သတင်း

စစ်ကောင်စီတပ်များ ပစ်သတ်ရုံသာမက အလောင်းဖျောက်မှုပါ ကျူးလွန်

စစ်ကောင်စီလက်နက်ကိုင်များက ဆန္ဒပြပြည်သူများကို အကြမ်းဖက်ပစ်သတ်ပြီး ရုပ်အလောင်းတချို့ကို ယူဆောင်သွားကာ မီးရှို့ဖျောက်ဖျက်နေသည်ဟု ကာယကံရှင်မိသားစုဝင်များထံမှ သိရသည်။ 

တစ်နေ့တည်း လူ ၁၀၀ ကျော် သေဆုံးခဲ့သည့် ဖက်ဆစ်တော်လှန်ရေးနေ့ (မတ် ၂၇) က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဆန္ဒပြလူငယ်တစ်ဦးသည် ထိုဖြစ်ရပ်မျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။  

ဆန္ဒပြခဲ့သော အသက် ၁၅ နှစ်အရွယ် မောင်ရဲရင့်နိုင်သည် စစ်ကောင်စီတပ်များပစ်ခတ်မှုကြောင့် နောက်ကျောတွင် ကျည်ထိမှန်ကာ ယင်းနေ့ နေ့လယ်က သေဆုံးခဲ့သည်။ 

မောင်ရဲရင့်နိုင်၏ မိခင် ဒေါ်မိုးမိုးက ” မသွားဘူးဆိုရင် မူဆယ်သား ဘယ်ပီသတော့မလဲဆိုပြီး တားတာတောင် မရဘူး။ (ဆန္ဒပြ) ထွက်သွားတာ”ဟု ပြောသည်။

“ကျည်ဆန်က သူ့နောက်ကျောကနေ ပေါက်ထွက်သွားတယ်။ အဲ့ဒီမှာ သူ (မောင်ရဲရင့်နိုင်) ကျသွားတယ်။ ကျည်ဆန်တွေက ပစ်နေတော့ သူ့ကို ဘယ်သူမှလည်း လာထူလို့မရဘူး။ လာထူတဲ့လူကိုလည်း တရစပ်ပစ်နေတာ။ အဲ့ဒီမှာ ၂ နာရီလောက် ပုံလျက်ကျနေတာ”ဟု သေဆုံးသူ၏အစ်ကိုက ပြောသည်။

ထို့နောက် စစ်တပ်က မောင်ရဲရင့်နိုင်၏ ရုပ်အလောင်းကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ညနေပိုင်းတွင် အစ္စလာမ်ဘာသာဝင် မောင်ရဲရင့်နိုင်၏ ရုပ်အလောင်းအား စစ်တပ်က ပိုင်ရှင်မဲ့အလောင်းဟုဆိုကာ မူဆယ်သုသာန်တွင် မီးရှို့ခိုင်းခဲ့သည်ဟု သိရကြောင်း မူဆယ်မြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။

နောက်တစ်နေ့နံနက် (မတ် ၂၈ ) တွင် မီးသင်္ဂြိုဟ်ပြီးကြောင်း ကြားသိရသဖြင့် မူဆယ်သုသာန်သို့ လိုက်သွားရာတွင် မီးလောင်ထားသည့် အရိုးအချို့သာ ပြန်ရခဲ့သည်ဟု သိရသည်။

“စစ်တပ်က ကျွန်တော့်ညီရဲ့အလောင်းကို အစဖျောက်ချင်တာပေါ့။ ကလေးက ၁၅ နှစ်ပဲ ရှိသေးတာ။ သူတို့ ရက်ရက်စက်စက် သတ်ပစ်ပြီးပြီ။ သတ်ပြီးရင် ထားလိုက်တော့လေ။ ကျွန်တော်တို့ မိသားစုဝင်တွေကို ဒီအလောင်းလေးတော့ ပြန်ပေးသင့်ပါတယ်ဗျာ”ဟု အစ်ကိုဖြစ်သူက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း၊ ကလောမြို့များရှိ သုသာန်များတွင်လည်း စစ်တပ်က ညအချိန် မီးရှို့ အလောင်းဖျောက်ဖျက်ခဲ့သည့် အမှုပေါင်း ၁၀ မှုထက်မနည်းရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် မတ် ၁၉ ၌ စစ်တပ်က အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၁၁ ဦး အနက် ၆ ဦး၏ ရုပ်အလောင်းကို ရဲနှင့် စစ်သားများက ယူဆောင်သွားခဲ့ကြသည်။ ထို့နောက် စည်ပင်ကားဖြင့် ကလောမြို့သို့ ပို့ဆောင်ရာတွင် ကားခဏရပ်နားခဲ့သောကြောင့် အလောင်းများ တင်ဆောင်လာသည်ကို ဒေသခံတချို့က တွေ့ရှိခဲ့ကြသည်။  

မတ် ၂၀ နံနက် ၄ နာရီခန့်တွင် ကလောသုသာန်၌ စစ်ကောင်စီက ၎င်းတို့ယူဆောင်သွားသော ရုပ်အလောင်းများကို သက်ဆိုင်သူ မိသားစုများထံ ပြန်လည်အပ်နှံခြင်း မရှိဘဲ မီးရှို့ခဲ့ကြောင်း ဒေသခံတချို့က ပြောသည်။ 

ထို့သို့ မီးရှို့ဖျောက်ဖျက်ခဲ့သောကြောင့် လက်ရှိအချိန်ထိ အဆိုပါ ၆ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြု မရနိုင်ခဲ့ပေ။ 

မတ် ၂၈ ကလည်း ည ၉ နာရီခန့်တွင် စစ်တပ်က ကလောသုသာန်၌ ရုပ်အလောင်း သုံးခုထက်မနည်း မီးရှို့နေသည်ကို တွေ့မြင်ရကြောင်း ကလောဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

အောင်ပန်းသုသာန်တွင်လည်း မတ် ၂၉ ည ၁၀ နာရီခန့်က စစ်တပ်က အလောင်းများ မီးရှို့ခဲ့၍ မီးလောင်ထားသော အရိုးစုအချို့ တွေ့ရကြောင်း ရှမ်းပြည်နယ်အခြေစိုက် ကမ္ဘောဇတိုင်းမ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

ထို့အတူ မန္တလေးမြို့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက မတ် ၂၇ ညအချိန်တွင် မင်းတဲအီကင်းရပ်ကွက်အတွင်း ဝင်ရောက်ပြီး ပစ်ခတ်မှုကြောင့် ရင်ဘတ်ကျည်ထိမှန်သည့် အသက် ၄၀ အရွယ် ဦးအေးကို ဆိုသူကို မီးလောင်နေသော ကားတာယာများအတွင်း ပစ်ထည့်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြသည်။

နိုင်ငံရေးသမားများ၊ လမ်းပေါ်တွင် ဖမ်းဆီးခံရသူများထဲမှ စစ်ကြောရေးစခန်းတွင် သေဆုံးသူများလည်း ရှိရာ မြို့နယ်တချို့တွင်မူ အလောင်းလာထုတ်ရန် သက်ဆိုင်ရာ မိသားစုကို အကြောင်းကြားတတ်သည်

အာဏာသိမ်းစစ်တပ်က နိုင်ငံအနှံ့တွင် ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်နေပြီး ကျည်ထိမှန်သူများကို ခေါ်ဆောင်သွားကာ အချို့မှာ ဒဏ်ရာ အပြင်းအထန်ရရှိနေသူများဖြစ်ကြသည်။ 

ဧပြီ ၁  ရက်နေ့က မန္တလေးမြို့တွင် နှစ်ဦး အသတ်ခံရကာ ၄၁ လမ်းစိန်ပန်းရပ် ညစျေးအနီး ဦးခေါင်းပစ်ခံရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူဆောင်သွားခဲ့သည်။ 

စစ်ကောင်စီတပ်များ ပစ်ခတ်မှုကြောင့် မန္တလေးတွင် ကျဆုံးသူများအနက် မိသားစုက ပြန်မရသည့် ရုပ်အလောင်း ၁၀ ခု ထက်မနည်း ရှိနိုင်ကြောင်း မန္တလေးရှိ လူမှုကယ်ဆယ်ရေးအဖွဲ့များက ခန့်မှန်းကြသည်။

စစ်တပ်က အလောင်းပြန်လာထုတ်ရန် အကြောင်းကြားခဲ့သဖြင့် မိသားစုအချို့မှာ နာရေး စီစဉ်ပြီး သင်္ဂြိုဟ်နိုင်ကြသည်။ 

မတ် ၁၃ စိန်ပန်းရပ် ပစ်ခတ်မှုတွင် မျက်လုံးကျွတ်ထွက်ဒဏ်ရာဖြင့် ကျဆုံးသွားသော အသက် ၂၃ နှစ်အရွယ်  ကိုမျိုးသန့်စိုး၏ ရုပ်အလောင်းကို စစ်တပ်က မန္တလေးမြို့မှ ၄၂ မိုင်ကွာဝေးသော ပြင်ဦးလွင်တပ်ဆေးရုံသို့ ယူဆောင်သွားကြောင်း မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“သူတို့(တပ်မိသားစု)နဲ့ နီးစပ်တဲ့သူတွေဆီကနေ အသနားခံပြီး သင်္ဂြိုဟ်ခွင့်လေးပဲ ပေးပါဆိုပြီး၊ သင်္ဂြိုဟ်တော့လည်း ဓာတ်ပုံမရိုက်ဘူးဆိုတဲ့ ကတိတွေ ပေးရတယ်။ သူတို့ အစောင့်အကြပ်တွေနဲ့ သင်္ဂြိုဟ်ခဲ့ရတယ်။ နောက်ဆုံးအနေနဲ့ ပုံလေးတောင် မရိုက်ရဘူး”ဟု မိသားစုဝင်က ပြောသည်။

သို့ရာတွင် စစ်တပ်က နာရေးအစီအစဉ်ကိုပင် နှောင့်ယှက်ခဲ့ဖူးသည်။ 

လူနေရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်မှုများ ပြုလုပ်နေပြီး သေဆုံးသူများ၏ မိသားစုဝင်များမှာလည်း စစ်တပ်က အလောင်းလာလုမည်စိုး၍ နာရေးဈာပနကို အလျင်အမြန်ပြုလုပ်နေရသည်များလည်း ရှိသည်။ 

ပဲခူးမြို့တွင် ပစ်သတ်ခံရသည့်  အသက် ၂၀ အရွယ် ကျောင်းသား ကိုသဲမောင်မောင်၏ နာရေးပြုလုပ်စဉ် စစ်ကောင်စီ၏ လက်နက်ကိုင်များက  သုသာန်သို့ လာရောက်ပစ်ခတ်သည်ဟု နာရေးလိုက်ပါပို့ဆောင်ခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။

“နာရေးကို ပန်းစည်းတွေကိုင်၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ခွပ်ဒေါင်းအလံအနက် ထောင်သွားတယ်။ သုသာန်ရောက်ပြီး အလောင်းကို အမိန့်စာပြန်တဲ့အချိန်ရောက်မှ အပြင်ကနေ လှမ်းပစ်တာ။ ကျွန်တော်တို့လည်း လွတ်ရာကို တောလမ်းတွေထဲ ဖြတ်ပြီး လွတ်ရာထွက်ပြေးရတယ်။ အနောက်ဘက်မြေသားလမ်းထိပ်ထိ လိုက်လာပြီး ပစ်ခတ်တယ်” ဟု သူက ပြောသည်။

စစ်ကောင်စီတပ်များက တစ်ခါတစ်ရံ အလောင်းလုတတ်သဖြင့် သေဆုံးသူအမည်ကို ချက်ချင်းထုတ်ပြန်သော သတင်းများတွင် ထည့်သွင်းမပြုဘဲ သင်္ဂြိုဟ်ပြီးမှ အပြည့်အစုံဖော်ပြရန် တိုက်တွန်းသူများလည်း ရှိနေသည်။

မတ် ၃၀ တွင် မူဆယ်၌ ဆန္ဒပြစဉ် ပစ်သတ်ခံရသူ ၃၄ နှစ်အရွယ် ကိုညိုမင်းသူ၏ ရုပ်ကလာပ်ကို  အလုခံရမည်စိုးသဖြင့် မိသားစုက နေ့ချင်းသင်္ဂြိုဟ်ခဲ့ရသည်ဟု မူဆယ်ကရုဏာလူမှုကူညီရေးအသင်းထံမှ သိရသည်။

အလောင်းလုခြင်း၊ လမ်းပေါ်တွင်ပင် မီးရှို့ခြင်းတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြောခွင့်ရအရာရှိကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံးသူ ၅၅၇ ဦး အနည်းဆုံးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ယမန်နေ့ ဧပြီ ၃ ရက်နေ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button