ဆောင်းပါး

အာဏာရှင်ကို သေနတ်သံကြားမှ အန်တုခြင်း

“သဲအိတ် ပွင့်ထွက်ပြီး လူတွေပါ လွင့်တယ်ဆိုတော့ ဒီလက်နက်က တော်တော်ကြီးတဲ့သဘောရှိတယ်” ဟု လူငယ်တစ်ဦးက ဆိုသည်။

မတ် ၂၉ မွန်းလွဲပိုင်းတွင် စစ်ကားနှစ်စီး ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၆ ရပ်ကွက် သဲအိတ်ခံတပ်ရှေ့ ရောက်ရောက်ချင်း သုံးမိနစ်ခန့်အကြာ လက်နက်ကြီးပစ်သံကြားလိုက်ရပြီး ခံတပ်ဖြိုခွင်းခံလိုက်ရသည်ဟု ရှေ့တန်းလူငယ်က Myanmar Now ကို ပြောသည်။

စစ်ကားများရောက်လာသည်ကို ရှေ့တန်းလူငယ်များ ထွက်ကြည့်လိုက်ပြီး ခံတပ်အနီး ပြန်လည်နေရာယူချိန်တွင် လက်နက်ကိုင်များက တန်းစီနေရာယူလိုက်သည်။ 

၎င်းတို့ နေရာယူပြီးချိန်တွင် လက်နက်ကြီးဖြင့် ရုတ်တရက် ပစ်ခတ်လိုက်သည်မှာ လုံးဝထင်မှတ်မထားသော အခြေအနေဟု ၎င်းက ပြောသည်။ 

“နားတွေဘာတွေ အူပြီးတော့ လူတွေအကုန်လုံးက ကြောင်တောင်တောင်ဖြစ်သွားတာ။ လှုပ်တောင်မလှုပ်တော့ဘူး။ ထကြည့်ပြီးတော့ ပြန်ထိုင်တဲ့အချိန်မှာ ပစ်တာ။ လူတွေပါ လွင့်ထွက်သွားမလိုဖြစ်တာ” ဟု ထိုလူငယ်က ပြောသည်။

လက်နက်ကြီးဖြင့် ခံတပ်ကို ဖြိုခွင်းပြီးသည်နှင့်တစ်ပြိုင်နက် ခံတပ်အနီး နေရာယူထားသည့် ရှေ့တန်းလူငယ်များ ပြန်ဆုတ်ချိန်တွင် လက်နက်ကိုင်များက ဆက်တိုက်ပစ်ကာ ဝင်လာသည်ဟု ဆိုသည်။

“သေနတ်သံက ကျွန်တော်တို့ကို စပြီးဖြိုခွင်းသွားပြီးကတည်းက ညဘက်ထိကို လုံးဝမပြတ်သွားဘူး။ ပြတ်သွားလည်း ငါးမိနစ်လောက်၊ ဆယ်မိနစ်လောက်ပဲ။  ပြန်တက်လာလို့ကိုမရဘူး။ တက်တဲ့လူက အသေပဲ” ဟု ပြောသည်။

အဆိုပါ ခံတပ်ဖြိုခွင်းမှုတွင် လူလေးဦး နေရာတွင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အနည်းဆုံး ၄၀ ခန့်ရှိကြောင်း မျက်မြင်လူငယ်က ပြောသည်။

“ပွဲချင်းပြီးပေါ့ဗျာ။ ဆေးတောင်မကုလိုက်ရဘူး။ ခေါင်းပွင့်တဲ့တစ်ယောက်ဆို ဦးနှောက်တောင်ပါမလာဘူး” ဟု မြင်တွေ့ခဲ့ရပုံကို အဆိုပါလူငယ်က ပြောပြသည်။

၎င်း၏ ညာဘက်လက်ကောက်ဝတ်တွင်လည်း လက်နက်ကြီးအစမှန်သဖြင့် နှစ်ချက်ချုပ်လိုက်ရပြီး ခံတပ်တွင် ကာထားသော သစ်သားအပိုင်းအစများ လာစင်၍ ခန္ဓာကိုယ်ညာဘက်တစ်ခြမ်း ထိခိုက်ခဲ့သည်။

ပြီးခဲ့သည့် မတ် ၂၉ ၌ တောင်ဒဂုံမြို့နယ် ရပ်ကွက်အများအပြားရှိ ခံတပ်များဖြိုခွင်းခံခဲ့ရရာ အနည်းဆုံး လူ ၂၀ ခန့် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် ထိုမြို့နယ် နေရာအနှံ့အပြားတွင် တပ်စွဲထားလိုက်ကြသည်။

“လက်ရှိအခြေအနေမှာတော့ သူတို့ကတော့ ကျွန်တော်တို့ကို ထိန်းချုပ်သွားနိုင်ပြီ။ ကျွန်တော်တို့ထွက်ပြီးတော့ ပြန်ခုခံလို့လည်း မရတော့ဘူး။ ခံတပ်တွေပြန်ဆောက်လို့လည်း မရတော့ဘူး။ ရပ်ကွက်ထိပ်တွေမှာ တပ်စွဲထားတဲ့ သဘောမျိုးဖြစ်နေတာ” ဟု လူငယ်တစ်ဦးက ဆိုသည်။

သို့သော် ငြိမ်ခံနေမည်မဟုတ်ဘဲ အခွင့်အရေးရလျှင်ရသလို ခံတပ်အခိုင်အမာဆောက်၍ ပြန်တော်လှန်သွားမည်ဟု ၎င်းက ပြောသည်။ 

အကာအရံ သဲအိတ်များ အခိုင်အမာကာရံထားသည်ကို တောင်ဒဂုံမြို့နယ်တွင် မတ် ၃၀ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

ရေးကြီးသုတ်ပျာ သင်္ဂြိုဟ်လိုက်ရသည့် ရုပ်အလောင်းများ 

ခံတပ်ဖြိုခွင်းမှုတွင် ပစ်သတ်ခံရသူအချို့ကို အလောင်းကောက်ခွင့် မရခဲ့ပေ။ အလောင်းလာလုမည်ကို စိုးရိမ်စိတ်ဖြင့် အလျင်အမြန် ချက်ချင်းသင်္ဂြိုဟ်လိုက်ရသူများလည်းရှိသည်။

“သူတို့ဟစ်ကြွေးသွားတာက အားလုံးကို မင်းတို့ရှေ့မှာ မီးပုံရှို့ပြမယ်ဆိုပြီး အဲဒီလိုဟစ်ကြွေးပြီးတော့ကို လာတာ” ဟု ၇၂ ရပ်ကွက် ရှေ့တန်းခံတပ်တွင် ခုခံတိုက်ခိုက်နေသည့် ကိုထွန်းထွန်း(အမည်လွှဲ)က ပြောသည်။

ထို့ကြောင့် ပွဲချင်းပြီးသေဆုံးသူများကို မိသားစုဝင်များက အစိုးရဆေးရုံရှိ ရင်ခွဲရုံသို့မပို့ဘဲ နေ့တွင်းချင်း သုသာန်တွင် သင်္ဂြိုဟ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

အလောင်းလုခံရမည်ကို စိုးရိမ်သောကြောင့် နာရေးကူညီမှုအသင်းများနှင့် ဆေးကုသသည့်အဖွဲ့များကလည်း သေဆုံးသူများ၏ အမည်နှင့် နေရပ်ကို ချက်ချင်းထုတ်ပြန်ရန် တွန့်ဆုတ်ခဲ့ကြသည်။ 

တောင်ဒဂုံသပိတ်စစ်ကြောင်းတွင် ပါဝင်သူများ၊ ဒေသခံများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် မိသားစုဝင်များထံမှ Myanmar Now က စုံစမ်းသိရှိရသလောက် နှစ်ရက်အတွင်း ကျဆုံးသူများထဲမှ ၂၀ ဦးကို အတည်ပြုနိုင်ခဲ့သည်။

မတ် ၂၉ တွင် ကျဆုံးသူ ၁၇ ဦးရှိပြီး မတ် ၃၀ တွင် ရှေ့တန်းလူငယ် ၃ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။ 

ထိုသူများအနက် နာမည်နှင့်တကွ အတည်ပြုထားနိုင်သူ ၁၇ ဦးရှိပြီး ၎င်းတို့မှာ ကိုခင်လှိုင်(ခ)ဝေစိုးသူ (၂၇ နှစ်)၊ ကိုသက်နိုင်ထွန်း (၄၁ နှစ်)၊ ကိုနေလင်းစော (၃၇ နှစ်)၊ ကိုမျိုးကိုကိုဦး (၂၇ နှစ်)၊ ကိုကိုလွင် (၂၆ နှစ်)၊ ကိုသိန်းအောင် (၂၈ နှစ်)၊ ကိုအောင်မျိုးသန့် (၂၈ နှစ်)၊ ကိုအောင်သူ (၂၇ နှစ်)၊ ကိုဝင်းထွဋ်အောင် (၁၉ နှစ်)၊ ကိုစန်းတင့်နိုင် (၂၇ နှစ်)၊ ဖိုးလပြည့် (၂၃ နှစ်)၊ ဦးကုလား (၄၀ နှစ်)၊ ကိုကျော်သန်း (၁၉ နှစ်)၊ ကိုသားချော (၂၀ နှစ်)၊ ကိုဝင်းဦး (ပိုင်ရှင်မဲ့အလောင်း)၊ ကိုဝေဖြိုးသူ (အသက်မသိသေး)၊ ကိုမောင်ဦး (အသက်မသိသေး) တို့ ဖြစ်သည်။ 

ရုပ်အလောင်းမီးရှို့ခံရသူတစ်ဦး၏ အမည်နှင့် အသက်ကို စုံစမ်းနိုင်ခြင်း မရှိသေးပေ။  

ဆန္ဒပြသူတစ်ဦး ကျဆုံးခဲ့သည့်နေရာအား တောင်ဒဂုံမြို့နယ်တစ်နေရာတွင် အမှတ်တရ ဂုဏ်ပြုထားရှိသည်ကို မတ် ၃၀ က တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့) 

သေဆုံးသူများအနက် မတ် ၂၉ မွန်းလွဲပိုင်းက တောင်ဒဂုံ၊ ၁၀၇ ရပ်ကွက် သပိတ်စစ်ကြောင်းဖြိုခွင်းခံရမှုအတွင်း ဘယ်ဘက်ရင်အုံ ထုတ်ချင်းပေါက်ကာ ပွဲချင်းပြီးကျဆုံးခဲ့သူ အသက် ၃၇ နှစ်အရွယ် ကိုနေလင်းစောကို နေ့ချင်းပြီး သင်္ဂြိုဟ်ခဲ့ရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ 

“အလောင်းက မိသားစုမပါဘဲ ကျီစုသုသာန်မှာ ချက်ချင်း အမြန်သင်္ဂြိုဟ်လိုက်ရပါတယ်။ အလောင်းလိုက်ရှာနေတယ်ဆိုလို့ မိသားစုက အိမ်သော့ပိတ်ပြီး ရှောင်နေရတယ်” ဟု ကိုနေလင်းစော၏ ညီဝမ်းကွဲဖြစ်သူက ပြောသည်။ 

တောင်ဒဂုံ ၇၂ ရပ်ကွက်မှ အသက် ၂၇ နှစ်အရွယ် ကိုမျိုးကိုကိုဦးသည်လည်း စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်သတ်မှုကြောင့် ခေါင်းပွင့်ထွက်ကာ သင်္ဃန်းကျွန်းစံပြဆေးရုံ၌ မတ် ၂၉ မွန်းလွဲပိုင်းတွင် ကျဆုံးခဲ့သည်။

၎င်း၏ရုပ်အလောင်းကို နောက်ရက် မတ် ၃၀ မွန်းလွဲ ၂ နာရီထိုးမှ ထုတ်ယူရရှိခဲ့ပြီးပြီးချင်း ကျီစုသုသာန်သို့ မိသားစုဝင်နှင့် မိတ်ဆွေအနည်းငယ်က လိုက်ပါပို့ဆောင်ခဲ့ရသည်ဟု ဇနီး မခိုင်ဇင်ဦးက ပြောသည်။

“အားလုံးက အခုသေ အခုသင်္ဂြိုဟ်တာချည်းပဲ။ သူတို့တွေကို အလောင်းကို အပေးမခံဘူး။ တချို့ အလောင်းပြန်မရတဲ့မိဘတွေရှိတယ် ကြားတယ်။ တချို့ဆို သေသေချင်း ဆေးရုံမှာတောင် မထားတော့ဘူး။ တစ်ခါတည်းသင်္ဂြိုဟ်တာ” ဟု ၎င်းက ပြောသည်။

စံပြဆေးရုံ၌  တောင်ဒဂုံမြို့နယ် ပစ်ခတ်နှိမ်နင်းခံရမှုများအတွင်း ကျဆုံးခဲ့သည့် ရုပ်အလောင်းငါးလောင်း တွေ့ရှိခဲ့ပြီး အားလုံးကို ကျီစုသုသာန်တွင် ချက်ချင်းသင်္ဂြိုဟ်ခဲ့ရကြောင်း မခိုင်ဇင်ဦးက ဆိုသည်။

ကျဆုံးသူ ကိုမျိုးကိုကိုဦးသည် သံပန်းသံတံခါးဆိုင် နေ့စားအလုပ်သမားတစ်ဦးဖြစ်ပြီး ဇနီးနှင့် လူမမည် သမီးနှစ်ဦး ကျန်ရစ်ခဲ့သည်။

“ကမ္ဘာကြီးတစ်ခုလုံး ပြိုသွားသလိုပဲ။ သူ့ကိုပဲ မှီခိုနေရတာလေ။ ရှေ့ဆက် ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ ဘာမှလည်း မစဉ်းစားရသေးဘူး” ဟု မခိုင်ဇင်ဦးက ပြောသည်။

မတ် ၃၀ နံနက် အစောပိုင်း၌လည်း ၅၆ ရပ်ကွက်လမ်းဆုံတွင် စစ်ကောင်စီလက်နက်ကိုင်များ မီးရှို့ခဲ့သည့် ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ရပြီး မည်သူမည်ဝါမှန်း ယခုအချိန်ထိ အတည်မပြုနိုင်သေးပေ။

မတ် ၂၉ တွင် တောင်ဒဂုံ ၆၉ ရပ်ကွက်၌ လက်နက်ကြီးဖြင့် ပစ်ခံရသည့် လူငယ် ၂ ဦးကို သယ်ယူခွင့်မရခဲ့ဘဲ စစ်ကောင်စီလက်နက်ကိုင်များက မီးပုံရှို့လိုက်ကြောင်း ဒေသခံများက ဆိုသည်။

မတ် ၂၉ နှင့် ၃၀ နှစ်ရက်အတွင်း ကျဆုံးသူ ၂၀ ဦးရှိကြောင်း Myanmar Now က အတည်ပြုနိုင်ခဲ့သော်လည်း ဒေသခံများ၏ ပြောဆိုချက်အရ အမှန်တကယ်သေဆုံးသူအရေအတွက်မှာ ယခုထက်ပိုများနိုင်သည်ဟု ယူဆရသည်။

ဖြိုခွင်းပြီးနောက် ဖိနှိပ်မှုများ

တောင်ဒဂုံမြို့နယ်အနှံ့ နေရာတိုင်းတွင် ဒေသခံများက မတ်လ ၂၇ ရက်နေ့ကစပြီး ခံတပ်များတည်ဆောက်ခဲ့၍ စစ်ကောင်စီလက်နက်ကိုင်များ လူအင်အားမလောက်သဖြင့် မဖြိုခွင်းနိုင်ခဲ့ကြောင်း ဒေသခံတို့က ယူဆကြသည်။

မတ် ၂၉ တွင် ၇၂ ရပ်ကွက် ရတနာပုံလမ်းနှင့် ကျန်စစ်သားလမ်းထောင့်တွင် ရပ်ကွက်အတွင်းပိုင်း ဝင်ပေါက်များရှိ မြောင်းဖုံးများကို စတင်ဖယ်ရှားနေစဉ်တွင် စစ်ကားခြောက်စီး ဝင်လာပြီး ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။

နံနက် ၁၁ နာရီမှစ၍ လိုက်လံပစ်ခတ်ပြီးနောက် မွန်းလွဲပိုင်းတွင် ကျန်စစ်သားလမ်းနှင့် ရတနာလမ်းထောင့်ရှိ အိမ်နှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့လိုက်ပြီး သွားရောက်မီးငြှိမ်းသတ်သည့် လူငယ်တစ်ဦးကိုလည်း ပစ်သတ်လိုက်ရာ ခေါင်းပွင့်ပြီး ကျဆုံးခဲ့ကြောင်း ၎င်းကပြောသည်။

လမ်းမပေါ်ရှိ နေအိမ်များမှ လူများကိုလည်း တစ်အိမ်တစ်ယောက်နှုန်းဖြင့် သဲအိတ်များ အတင်းအဓမ္မသယ်ခိုင်းခြင်းနှင့် ပေါ်တာအဆွဲခံရမည် စိုးရိမ်ခြင်းတို့ကြောင့် မတ် ၃၀ နံနက်ပိုင်းတွင် အချို့မိသားစုများ နေရာပြောင်းရွှေ့သွားကြသည်ဟု ကိုထွန်းထွန်းက ပြောသည်။

မတ် ၃၀ နံနက်ပိုင်းတွင် စစ်ကောင်စီလက်နက်ကိုင်များသည် ဒဏ်ရာရသူများကို ကုသပေးနေသည့် တောင်ဒဂုံအခြေစိုက် ဆေးအဖွဲ့တစ်ခုတည်ရှိရာ ၅၆ ရပ်ကွက် ပညာ့အလင်းစာကြည့်တိုက်ကို ဝင်စီးခဲ့ပြီး ဆေးနှင့် ဆေးပစ္စည်းများကို ရေမြောင်းအတွင်း စွန့်ပစ်ခဲ့သည်။

ထို့အပြင် ၁၀၇ ရပ်ကွက်ရှိ သစ်သားအိမ်ငယ်တစ်ခုအတွင်း ဝင်ရောက်ကာ အိမ်တွင်းအသုံးအဆောင်ပရိဘောဂနှင့် စာရွက်စာတမ်းများကို ဖျက်ဆီးပြီး လူများကို ရိုက်နှက်ကာ ငွေ ၃၅ သိန်းကိုလည်း လုယူသွားကြောင်း အိမ်ရှင်အမျိုးသားနှင့် Myanmar Pressphoto Agency ၏ တိုက်ရိုက်ထုတ်လွှင့်ချက်အရ သိရသည်။ 

လက်ရှိတွင် တောင်ဒဂုံနေရာအနှံ့အပြား နေရာငါးခု၌ တပ်စွဲထားပြီး မတ် ၃၁ နေ့လယ်ပိုင်းအထိ ဆန္ဒပြလှုပ်ရှားမှုတစ်စုံတစ်ရာ မရှိသေးဟု ကိုထွန်းထွန်းက ပြောသည်။

သို့ရာတွင် ညနေပိုင်း၌ လှော်ကားလမ်းနှင့် မောင်းမကန်လမ်းမကြီးတစ်လျှောက် နှစ်နေရာထွက်ပြီး ဆန္ဒပြခဲ့သည်။ 

တောင်ဒဂုံ ၅၆ ရပ်ကွက်မှ ရှေ့တန်းလူငယ်ကမူ ဖြိုခွင်းမှုများ မည်သို့ပင်ကြုံရစေကာမူ ၎င်းတို့အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ရသည့်နည်းဖြင့် တော်လှန်သွားမည်ဟု အခိုင်အမာဆိုသည်။

“သူတို့မှာ လက်နက်ရှိတယ်၊ ကျွန်တော်တို့မှာက လက်နက်မရှိတဲ့အခါကျတော့ သူတို့ကိုမကြိုက်ကြောင်း၊ သူတို့ကို ကျွန်တော်တို့က ဘယ်သောအခါမှ မကြောက်ဘူးဆိုတာ သူတို့သိအောင် လုပ်နေမှာပဲ” ဟု ၎င်းက ပြောလိုက်သည်။

Show More

Related Articles

Back to top button