ရွေးကောက်ပွဲရှုံးသော်လည်း ပြည်ခိုင်ဖြိုး ဆက်လက်အရေးပါနေဦးမည်

ရန်ကုန် - ကရင်ပြည်နယ် ရှေ့တန်းစစ်မြေပြင်တွင် ခြေထောက်နှစ်ဖက်လုံး ကျည်ဆံထိသည့် ဒဏ်ရာများရရှိခဲ့သူ စစ်အရာရှိဟောင်း ဦးညွန့်ဖေသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် ဌာနမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်စဉ်က သက်ပြည့်ပင်စင်ယူပြီး မိသားစုနှင့်အချိန်ကုန်ရန် အားခဲခဲ့သူဖြစ်သည်။

သို့သော်လည်း စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သူ့ကို ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက် ယှဉ်ပြိုင်ရန် တာဝန်ပေးခဲ့သည်။

လွှတ်တော်အမတ်ဖြစ်လာပြီး ၅ နှစ်တာ ကာလအတွင်း ဦးညွန့်ဖေက သူ၏မဲဆန္ဒနယ် သာကေတ မြို့နယ်အတွင်း တံတားဆောက်၊ လမ်းဖောက်၊ ရေတွင်းတူး စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ထိုသို့လုပ်ကိုင်ခဲ့သည့် ဦးညွန့်ဖေတစ်ယောက် လက်ရှိနေရာအတွက် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရာ သူ၏ပါတီခေါင်းဆောင်များ ကဲ့သို့ပင် အရႈံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ပြည်ခိုင်ဖြိုး ပါတီသည် ပြည်ထောင်စုလွှတ်တော်တွင် ၄၁ နေရာသာ ရရှိပြီး အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နေရာပေါင်း ၃၉ဝ ရရှိသွားသည်။

ပြည်ခိုင်ဖြိုး နေရာအနည်းစုသာ အနိုင်ရခဲ့သော်လည်း အခြေခံဥပဒေအရ လွှတ်တော်အရပ်ရပ်တွင် ၂၅ ရာခိုင်နႈန်း နေရာရထားသည့် စစ်တပ်၏ ထောက်ခံမႈ ရရှိထားခြင်း၊ အုပ်ချုပ်ရေးယန္တရားတွင် စစ်အရာရှိနှင့် ပြည်ခိုင်ဖြိုးအမာခံ အများအပြား ပါရှိနေခြင်းတို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် အားကောင်းသော အင်အားစုအဖြစ် ရပ်တည်နိုင်မည့် အနေအထားတွင်ရှိသည်။

အမျိုးသားလွှတ်တော်မှ ပြည်ခိုင်ဖြိုးအမတ် ဦးညွန့်တင်က ပါတီသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေမည်ဟု ပြောသည်။

“တို့ပါတီက တပ်မတော်နဲ့က မဟာမိတ်ပဲ။ သူတို့နဲ့ပူးပေါင်းပြီး လွှတ်တော်မှာ အပြန်အလှန် ထိန်းကျောင်းတာ ဆက်လုပ်နိုင်မှာပဲ။ ပါတီကြီးတစ်ခု အပြတ်အသတ်နိုင်သွားလို့ လုပ်ချင်တာလုပ်ဆိုပြီး လွှတ်ပေးထားလို့ ဘယ်ရမလဲ” ဟု ၇၃ နှစ်အရွယ် သံအမတ်ကြီးဟောင်း ဦးညွန့်တင်က ပြောသည်။

“တို့က ကဖျက်ယဖျက် လုပ်မှာလို့ ဆိုလိုတာမဟုတ်ဘူး၊ တိုင်းပြည်ထူထောင်ရေးအတွက် ဝိုင်းဝန်းပြီးကြိုးစားသွားဖို့ပဲ”

ပြည်ခိုင်ဖြိုးသည် လွှတ်တော်အတွင်း ဆက်ရှိနေသည်သာမက၊ အခြားသောပါတီများနှင့်ယှဉ်လျှင် လူအင်အား၊ ငွေအင်အား အလွန် တောင့်တင်းသည့်အတွက် နိုင်ငံရေးပါတီအဖြစ် အခိုင်အမာ ဆက်လက်ရပ်တည်နေဦးမည်ဖြစ်ကြောင်း ရန်ကုန်တွင် နိုင်ငံရေးသင်တန်းများပို့ချနေသော Educational Initiatives အဖွဲ့၏ ဒါရိုက်တာဖြစ်သူ Igor Blazevic က ဆိုသည်။

NLD ဦးဆောင်မည့်အစိုးရ အပေါ် ထားရှိသည့် လူထု၏ မျှော်လင့်ချက်များကို အစိုးရသစ်က ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အခြေအနေနှင့် ကြုံရပြီး သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းကာလက ပိုကောင်းသယောင်ယောင်ရှိခဲ့သည်ဟုထင်ကာ လူတချို့ကစိတ်ပြောင်းလာလျှင် ကြံ့ခိုင်ရေးပါတီ အမြတ်ထွက်နိုင်သည်ဟုလည်း သူကဆိုသည်။

“အင်အားချိနဲ့တဲ့ ဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းရာမှာ ယခင်အာဏာရပါတီတွေဟာ ဆက်လက် အသက်ရှင်နိုင်တယ်၊ နိုင်ငံရေးမှာ အရေးပါတဲ့အခြေအနေကို ဆက်လက် ထိန်းထားနိုင်တယ်ဆိုတာ တွေ့ရပါတယ်” ဟု Igor Blazevic က ဆိုသည်။

အရေးပါနေဆဲ ယခင် အာဏာရပါတီများထဲတွင် အင်ဒိုနီးရှားရှိ ဂိုလ်ကာပါတီ၊ ဆလိုဗေးနီးယားနှင့် ဟန်ဂေရီနိုင်ငံတို့ရှိ ဆိုရှယ်ဒီမိုကရက်ပါတီများ ပါဝင်သည်ဟု သူက ပြောသည်။

အရှုံးကို သုံးသပ်ခြင်း

သံအမတ်ကြီးဟောင်း ဦးညွန့်တင်က ပြည်ခိုင်ဖြိုး အကြီးအကျယ် ရှုံးသွားခြင်းမှာ ပါတီတွင် တစ်စုံတစ်ရာချို့ယွင်းချက်ရှိ၍ မဟုတ်ဘဲ ပြည်သူလူထုက ပြည်ခိုင်ဖြိုးပါတီ အုပ်ချုပ်ပြီးနောက်၊ NLD ကို စမ်းသပ်အုပ်ချုပ်စေချင်သည့် သဘောဖြစ်ကြောင်း သုံးသပ်သည်။

သံအမတ်ဟောင်းဦးညွန့်တင်သည် ၂ဝ၁၅ တွင် ရွေးကောက်ပွဲ ထပ်မံ ဝင်ရောက်ခြင်း မပြုတော့ပေ။ ပါတီတွင် အကြံပေးအဖြစ် ဆက်လက်လုပ်ကိုင်သွားမည်ဟု ဆိုသည်။

စစ်အရာရှိဟောင်း ဦးညွန့်ဖေကို ရွေးကောက်ပွဲရှုံးရခြင်း၊ ပါတီ၏ အားနည်းချက်၊ မူဝါဒ ပြင်ဆင်မှု အကြောင်း မေးသောအခါ “ဘာမှ အားမနည်းဘူး၊ ဘာမှပြင်စရာကို မလိုဘူး၊ တို့မဆိုးဘူး ဆိုတာထက် လူထုက ပိုကောင်းတာကို လိုချင်လို့ပေါ့ကွာ” ဟု ဆိုသည်။

သူက လွှတ်တော်သက်တမ်း လုပ်ဆောင်ချက်များကို ပြန်ပြောင်းစဉ်းစားရင်း စိတ်လွတ်လက်လွတ် ပုံစံဖြင့် ကုလားထိုင်တွင် ခါးကို လျှော့ထိုင်လျက် “ငါးနှစ်လုံးလုံး လူမိုက်လုပ်ခဲ့ရတယ်” ဟု ပြောသည်။ ၆၅ နှစ်အရွယ် ဦးညွန့်ဖေက ရန်ကုန်တိုင်းဒေသကြီး အတိုက်အခံအမတ်အချို့၏ အဆိုတင်သွင်းမှု အများအပြားကို ကန့်ကွက်ခဲ့ရသည်ဟု ဆိုသည်။

“ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာရှိတဲ့ မူလတန်းကလေးများအားလုံး အဟာရတိုက်ကျွေးရေးအဆို တင်လာတယ်၊ တင်တဲ့သူကတော့ ဟီးရိုးပေါ့။ ဖြစ်မှ မဖြစ်နိုင်တာ။ တွက်ကြည့်လိုက်ရင်ပဲ တစ်နေ့ကို သိန်း ၂,ဝဝဝ လောက် ကုန်မယ်။ ဒီတော့ ပယ်ချတာပေါ့” ဟု စာအုပ်အကြီးအသေး၊ ဖိုင်တွဲအကြီးအသေး၊ သတင်းစာဂျာနယ် စသည်များကို စစ်တန်းလျားတစ်ခုမှာကဲ့သို့ သေချာသပ်ရပ်စွာစီထားသော စားပွဲနောက်မှ ဦးညွန့်ဖေ ပြောသည်။

"(ရွှေတိဂုံဘုရားအနီး) ဒဂုံစီးတီးစီမံကိန်း ဆိုတာလည်း တို့တိုင်းအဆင့်က ဘာလုပ်နိုင်မှာလဲ၊ ပြည်ထောင်စုအဆင့်ကဆုံးဖြတ်တဲ့ဟာဆိုတော့ ပယ်ချရတာပေါ့"

သူ၏ နောက်ဘက်နံရံတွင်တွင်တော့ သမ္မတ ဦးသိန်းစိန်ဓာတ်ပုံ၊ ပြည်ခိုင်ဖြိုး ခြင်္သေ့ပုံ ပါတီတံဆိပ်ယှဉ်တွဲထားသော အစိမ်းရောင်ရင့်ရင့်ပိုစတာကို ချိတ်ထားသည်။

ပါတီတွင်း ပြန်လည်တည်ဆောက်ရေး

ယခင်စစ်အစိုးရလက်ထက်တွင် စစ်ဗိုလ်ချုပ်ကြီးများဦးဆောင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို လူမှုရေးအသင်းအဖြစ် ဖွဲ့စည်းခဲ့ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲနီးချိန်တွင် အသင်းကို ထိုအမည်ဖြင့်ပင် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။ မဲမသမာမှုများ အကြီးအကျယ်ဖြစ်ပွားခဲ့သော ထိုရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး အပြတ်အသတ်အနိုင်ရခဲ့သည်။

သို့သော်လည်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး အပြတ်အသတ်ရှုံးနိမ့်သွားရခြင်းမှာ လူထုက ပါတီကို မုန်းသည် ဆိုခြင်းထက် အုပ်ချုပ်သူ အပြောင်းအလဲကို လိုလားခြင်းကြောင်း ဖြစ်သည်ဟုလည်းကောင်း၊ ရွေးကောက်ပွဲမတိုင်မီပင် ပါတီခေါင်းဆောင်ပိုင်း အကွဲအပြဲများဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဟုလည်းကောင်း ပါတီတွင်းပြောဆိုသုံးသပ်မှုများရှိနေသည်။

လာမည့်ရွေးကောက်ပွဲများအတွက်ပြင်ဆင်ရန် ပါတီတွင် အပြောင်းအလဲလုပ်မည်ဟု ပါတီခေါင်းဆောင်တချို့က ထုတ်ဖော်ပြောကြားထားပြီး၊ ရွေးကောက်ပွဲအပြီး တစ်လအကြာတွင် အမာခံများဖြင့် ပါတီပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေပြီဖြစ်သည်။

“ပါတီကတော့ လွှတ်တော်အတွင်းမှာရော၊ အပြင်မှာရော ဆက်လက်လှုပ်ရှားနေဦးမှာပဲ” ဟု ပြည်ခိုင်ဖြိုး၏ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူးဖြစ်သူ ဦးသာဝင်းက ပြောသည်။

ရွေးကောက်ပွဲပြီး တစ်လအကြာ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပါတီအမာခံများ၏ စာရင်းကို ပြန်လည်ပြုစုနေပြီး ထိုအချက်အလက်များဖြင့် ပါတီကို ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း မည်သည့်အချိန်တွင် မည်သို့မည်ပုံ ပြုလုပ်မည် ဟူသော အသေးစိတ် အချက်အလက်များ မထွက်ပေါ်လာသေးပေ။

လက်ရှိ စိစစ်နေသော ပါတီအမာခံများမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးလှုပ်ရှားမှုတွင် တက်တက်ကြွကြွပါဝင်ခဲ့သူများဖြစ်ကြောင်း ဦးသာဝင်းက ဆိုသည်။

ရန်ကုန်၊ ဒေါပုံမြို့နယ်ရှိ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မောင်သန်းကလည်း ပါတီတွင် ရာထူးတာဝန်များ ယူထားပြီး တာဝန် အမှန်တကယ် မထမ်းဆောင်သူများ ရှိကြောင်း၊ ထိုသူတို့ နေရာတွင် အစားထိုးရန် ရွေးကောက်ပွဲအောင်နိုင်ရေးကာလတွင် အမှန်တကယ် အလုပ်လုပ်ကိုင်သူများ စာရင်းကို ပါတီဌာနချုပ်သို့ပေးပို့မည်ဟု ရှင်းပြသည်။
“ပါတီအတွက် အချိန်ပြည့်လုပ်နိုင်တဲ့သူဆိုရင်လည်း အချိန်ပြည့်ပေါ့၊ အချိန်ပိုင်းလုပ်နိုင်သူလည်း အချိန်ပိုင်းပေါ့၊ အမှန်တကယ် ပြည်သူ့အတွက်လုပ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးတွေ လိုအပ်နေတယ်။ အခု ပါတီကေဒါစာရင်းကို ရပ်ကွက်လိုက် ကောက်နေပါတယ်” ဟု ဦးမောင်မောင်သန်းက ဆိုသည်။

ယခင်စစ်အစိုးရ လက်ထက်တွင် အာဏာပိုင်တို့နှင့် မကင်းရာမကင်းကြောင်း စီးပွားရေးသမား တချို့ကို အမိန့်ညွှန်ကြားချက်ဖြင့် တာဝန်ပေးစေခိုင်းသော်လည်း ဖိဖိစီးစီး လုပ်ကိုင်နိုင်ခြင်း မရှိပေ။ အကြောင်းအမျိုးမျိုးကြောင့် ပါတီတွင် ဝင်ရောက်လုပ်ကိုင်နေသူအချို့မှာ အတိုက်အခံ NLD ထောက်ခံနေသူများဖြစ်နေသည်ဟု သူကဆိုသည်။

“တချို့တွေက ဖရဲသီးဗျ၊ အပြင်မှာစိမ်းပြီး အတွင်းမှာ နီနေတာ။ ဒါတွေလည်း ကြုံခဲ့ရတာပဲ” ဟု ဦးမောင်မောင်သန်းက ပြောသည်။

ပါတီပြန်လည်ဖွဲ့စည်းရာတွင် မြို့နယ်၊ ခရိုင် အဆင့်ထိသာ ပြုလုပ်မည်လော၊ ဗဟိုအဆင့်ကိုပါ ပြောင်းလဲမည်လော ဆိုသည်ကို မသိရသေးပေ။ ပါတီ တရားဝင်ဥက္ကဋ္ဌဖြစ်သော ဦးသိန်းစိန် သမ္မတသက်တမ်း ကုန်ဆုံးသည့်အခါ ပါတီတွင်ပြန်လည် ဦးဆောင်မည်လော ဆိုသည်မှာလည်း ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

ပါတီပြန်လည်ဖွဲ့စည်းပုံနှင့်ပတ်သက်၍ ပါတီခေါင်းဆောင်များကြား ဆွေးနွေးလျက်ရှိကြောင်း၊ သို့သော် အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း
သြဂုတ်လ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွင် ပါတီဗဟိုကော်မတီဝင်ဖြစ်လာသော ပြန်ကြားရေး ဒုဝန်ကြီးဟောင်း ဦးပိုက်ထွေးက Myanmar Now ကို ပြောကြားသည်။

ရှုံးနိမ့်ခြင်းကပေးတဲ့ လွတ်လပ်မှု

ရွေးကောက်ပွဲတွင် အခြေအနေမကောင်းသော်လည်း ပြည်ခိုင်ဖြိုးလွှတ်တော်အမတ်တချို့မှာ ထိုရှုံးနိမ့်မှုကြောင့်ပင် လွတ်လပ်သောပုဂ္ဂလက ဘဝ ပိုင်ဆိုင်ရန် အိမ်မက်မက်နေပြီ ဖြစ်သည်။

စစ်အရာရှိဟောင်း ဦးညွန့်ဖေက ဇန်နဝါရီလ ၎င်းတို့၏လွှတ်တော်သက်တမ်း ကုန်ဆုံးသောအခါ နေပြည်တော် လယ်ဝေးမြို့ရှိ သူပိုင်ဆိုင်ရာ တောအိမ်လေးတွင် မိသားစုနှင့် သွားရောက်အနားယူမည်ဟု ဆိုသည်။

“တာဝန် ဝတ္တရားတွေ ပေါ့ပါးသွားပြီပေါ့ကွာ။ တော်လောက်ပြီလေ” ဟု ရယ်မောရင်း သူက ပြောဆိုလေသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading