သတင်း

ကလေးမြို့ တာဟန်းသပိတ်စခန်းဖြိုခွဲခံရ၊ ကျဆုံးသူ ၈ ဦးရှိပြီဖြစ် 

စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး တာဟန်းခံတပ်ကို စစ်ကောင်စီလက်နက်ကိုင်တပ်များက ယနေ့ (ဧပြီ ၇) နံနက် ၅ နာရီဝန်းကျင်၌ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ဖြိုခွင်းခဲ့ရာ လက်ရှိအချိန် အရပ်သားပြည်သူ ၈ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။ 

တာဟန်းသပိတ်စခန်းမှ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၇ ဦးနှင့် ရပ်ကွက်နေ ပြည်သူတစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း တာဟန်းသပိတ်စခန်းမှ လူငယ်တစ်ဦးက ယနေ့ နံနက် ၁၁ နာရီအချိန်တွင် Myanmar Now ကို အတည်ပြုသည်။ 

ကလေးမြို့ ဗိုလ်ချုပ်လမ်းရှိ တာဟန်းသပိတ်စခန်းကို စစ်ကောင်စီလက်နက်ကိုင်တပ်များက လေးဖက်လေးတန်မှနေ၍ စက်သေနတ်များ၊ လက်ပစ်ဗုံးများအပါအဝင် လက်နက်ကြီးများအသုံးပြုကာ ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း အထက်ပါ လူငယ်က ပြောသည်။  

ပစ်ခတ်ဖြိုခံရမှု အခြေအနေနှင့်ပတ်သက်၍ ကလေးမြို့ခံတစ်ဦးကလည်း “မနက် ၅ နာရီဝန်းကျင်မှာ စစီးတယ်။ ၅ နာရီ ၄၅ မှာ အပြင်းအထန်ပစ်ခတ်တယ်။ ခံတပ်ကို ကူတဲ့လမ်းတွေက အရှေ့လမ်း၊ အနောက်လမ်း၊ တောင်ဘက်လမ်းတွေရှိတယ်။ အဲ့ဒီလမ်းတွေကိုလည်း စစ်တပ်က ကင်းပုန်းဝပ်ပြီး ပိတ်လိုက်တယ်။ အဲ့ဒီတော့ ဒီဘက်က ရွာက လူထုတွေက သွားပြီး ကူလို့မရတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ အဘက်ဘက်က ညှပ်ပြီး စီးတယ်” ဟု ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များသည် တာဟန်းသပိတ်စခန်းကို နံနက် ၅ နာရီမှ ၉ နာရီကျော်အထိ ဆက်တိုက်ပစ်ခတ် ဖြိုခွင်းခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ဖြိုခွဲမှုအတွင်း လက်နက်ကိုင်တပ်များက လူနေအိမ်များအတွင်းသို့ ပစ်ခတ်ခြင်း၊ ရပ်ကွက်ဆေးခန်းများအတွင်း ဝင်ရောက်စီးနင်းရှာဖွေမှုများလည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယနေ့ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည်ထိမှန်မှုကြောင့် လက်ပြတ်သူသွားသူတစ်ဦးအပါအဝင် ဒဏ်ရာရသူ ၂၀ ဝန်းကျင်နှင့် ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်း ရှိကြောင်းလည်း တာဟန်းသပိတ်စခန်းမှ လူငယ်များက အတည်ပြုသည်။

“ဒဏ်ရာရသွားပြီး ဒဏ်ရာကြီးနဲ့ အဖမ်းခံရသူတွေ ၄၊ ၅ ယောက်လောက်ပါတယ်။ လမ်းပိတ်ဖို့အတွက် မီးထွက်ရှို့တဲ့သူတချို့လည်း အဖမ်းခံရတယ်” ဟု တာဟန်းသပိတ်စခန်းမှ လူငယ်တစ်ဦးက ပြောသည်။ 

ယနေ့နံနက်ပိုင်း ပစ်ခတ်ဖြိုခွင်းခံရမှုအတွင်း တာဟန်းသပိတ်စခန်းအတွင်းရှိ ပြည်သူများအနေဖြင့် ခုခံမှုအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။ 

တာဟန်းသပိတ်စခန်းကို စစ်ကောင်စီလက်နက်ကိုင်များက အင်အားအလုံးအရင်းဖြင့် အပြင်းအထန်ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း ကလေးမြို့တွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်၌ ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။ 

ကလေးမြို့ တာဟန်သပိတ်စခန်းကို စစ်ကောင်စီက မတ် ၂၈ ရက်တွင် ပထမအကြိမ် ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်မြင်မှုမရရှိခဲ့ဘဲ ၁၀ ရက်အကြာ ယနေ့တွင် ဒုတိယအကြိမ် အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းဖြစ်သည်။  

ပထမအကြိမ်ဖြိုခွဲရာတွင်လည်း လက်နက်ကြီးများ အသုံးပြုဖြိုခွဲခဲ့သည့်အတွက် ပြည်သူ ၄ ဦးကျဆုံးခဲ့ပြီး သပိတ်စခန်းမှ ဆန္ဒပြပြည်သူများကလည်း အမဲလိုက်ရာတွင် အသုံးပြုသည့် ရိုးရာလက်လုပ် တူမီးသေနတ်များဖြင့် ပြန်လည်ခုခံခဲ့သည်။ 

Show More

Related Articles

Back to top button