်စခန်းများ၊ ရှေ့တန်းစစ်မျက်နှာပြင်များတွင်သာ ဗိုလ်ကြီးထွန်းမြတ်အောင် ကျင်လည်ခဲ့ရသည်။

တပ်မတော်ရှိ စစ်သားများသည် ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ၎င်းတို့၏ ရပိုင်ခွင့်သဖွယ် သဘောထားပြီး လုယက်ယူငင်နေကြခြင်းဖြစ်ကာ ဝန်ကြီးဌာနများတွင် ဝန်ထမ်းများ လာဘ်ငွေရယူလေ့ရှိသည့် ဓလေ့အတိုင်း ထိုသို့လုယက်ယူငင်ရခြင်းကို ကြားပေါက်လုပ်ငန်းတစ်ခုကဲ့သို့ သဘောထားနေကြောင်း ချင်းတိုင်းရင်းသားတစ်ဦးလည်းဖြစ်သူ ဗိုလ်ကြီးထွန်းမြတ်အောင်က ပြောသည်။ 

နှစ်စဉ် ဗိုလ်သင်တန်းများမှ လုံလောက်သော ဗိုလ်လောင်းအရေအတွက် ရရှိနိုင်သော်လည်း တပ်သားသစ်စုဆောင်းရန် ခက်ခဲသည့်အတွက် ထိုသို့လုယက်ယူငင်ခြင်းကို အထက်လူကြီးအဆင့်ဆင့်က မျက်ကွယ်ပြုထားရာ ငွေဝယ်ကျွန်ဆန်ဆန်ဖြစ်လာသည်ဟု ဆိုသည်။ 

တပ်မတော်သားများ ရာထူးတိုးရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်တို့ဖြင့် ရာထူးတိုးမြှင့်ပေးလေ့ရှိပြီး တပ်သားသစ်စုဆောင်းခြင်းသည် ရာထူးတိုးလိုသည့် တပ်မတော်သားများအတွက် အမြန်ဆုံးရာထူးတိုးနိုင်သည့် အချက်ဖြစ်သည်ဟု ဗိုလ်ကြီးထွန်းမြတ်အောင်က တပ်တွင်းအခြေအနေကို ပြောပြသည်။

“အဲ့ဒီတော့ ဗိုလ်မှူးအဖြစ်နဲ့ ရောက်လာတယ်။ တပ်ရင်းမှူးဖြစ်ဖို့ဆိုရင် လူသစ်ဘယ်နှယောက် စုပြနိုင်ရမယ်။ အဲ့လိုမျိုးဟာတွေက ကြာလာတော့ ပျက်လာတယ်။ ကိုယ်တိုင်မစည်းရုံးဘဲနဲ့ ပိုက်ဆံပေးပြီးတော့မှ သူများနဲ့စုခိုင်းတာတို့၊ ကျွန်လိုမျိုးဝယ်တဲ့ ပုံစံမျိုးအထိပါ ဖြစ်လာတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

မြန်မာ့တပ်မတော်သည် ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးရမည့်အစား ရက်ရက်စက်စက် နေ့စဉ် ပစ်ခတ်သတ်ဖြတ်နေသည့်အတွက် မြန်မာစစ်တပ်ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေလုပ်ဆောင်သွားရန် လိုအပ်နေသည်ဟု ရွေးကောက်ခံအမတ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပြောရေးဆိုခွင့်ရှိသူ ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။

“ကျွန်တော်တို့ ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးမယ့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ပေးမယ့် တပ်မတော်တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံမှာ အမြန်ဆုံးပေါ်ပေါက်လာဖို့ လိုနေပြီပေါ့။ အဲဒီအတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည့် စစ်တပ်ကို ချစ်မြတ်နိုးသော်လည်း စစ်အာဏာသိမ်းသည့် လုပ်ရပ်နှင့် ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်နေသည့် လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး ထိုအာဏာသိမ်းစစ်တပ်ကို ပြန်လည်တိုက်ခိုက်နိုင်ရန် ဖက်ဒရယ်တပ်မတော်တစ်ရပ်တည်ထောင်ရန် လိုအပ်သည်ဟု ဗိုလ်ကြီးထွန်းမြတ်အောင်ကလည်း ပြောသည်။

“မတရား အာဏာယူထားတဲ့တပ်ကို ပြန်ပြီး တိုက်ခိုက်မယ်ဆိုလို့ရှိရင် လက်နက်မဲ့ပြည်သူတွေနဲ့တော့ ပြန်ပြီးတိုက်ခိုက်ဖို့ အဆင်မပြေဘူး။ အောင်မြင်နိုင်မှာလည်း မဟုတ်ဘူးဆိုတော့ ဒါကြီး (ဖက်ဒရယ်တပ်မတော်) က ပေါ်ကိုပေါ်လာမှရမယ်” ဟု ၎င်းက ဆိုသည်။ 

ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မင်းအောင်လှိုင်အပါအဝင် တပ်မတော်ကို အာဏာရှင်တစ်စုက ခါးပိုက်ဆောင်တပ်ပြုလုပ်၍ ပြည်သူလူထုအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ပြီး ၎င်းတို့ ကိုယ်ကျိုးစီးပွားများရှာဖွေနေကြောင်း တပ်မတော်အတွင်းမှ ထောက်ပြဝေဖန်သူများတွင် ဗိုလ်ကြီးထွန်းမြတ်အောင်က ပထမဦးဆုံးတော့ မဟုတ်ပေ။ 

နိုင်ငံတော်ပေးသည့် လစာငွေဖြင့် တပ်မတော်ခေါင်းဆောင်များ မည်သို့မျှ အလွန်အမင်းချမ်းသာ ကြွယ်ဝလာစရာအကြောင်းမရှိဟု ဝေဖန်ထောက်ပြသူ တပ်မတော်ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်ကိုလည်း ပုဒ်မများစွာဖြင့် စစ်တပ်က ဖမ်းဆီးပြီး ထောင်ချခဲ့သည်။ 

လက်ရှိအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးများသည် သိန်းပေါင်းထောင်သောင်းချီ ရင်းနှီးမြှုပ်နှံထားသည့် စီးပွားရေးကုမ္ပဏီများပိုင်ဆိုင်ထားကြောင်း Myanmar Now က ၂၀၁၉ ခုနှစ်တွင် ဆောင်းပါးများရေးသားခဲ့သည်။ 
 

Show More

Related Articles

Back to top button