ရဲအရေးပိုင်တဲ့ကိစ္စတွေသာ တရားဝင်တိုင်ကြား နေကြတဲ့ ရွေးကောက်ပွဲတိုင်ကြားမှုများ

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို.နယ်ရှိ တပ်မတော်ဆေးရုံတစ်ခုတွင် မဲပေးရန်ရောက်ရှိလာသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ။ Myanmar Now)
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို.နယ်ရှိ တပ်မတော်ဆေးရုံတစ်ခုတွင် မဲပေးရန်ရောက်ရှိလာသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ။ Myanmar Now)

ရန်ကုန် - တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက်မှာနေထိုင်နေတဲ့ အသက် ၅၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးလှခင်တစ်ယောက် တခါမှမတွေ့ကြုံဖူးတဲ့ တရားစွဲဆိုမှုကို ခံလိုက်ရတဲ့အတွက် ရပ်ကွက်အတွင်းမှာတော့ အနည်းငယ်ရှက်စိတ် ဝင်ခဲ့ပါတယ်။ သူဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရပ်ကွက်အောင်နိုင်ရေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သလို ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနဲ့လည်း ရွေးကောက်ပွဲကျင်းပတုန်းမှာ အတူတူပူးပေါင်း ကူညီခဲ့တဲ့သူပါ။

ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့က မဲရုံမှူးခွင့်ပြုချက် မရှိပဲနဲ့ မဲရုံထဲကိုဝင်၊ ကြိုတင်မဲပုံးရဲ့ မဲလက်မှတ်ထည့်တဲ့ အပေါက်ကို တိပ်နဲ့လိုက်ပိတ်တဲ့အတွက် အကြီးဆုံးပြိုင်ဘက်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီရဲ့ မဲရုံကိုယ်စားလှယ်က အမှုဖွင့်တိုင်ကြားခြင်းကို ခံလိုက်ရတဲ့သူပါ။

“ကျနော်က အဲဒီနေ့က ကျနော်တို့ရပ်ကွက်ထဲက မဲရုံ ၁၂ ရုံမှာ စောင့်နေတဲ့ ပါတီရဲ့ မဲရုံကိုယ်စားလှယ်တွေက ကြိုတင်မဲပုံးတွေရဲ့အပေါက်ကို ပိတ်ထားတာ မတွေ့ရဘူးလို့ ပြောတော့ ရပ်ကွက်ကော်မရှင် အတွင်းရေးမှူးနဲ့ တိုင်ပင်ပြီး ကျနော် တာဝန်ယူလိုက်ပိတ်တာ”    “ပိတ်တဲ့ဆီမှာလဲ မဲရုံမှူးဆရာတွေကို ခွင့်တောင်းတယ်။ သူတို့သဘောတူမှ ပိတ်တာ။ ၄ ရုံလောက် ပိတ်ပြီးတော့မှ တခြားမဲရုံမှူးဆရာမတွေက မပိတ်ခိုင်းတာကြောင့် ကျနော်ဆက်မပိတ်ခဲ့တာ” လို့ သူကဆိုတယ်။

သူ့အနေနဲ့ မဲရုံမှူးခွင့်ပြုချက်နဲ့အတူ ရပ်ကျေးကော်မရှင်က တာဝန်ရှိသူတွေရဲ့ သဘောတူညီချက်နဲ့ လုပ်ခဲ့တယ်ဆိုတာကို ထင်ထင်ရှားရှား သက်သေပြသွားမှာ ဖြစ်ပြီးတော့ ယခုလို တိုင်ကြားလာမှုကြောင့် တိုင်ကြားသူကိုလည်း လိမ်လည်တိုင်တဲ့ အမှုနဲ့ မိမိရဲ့ဂုဏ်သိက္ခာထိခိုက်တဲ့ အမှုတို့နဲ့ ပြန်လည်တရားစွဲထားတယ်လို့ သူက ဆက်ပြောပြတယ်။
 
ရွေးကောက်ပွဲပြီးနောက် အပြန်အလှန်အမှုဖွင့် တရားစွဲမှုတွေ ရှိလာနေ

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရရှိထားသည့် သတင်းအချက်အလက်များအရ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာရဲစခန်းမှာ လာရောက်တိုင်ကြားထားသည့် အမှုပေါင်း ၄၂၂ မှု ရှိသည်။

အင်အားကြီး ပါတီ ၂ ခုဖြစ်သည့် NLD နှင့် USDP တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များက ၎င်းတို့ မဲဆွယ်စည်းရုံးရာတွင် နှောက်ယှက်ခြင်း၊ သြဇာအာဏာသုံး၍ မဲဆွယ်ခြင်း၊ အပြန်အလှန် ခိုက်ရန်ဖြစ်ပွားခြင်း၊ ရန်စနှောက်ယှက်ခြင်း၊ တားဆီးပိတ်ပင်ခြင်း စတဲ့ ခေါင်းစဉ်တွေနဲ့ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းများတွင် အပြန်အလှန် တိုင်ကြားထားကြခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ရဲအရေးပိုင်သည့် ရွေးကောက်ပွဲဆိုင်ရာ အမှုဖွင့်တရားစွဲမှုတွေဟာ ရန်ကုန်တိုင်းဒေသကြီးမှာက ၅၈ မှုနဲ့ ဧရာဝတီ တိုင်းဒေသကြီးမှာက ဒုတိယအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အနိုင်ရကိုယ်စားလှယ်ကို ဖြုတ်ချနိုင်တဲ့အထိ ဆောင်ရွက်လို့ရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၊ ရွေးကောက်ပွဲဆိုင်ရာခုံရုံးဆီကိုတော့ ကော်မရှင်ဥပဒေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ လာရောက်တိုင်ကြားတဲ့အမှု လက်ရှိအချိန်ထိတော့ မရှိသေးဘူးလို့ ရွေးကောက်ပွဲဆိုင်ရာခုံရုံးက ညွှန်ကြားရေးမှူး ဦးညွန့်တင်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ အခန်း (၁၄) တရားမဲ့ပြုကျင့်မှုအရ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဦးကပဲဖြစ်ဖြစ်၊ သူ့ရဲ့ ကိုယ်စားလှယ်ကဖြစ်ဖြစ် လာဘ်ပေးလာဘ်ယူလုပ်တာ၊ ရွေးကောက်ပွဲကို အနှောက်အယှက်ပေးတာ၊ သူတို့ရဲ့ တိုက်တွန်းချက်တွေနဲ့ မဲဆန္ဒရှင်တစ်ဦးဦးက ကိုယ့်မဲလက်မှတ်ကို မဲရုံပြင်ပကို ယူဆောင်သွားတာ၊ မိမိ မဲရရေးအတွက် ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြပြီးတော့ မဲပေးဖို့၊ မဲမပေးဖို့ စည်းရုံးတာတွေဟာ တရားမဲ့ပြုကျင့်မှု မြောက်တယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် ပုံနှိပ်သူ၊ ထုတ်ဝေသူတွေရဲ့ အမည်၊ နေရပ်လိပ်စာတွေမပါပဲနဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်တွေ၊ စာရွက်စာတမ်းတွေ၊ ပိုစတာတွေ ထုတ်ဝေပြီးတော့ မိမိလိုလားတဲ့ ကိုယ်စားလှယ် အနိုင်ရအောင် ပြုလုပ်တာ၊ မမှန်မကန် ပြုလုပ်ထားတဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို တင်ပြတာ၊ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ကို တင်ပြဖို့ ပျက်ကွက်တာတွေလည်း အကြုံးဝင်တယ်လို့ ပြဌာန်းထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုတွေနဲ့ တိုင်ကြားမယ်ဆိုရင်တော့ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း ဆောင်ရွက်မှ အကြုံးဝင်ပြီး ခုံရုံးအနေနဲ့လည်း ဆက်လက်ဆောင်ရွက်လို့ ရမှာဖြစ်တယ်၊ ခုံရုံးကို စာနဲ့ တင်ပြနေရုံနဲ့တော့ ဥပဒေနဲ့မညီတဲ့အတွက် ဆောင်ရွက်လို့ရမှာမဟုတ်ဘူးလို့ ညွှန်ကြားရေးမှူး ဦးညွန့်တင်က ရှင်းပြပါတယ်။

“ကျနော်တို့အပိုင်းကတော့ အခန်း ၁၄ (တရားမဲ့ပြုကျင့်မှုများ) မှာ ပါတဲ့ ဥပဒေပြဌာန်းချက်အတိုင်း အစုံအလင်နဲ့လုပ်မှ ကျနော်တို့ဘက်က ဆက်လုပ်လို့ရမှာ” လို့ သူကဆိုပါတယ်။
 
တိုင်းနဲ့ပြည်နယ်အနှံ့ တရားစွဲမှုတွေ

ပြည်ခိုင်ဖြိုးပါတီကနေ ရန်ကုန်မြို့၊ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်ခဲ့တဲ့ မွေးမြူရေးနှင့်ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြိုင်ဘက် NLD ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး နဲ့ ပါတီဝင်တွေဟာ USDP ပါတီ စည်းရုံးရေး လှည့်လည်ရာမှာ ကား၊ ဆိုင်ကယ်တွေနဲ့ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့တယ်လို့ ဆိုပြီး မတရားတားဆီး ကန့်ကွက်မှုနဲ့ တိုင်ကြားထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲဘက်က လက်ရှိအချိန်အထိ အကြောင်းကြားလာတာ မရှိသေးသလို သက်ဆိုင်ရာကော်မရှင်ကအဖွဲ့ခွဲကလည်း NLD ရဲ့ အဲဒီစည်းရုံးရေးခရီးစဉ်မှာ ကော်မရှင်ရဲ့ တရားဝင်ခွင့်ပြုချက် ပေးထားကြောင်း ဒေါ်အေးမြမြမျိုးက ပြောပါတယ်။

တိုင်ကြားခံရတဲ့အကြောင်းကို ရဲစခန်းကို စုံစမ်းတဲ့အခါ မိမိတို့သိထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတွေနဲ့မဟုတ်ဘဲနဲ့ ရဲ အရေးပိုင်တဲ့ ရာဇဝတ်ပုဒ်မ ၃၄၁ ဖြစ်တဲ့ လမ်းပိတ်ဆို့မှုနဲ့ အမှုဖွင့်ထားတယ်လို့ပဲ သိရသေးတယ်လို့ သူက ဆက်ပြောတယ်။

“ကျမတို့ ကျောက်တန်း၊ ဆင်မဘော်ရွာကိုသွားတာမှာ ဝန်ကြီးဦးအုန်းမြင့် ရှိနေမှန်းလည်း မသိဘူး။ သူတို့လူတွေကတောင်မှ ကျမတို့လမ်းကို ပိတ်ထားလို့ ကျမတို့က ပြဿနာ မဖြစ်စေချင်တာနဲ့ အဲဒီရွာဘက်ကိုတောင် ဆက်မသွားခဲ့တာ။ ကျမတို့က မတရားအတိုင်ခံထားရတာ။ ဘာမှလာအကြောင်းမကြားသေးတော့ ဘာဆက်ဖြစ်မယ် မသိသေးဘူး။ ကျမတို့ကတော့ ရှေ့နေတွေနဲ့တော့ တိုင်ပင်ထားတယ်။ ကျမက အလုပ်ပဲလုပ်ချင်တာ။ ပဋိပက္ခတွေလည်း မဖြစ်ချင်ပါဘူး”လို့ သူက ဆိုပါတယ်။

အလားတူ နိုင်ငံအဝန်းမှာလည်း ဘာသာရေးအကြောင်းပြမဲဆွယ်မှု၊ ကြိုတင်မဲပေးရာမှာ ပါတီတစ်ခုကိုမဲပေးဖို့ မဲရုံဝန်ထမ်းတွေကလုပ်ဆောင်မှု၊ မဲဆန္ဒရှင်ကိုယ်စား လိမ်လည် လာရောက် မဲထည့်မှု၊ ပါတီအလံကို ယာဉ်ပေါ်မှာလွှင့်ထူပြီး မဲပေးမှု၊ ကိုယ်စားမဲပေးမှု၊ အသက်မပြည့်သေးဘဲ မဲလာပေးမှုတွေနဲ့ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ အပြန်အလှန် အမှုဖွင့်တိုင်ကြားထားကြပါတယ်။
 
ဥပဒေပြဌာန်းချက်တွေက ရဲအရေးပိုင်တာနဲ့ ကော်မရှင်ဆောင်ရွက်ရမယ့်ကိစ္စဆိုပြီး ၂ ခုရှိနေ

ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားတဲ့ အခန်း (၁၃) ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေက ရဲအရေးပိုင်တဲ့ ပြစ်မှု၊ ပြစ်ဒဏ်တွေဖြစ်ပြီး “မည်သူမဆို” ဆိုသည့် စကားရပ်ကြောင့် ရွေးချယ်ခံကိုယ်စားလှယ်၊ ရွေးကောက်ခံကိုယ်စားလှယ်ကအစ အရပ်သူ၊ အရပ်သားများ၊ မဲရုံတာဝန်ရှိသူများ အားလုံးက မည်သူ့ကိုမဆို အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ညွန်ကြားရေးမှူး ဦးစိုင်းကျော်သူက ရှင်းပြတယ်။

တိုင်ကြားမှုတွေကို သက်ဆိုင်ရာမြို့နယ် တရားစွဲအဖွဲ့အစည်းက စိစစ်ပြီးတော့မှ တိုင်ကြားမှုမှန်ကန်ရင် ကျူးလွန်တဲ့သူကို ထောင်ဒဏ် တစ်နှစ်သော်လည်းကောင်း၊ ငွေဒဏ် ကျပ် တစ်သိန်းသော်လည်းကောင်း အပြစ်ပေးလို့ရသလို လိမ်လည်တိုင်ကြားခဲ့တာဆိုရင်လည်း တိုင်ကြားသူကို ထောင်ဒဏ် သုံးနှစ်သော်လည်းကောင်း၊ ငွေဒဏ် ကျပ် သုံးသိန်းသော်လည်းကောင်း အပြစ်ပေးလို့ရတယ်လို့ သူက ရှင်းပြတယ်။
 
“ဒီရဲအရေးပိုင်တဲ့အပိုင်းက ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ မည်သူ့ကိုမဆို ဘယ်သူကဖြစ်ဖြစ် တိုင်ကြားလို့ရတယ်။ ရွေးကောက်ပွဲကျင်းပပြီးတဲ့ ရက်ကနေစပြီး ၁၅ ရက်အတွင်း သက်ဆိုင်ရာ မဲဆန္ဒနယ်က ရဲစခန်းမှာ အမှုဖွင့်ရတာ။ ဘယ်လိုကိစ္စတွေ တိုင်လို့ရသလဲလို့ အကြမ်းဖျင်း ပြောရရင် မဲ နှစ်ခါပေးတာတို့၊ အယောင်ဆောင်မဲပေးတာတို့၊ ကိုယ်စားမဲပေးတာတို့၊ မလျော်သြဇာသုံးပြီးမဲပေးတာတို့၊ မဲလာပေးတဲ့သူကို အနှောင့်အယှက်ပေးတာတို့ပေါ့” လို့ သူက ရှင်းပြတယ်။

ဒါပေမဲ့ အခန်း (၁၄)၊ တရားမဲ့ပြုကျင့်မှုနဲ့ ပတ်သက်ပြီး အဲဒီမဲဆန္ဒနယ်မှာရှိတဲ့ မဲဆန္ဒရှင်တစ်ဦးဖြစ်စေ၊ ယှဉ်ပြိုင်အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းဖြစ်စေကသာ တိုင်ကြားလို့ရတယ်လို့ ဦးစိုင်းကျော်သူက ဆက်ရှင်းပြတယ်။ ဥပဒေမှာပါ တဲ့အချက်တွေနဲ့အညီ သက်ဆိုင်ရာမဲရုံ၊ မဲဆန္ဒနယ်မှာလုပ်တဲ့ရွေးကောက်ပွဲက တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်တာမို့လို့ ပယ်ဖျက်ပေးဖို့ အထောက်အထား အတိအကျ၊ အချက်အလက်အပြည့်အစုံနဲ့ တိုင်ကြားရတယ်လို့ သူက ဆိုပါတယ်။

တိုင်ကြားတာနဲ့တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲကော်မရှင်ရဲ့ ငွေစာရင်းမှာ ငွေကျပ် ၅ သိန်း သွင်းရမှာဖြစ်တယ်၊ ရွေးကောက်ပွဲကျင်းပပြီးတဲ့ ရက်ကနေ ၄၅ ရက်အတွင်း တိုင်ကြားမှသာ ခုံဖွဲ့ပြီး စစ်ဆေးရမှာဖြစ်တယ်။

“ယှဉ်ပြိုင်အရွေးခံတဲ့ ကိုယ်စားလှယ်ဆိုရင်လည်း ‘အနိုင်ရတဲ့သူဟာ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြမဲဆွယ်တယ်၊ ခြိမ်းခြောက်ပြီးတော့ ဘယ်သူတွေကို မဲအတင်းထည့်ခိုင်းတယ်၊ ဒါတွေကြောင့် သူဟာ ဒီမဲတွေရသွားတာ၊ သူသာ ဒီမဲမရရင်ရင် ကျနော်သာ အရွေးခံရမှာဖြစ်တယ်’ လို့ တိုင်ရမှာ။ စာရွက်လေးတစ်ရွက်နဲ့ ဘယ်မဲရုံ၊ ဘယ်မှာ ဘယ်လိုဖြစ်သွားလို့ မဲရလဒ်တွေ ပြန်စစ်ပေးပါ၊ ကန့်ကွက်ပါတယ်လို့ ဆိုရုံလေးနဲ့မရဘူး” လို့ သူကရှင်းပြတယ်။

ရဲအရေးပိုင်တဲ့ကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလဲ

ရဲအရေးပိုင်တဲ့ကိစ္စတွေဟာ ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပါ ပုဒ်မ ၅၇ ကနေ ၆၃ အထိက ရဲစခန်းမှာ အမှုဖွင့်ပြီး မြို့ နယ်တရားရုံးမှာ တရားစွဲဆိုရတယ်၊ ရဲအရေးပိုင်တဲ့အတွက် အမှုဖွင့်ခံရသူများကို ရဲက ဖမ်းဆီးလို့ရပေမယ့် သူတို့ကို အာမခံပြန်ပေးလို့ရတယ်လို့         သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ပုဒ်မ ၆၄ အရ လိမ်လည်တိုင်ကြားမှုမြောက်ရင် အဆိုပါလိမ်လည်တိုင်ကြားသူကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပြီး အာမခံပေးလို့မရဘူးလို့ သူက ဆက်ပြောပြတယ်။

“ရဲဘက်ကတော့ အမှုဖွင့်တာပဲ လုပ်တာ။ ကျန်တဲ့အပိုင်းက သက်ဆိုင်ရာ မြို့နယ်တရားရုံးက တရားစွဲတာ။ စီရင်တော့လည်း ရွေးကောက်ပွဲ ကော်မရှင်ဥပဒေပါအချက်တွေ အတိုင်းပဲ လုပ်တာ” လို့ သူက ဆိုပါတယ်။

လတ်တလော အမှုဖွင့် တရားစွဲဆိုခံထားရတဲ့ တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်က NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဥက္ကဌ ဦးလှခင်ကတော့ သူ့ဘက်က အမှန်အတိုင်း စေတနာသန့်သန့်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် တရားရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading