သတင်း

ပဲခူးမြို့ထဲတွင် စစ်ကောင်စီတပ်များ ပြင်းပြင်းထန်ထန် ပစ်ခတ်နေ

ပဲခူးမြို့၏ အဓိကခံတပ် မဂ္ဂတစ်လမ်းမကြီးကို စစ်ကောင်စီတပ်များက ယနေ့ (ဧပြီ ၉) ရက်နေ့ နံနက် ၄ နာရီဝန်းကျင်တွင် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ကြရာ အရပ်သားသေဆုံးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။ 

“ရှေ့နဲ့နောက် ပိတ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ အခုကတော့ သေနတ်သံတွေကြားနေရတုန်းပဲ” ဟု ပဲခူးသပိတ်ဦးဆောင်သူတစ်ဦးက Myanmar Now ကို ပြောသည်။

ယနေ့ (ဧပြီ ၉) နံနက် ၄ နာရီတွင် အာဏာသိမ်းစစ်ကောင်စီတပ်က စတင်စုဝေးခဲ့ကြပြီး ၄ နာရီခွဲအတိတွင် လက်နက်ကြီးများအသုံးပြု စတင်ဖြိုခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“သူတို့ (စစ်တပ်) စပြီးဖြိုခွင်းတယ်။ ပုံမှန်ဖြိုခွင်းတာမျိုး မဟုတ်ဘူး။ ကလေးတို့၊ တမူးတို့ကို ဖြိုခွင်းသလိုမျိုး စစ်ဆင်ရေးတစ်ခုအနေနဲ့ တိုက်ရိုက်လာပြီး ဖြိုခွင်းတာဖြစ်တယ်” ဟု ဆိုသည်။

“အထိအခိုက်အကျအဆုံးကတော့ အားလုံး တညီတညွတ်တည်း အတည်ပြုတာကတော့ ကျဆုံးသူက ၂၀ ကျော်ပြီ ပြောတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မသိသေးဘူး”ဟု ၎င်းက ပြောသည်။ 

မဂ္ဂတစ်လမ်းမကြီးနှင့် ဆက်စပ်လျက်ရှိသည့် အင်းဝင်း၊ ပုဏ္ဏားစု၊ မှော်ကန်နှင့် လိပ်ပြာကန် ရပ်ကွက်များအတွင်းပါ ဝင်ရောက်ပစ်ခတ်နေကြောင်း သိရသည်။

“အခြေအနေက ဆိုးတယ်။ အကျအဆုံးက များနေတယ်။ တရစပ်ဝင်ပစ်နေတာ မနက်ကတည်းပဲ။ ဖရိုဖရဲတွေဖြစ်နေတော့ ဘယ်သူကျတယ်ဆိုတာကို စာရင်းလုပ်လို့မရသေးဘူး” ဟု ဆိုသည်။ 

ကျဆုံးသွားသူတချို့၏ အလောင်းများကို စစ်ကောင်စီလက်နက်ကိုင်များက ယူဆောင်သွားခဲ့ပြီး မဂ္ဂတစ်လမ်းမကြီးထိပ်တွင် သွားရောက်စုပုံထားကြောင်း သပိတ်ဦးဆောင်သူတစ်ဦးထံမှ သိရသည်။

လက်ရှိအချိန် မွန်းတည့် ၁၂ နာရီအထိ ပဲခူးမြို့တွင်း ပစ်ခတ်မှုများ ဆက်ရှိနေပြီး သေဆုံးသူအရေအတွက်ကို အတည်ပြုနိုင်ရန် Myanmar Now က ကြိုးစားနေဆဲ ဖြစ်သည်။ 

ဆေးဝါးနှင့် ပရဟိတဆေးဝန်ထမ်းနည်းပါးသဖြင့် ဒဏ်ရာရရှိသူများကို ကုသရန်အတွက် အခက်အခဲဖြစ်နေကြောင်း၊ ဒဏ်ရာရရှိသူများကို လုံခြုံသည့်နေရာတွင် ကုသပေးနေရကြောင်း သပိတ်ဦးဆောင်သူများထံမှ သိရသည်။

“ပရဟိတအသင်းကားတွေက မျှော်လို့မရတော့ဘူးဗျ။ လူနာတွေကို ဆေးရုံတွေဘာတွေလည်း မပို့ရဲဘူး။ ဆေးရုံတွေ၊ ဘာတွေပို့ရင်လည်း ဆေးကုပေးမဲ့သဘော မရှိဘူး။ အလောင်းပြန်ပို့မယ့် သဘောပဲရှိတယ်” ဟု သပိတ်ဦးဆောင်သူတစ်ဦးက ဆိုသည်။

ဆန္ဒပြသူတို့ရှိသည့်နေရာများ စစ်မြေပြင်ပမာ တိုက်ခိုက်ခံရမှုမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင်လည်း ဧပြီ ၇ နံနက် ၅ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ကလေးမြို့ရှိ အဓိကခံတပ်ဖြစ်သော တာဟန်းခံတပ်ကို စစ်ကောင်စီလက်နက်ကိုင်တပ်များက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ဖြိုခွင်းခဲ့ရာ ၁၂ ဦး ကျဆုံးခဲ့ပြီး ဆန္ဒပြသူအများအပြား ဒဏ်ရာရကာ အဖမ်းခံရသည်။ 

စစ်ကောင်စီတပ်များက လက်နက်ကြီးများ၊ ဗုံးသီးလောင်ချာများ စတင်ပစ်ခတ်ခဲ့ပြီး သေနတ်များဖြင့် တရစပ်ဝင်ရောက်လာသောကြောင့် ခံတပ်မှ ခံစစ်အကာအကွယ်လုပ်နေသည့်အဖွဲ့များ အထိအခိုက်များခဲ့ကာ တစ်ဆင့်ခြင်း နောက်ဆုတ်ပေးခဲ့ရကြောင်း ၎င်းသပိတ်ဦးဆောင်သူက ပြောသည်။

Show More

Related Articles

Back to top button