ဆောင်းပါး

စစ်အာဏာရှင်က ခြေမွှလိုက်သော မြို့ပြအင်ဂျင်နီယာအိပ်မက်

မကွေးမြို့၏ နံနက်ခင်းတစ်ခုတွင် စစ်ကောင်စီအကြမ်းဖက်တပ်သည် အသက် ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင်၏ မြို့ပြအင်ဂျင်နီယာအိပ်မက်ကို နင်းချေ ဖျက်ဆီးလိုက်သည်။

နံနက် ၆ နာရီကျော်စတွင် မကွေးမြို့ပေါ်ရှိ အောင်မေတ္တာအဝိုင်း၌ စုဝေးနေသည့် ဆန္ဒပြ ပြည်သူများကို အဘက်ဘက်မှ ဝိုင်းဝန်းပိတ်ဆို့ကာ အသံဗုံး၊ မျက်ရည်ယိုဗုံးများဖြင့် စတင်ဖြိုခွဲသည်။

ဆန္ဒပြသူများက ပစ်ခတ်မှုမရှိသေးသည့် ရပ်ကွက်များဘက်သို့ ဝင်ပြေးကြသည်။ ကိုလျှံဖြိုးအောင်လည်း ရပ်ကွက်တစ်ခုအတွင်းသို့ ပြေးဝင်စဉ် သူ့အနားတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး သူလည်း လဲကျသွားသည်။ လက်နက်ကိုင်အကြမ်းဖက်တပ်သားများ သူ့အနား ချက်ချင်းရောက်လာပြီး တစ်ယောက်က လက်မြှောက်ခိုင်းသည်။ သူ လက်ထောင်လိုက်သည့်အခါ ညာလက်မှာ သွေးချင်းချင်းရဲကာ စီးကျနေသည်။  ဗုံးဒဏ်ကြောင့် လက်ဖဝါးမှာ ထက်ခြမ်းကွဲနေသည်။

လက်မြှောက်ခိုင်းသော တပ်သားက နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း၍ “မင်းတို့ အမေကို ခေါ်ဦးလေ” ဟု အော်ဟစ်ကာ သေနတ်ဖြင့် ပစ်လိုက်သည်။

ထက်ခြမ်းကွဲသွားသော ကိုလျှံဖြိုးအောင်၏ လက်ဖဝါးမှာ ထိုပစ်ချက်ကြောင့် မြေပြင်သို့ လုံးဝပြတ်ကျသွားတော့သည်ဟု အခင်းဖြစ်ရပ်နှင့် မနီးမဝေးတွင် ရှိနေသည်ဟုဆိုသော ဆန္ဒပြလူငယ်တစ်ဦးက Myanmar Now ကို ပြောပြသည်။

“ဒူးထောက်ခိုင်းတဲ့အချိန်မှာ ခုနက ဖြစ်သွားတဲ့ လက်ကို သေနတ်နဲ့ အနီးကပ် ထပ်ထုတယ်၊ ပစ်တာပေါ့။ အဲဒီမှာတင် လက်က ပြုတ်ကျတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။

ဝူးဝူးဝါးဝါး အော်ဟစ်ဆဲဆိုနေသော နောက်ထပ် တပ်သားတစ်ဦးက ဘယ်လက်ကို ရာဘာကျည်ဖြင့် သုံးချက်ခန့် ဆက်ပစ်ခတ်သည်၊ ထို့နောက် လဲကျသွားသည့် ကိုလျှံဖြိုးအောင်၏ မျက်နှာကို စစ်ဖိနပ်ဖြင့် ကန်ကျောက်ကြသည်ဟု မျက်မြင်တွေ့ရှိရသူက ပြောသည်။

ထိုအချိန်တွင် ထင်မှတ်မထားသည့် ဖြစ်ရပ်ပေါ်ပေါက်လာသည်။ ပြေးနေရသည့် လူအုပ်ထဲမှ ၁၅ ဦးခန့်က ပစ်မှတ်ထားခံနေရသော ကိုလျှံဖြိုးအောင်၏ ခန္ဓာကိုယ်ပေါ်မှ အုပ်မိုးပြီး ကာကွယ်ပေးကြသည်။ ထိုသို့ ကာကွယ်ပေးသဖြင့်  လည်ပင်းနှင့် ရင်ဘတ်၊ ဗိုက်တို့တွင် ဒဏ်ရာမရရှိခဲ့ပေ။ ထိုသို့ အကာအကွယ်ပေးသူတို့မှာလည်း အဖမ်းခံရသည်ဟု သိရသည်။ 

“သူ့ကို မျက်နှာရော၊ ခြေထောက်တွေရော ရစရာမရှိအောင် လုပ်နေတဲ့အချိန်မှာ လူတွေက သူ့ရဲ့ခန္ဓာကိုယ် ရင်ဘတ်ပေါ်ကို အုပ်လိုက်တဲ့အတွက်ကြောင့် လွတ်သွားတဲ့ ခြေထောက်ကို ထပ်ပစ်တာ။ မလုပ်ပါနဲ့တော့ဆိုပြီး ဗိုက်ကို အုပ်ပေးတဲ့သူက ခေါင်းကွဲသွားတယ်။ သေနတ်ဒင်နဲ့ထုလို့”ဟု ၎င်းက ဆိုသည်။ အသက် ၂၀ အရွယ် ကိုစောမင်းထက်ဆိုသူ ခေါင်းကွဲပြီး ၈ ချက် ချုပ်လိုက်ရသည်ဟု ၎င်းက ပြောသည်။

ကိုလျှံဖြိုးအောင်ကို ကာပေးသူများတွင် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း၊ ဆန္ဒပြသူတို့ အနားရောက်လာစဉ် ထိုအမျိုးသမီးလည်း လက်သုံးချောင်းထောင်ပြီး ကြွေးကြော်သံရွတ်သူဖြစ်သည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ထို့နေ့ မတ် ၂၇ ဖက်ဆစ်တော်လှန်ရေးနေ့တွင် မကွေးမြို့ပေါ်ရှိ ဆန္ဒပြသူ ၃၇ ဦး အဖမ်းခံရပြီး ၈ ဦးထက်မနည်း ဒဏ်ရာရသွားကြသည်။ ဒဏ်ရာမပြင်းထန်သူများကို ပုဒ်မ ၅၀၅ (က) ဖြင့် ချက်ချင်းအမှုဖွင့်ကာ အချုပ်ထဲ ထည့်ထားသည်။

စစ်ဆေးရုံတွင် ကုသမှုခံယူနေရသော ကိုလျှံဖြိုးအောင်သည် ညာဘက် လက်ကောက်ဝတ်အထက်နားမှ ဖြတ်ထုတ်လိုက်ရသည်။ ဘယ်လက်မှာ ရာဘာကျည်အနီးကပ်ထိသည့် ဒဏ်ရာများကြောင့် မလှုပ်နိုင်တော့ပေ။ စစ်ဖိနပ်ဝတ်ထားသူတို့၏ ကန်ချက်များကြောင့် သွားများ ကြေမွ ပဲ့ကြွေသွားသလို မျက်နှာဘယ်ဘက်ခြမ်းရှိ အက်ကွဲဒဏ်ရာကို ချုပ်ထားရသည်။ ရာဘာကျည် ၈ ချက် အနီးကပ်ထိမှန်သောကြောင့် ဘယ်ဘက်ပေါင်နှင့် ခြေသလုံးမှာလည်း ဖြတ်ရလုမတတ်ဖြစ်ခဲ့ပြီး ညာဘက်ပေါင်မှာ ရာဘာကျည် နှစ်ချက်ထိမှန်ထားသည်ဟု နီးစပ်သူ သူငယ်ချင်းတစ်ဦးက ပြောသည်။

ယမ်းစထိမှန်ထားသည်ဟုဆိုသော ညာဘက်မျက်လုံးဒဏ်ရာကို စစ်ဆေးရုံတွင် ကုသ၍ မရနိုင်ပေ။ အရပ်ဘက်ဆေးရုံများသို့ သွားရောက်ကုသရန် ခွင့်ပြုချက်မရရှိသေးသလို ပြင်ပရှိ မျက်စိအထူးကုဆရာဝန်များမှာလည်း CDM ပြုလုပ်ထားသူများ၍ တပ်ဆေးရုံသို့ လာရောက်ကုသရန် မဖြစ်နိုင်၍  (ဧပြီ ၄ ရက်ထိ) အခက်အခဲတွေ့နေကြောင်း အဆိုပါ သူငယ်ချင်းက ပြောသည်။ 

လက်နက်မဲ့ ဆန္ဒပြကျောင်းသားတစ်ဦး၏ ဘဝကို အညွန့်တုံးအောင် ချိုးနှိမ်လိုက်သော အာဏာသိမ်းစစ်ကောင်စီသည် ထိုမျှဖြင့် မကျေနပ်သေးဘဲ ကိုလျှံဖြိုးအောင်ကို ထောင်သုံးနှစ်ထိ ချမှတ်နိုင်သော ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်။  

ဆေးရုံတက်နေရသော ကိုလျှံဖြိုးအောင်သည် လနှင့်ချီ ဆေးကုသမှုခံရယူရမည်ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့အပြားရှိ ဒဏ်ရာများကို ၅ ကြိမ်ထက်မနည်း ထပ်မံခွဲစိတ်ရဖွယ်ရှိသည်ဟု နီးစပ်သူ သူငယ်ချင်းတစ်ဦးထံမှ သိရသည်။

ဆန္ဒပြသူတစ်ဦးကို ဤအခြေအနေအထိရောက်အောင် ပြုမူမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

ဗိသုကာပညာရှင်ဖြစ်ရန်အထိ ရည်မှန်းချက်ထားသော မြို့ပြအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်မှာ ကွန်ပျုတာ၊ ခဲတံကိုင်၍ ပုံဆွဲရန် ခက်ခဲသွားပြီဖြစ်သည်။

ကိုလျှံဖြိုးအောင်၏ ဖခင်ဖြစ်သူက ၎င်း၏ ဟိန်းထက်အမည်ရှိ Facebook အကောင့်တွင် “မေမေ ဖေဖေ နှင့် ဓမ္မဘက်တော်သားများက သားငယ်အမြဲလှနေပါတယ်တဲ့။ သားငယ်နေကောင်းဖို့တော့ အချိန်ပေးရအုံးမယ်။ ပြီးသွားရင် အချုပ်ထဲ ထောင်ထဲ ဆက်ပို့ကြရင် သားငယ် အားငယ်နေတော့မယ်” ဟု မတ် ၂၉ တွင် ရေးသားထားသည်ကို တွေ့ရသည်။

၎င်းက “သားငယ်သတိရတော့ မေးတယ်” ဟု အစချီ၍ “သားမှာ ညာလက်မရှိတော့ ဘယ်လို ပုံတွေဆွဲမလဲ၊ စာကြည့်တော့ ဘယ်ဘက်မျက်လုံးတစ်လုံးတည်းနဲ့ ဘယ်လိုကြည့်လို့မှ အားမရတော့ဘူး။ ရှေ့သွားတွေမရှိတော့ စာတွေ ဘယ်လို အသံတွေ ထွက်နေမလဲ၊ လက်တစ်ဖက်ကမရှိ လက်တစ်ဖက်က မလှုပ်နိုင်နဲ့ ဖုန်းဘယ်လိုကိုင်ရမလဲ၊ မေမေက အမြတ်တနိုးပေးတဲ့ မွေးနေ့လက်ဆောင် အခေါက်လက်စွပ်ကလေးက ကြေမွသွားတဲ့ လက်နဲ့အတူရှိနေတော့ ပြန်ရမှာပါတဲ့၊ သားငယ်ရဲ့ ညာဘက်နားက သေချာမကြားရတော့လို့ ဘယ်ဘက်နားနဲ့ နားထောင်နေရတယ်တဲ့၊၊ သားမှာ ကိုယ်လက်အင်္ဂါမပြည့်စုံတော့လို့ သူငယ်ချင်းတွေက အရင်လို ချစ်ခင်ကြပါဦးမလားတဲ့” ဟု မြို့ပြအင်ဂျင်နီယာ တတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင်၏ ဖခင်က ရေးသားထားခြင်း ဖြစ်သည်။ 

Myanmar Now က ပိုမိုသိရှိနိုင်ရန် မိသားစုထံ ဆက်သွယ်မေးမြန်းသော်လည်း သတင်းဌာနများသို့ ဖြေကြားရန် အခြေအနေမပေးသေးဟု အကြောင်းပြန်သည်။ 

စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်နှိပ်စက်မှုများတွင် ဧပြီ ၄ ရက်နေ့က မန္တလေးမြို့မှ လူငယ်တစ်ဦးလက်တွင် ထိုးထားသော ဒေါ်အောင်ဆန်းစုကြည်ပုံနှင့် နွေဦးတော်လှန်ရေးစာသား ဆေးမင်ကြောင်ကို ကားတာယာဖြင့် မီးမြှိုက်ဖျက်ဆီးခြင်းလည်း ပါဝင်သည်။ 

ကိုလျံဖြိုးအောင်ပစ်ခတ်ခံရသည့် မတ် ၂၇ ဖက်ဆစ်တော်လှန်ရေးနေ့တွင် စစ်ကောင်စီအကြမ်းဖက် လက်မရွံ့တပ်ဖွဲ့က တစ်နိုင်ငံလုံးအနှံ့ ပြည်သူ ၁၀၀ ကျော်ကို ပစ်သတ်ခဲ့သည်။ ထိုအထဲတွင် ကလေး ၁၂ ဦး ပါဝင်သည်။ ပစ်ခတ်မှုကြောင့် တစ်နှစ်ကျော် ကလေးတစ်ဦးလည်း မျက်စိတစ်လုံး ဆုံးရှုံးခဲ့သည်။ ထိုနေ့တွင် စစ်ကောင်စီက ၎င်းတို့ကို တော်လှန်သူများကိုသာမက ရပ်ကွက်နေပြည်သူများနှင့် ကလေးသူငယ်များကိုပါ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ဧပြီ ၆ ရက်ထိ ရက်ပေါင်း ၆၄ ရက်အတွင်း ပြည်သူ ၅၇၀ ဦးကျော် သတ်ဖြတ်ခဲ့သည်။ လူ ၂၇၀၀ ကျော်မှာ ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button