နှစ်သိမ့်ဆွေးနွေးမှုနှင့် နွေးထွေးမှုကိုလိုအပ်နေသည့် အိပ်ချ်အိုင်ဗီဝေဒနာရှင်များ

ရန်ကုန်တိုင်း သာကေတမြို.နယ်ရှိ MSF ကဖွင့်လှစ်ထားသော HIV ဆေးခန်းသို့ ရောက်ရှိနေသည့် လူနာတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ။ အိချယ်ရီအောင်/Myanmar Now)

ရန်ကုန် –ဒုတိယအိမ်ထောင်မှ ခင်ပွန်းသည်တစ်ယောက် ၎င်း၏မိဘများအိမ်တွင် ၂၀၁၃ ခုနှစ်အတွင်း ကွယ်လွန်ပြီး နှစ်ပတ်အကြာတွင် ခင်ပွန်းသည်၏မိဘသားချင်းများက ခင်ပွန်းသည်သည် HIV/AIDS ဖြင့် ဆုံးခြင်းဖြစ်ကြောင်း ဒေါ်ချိုအား ဖုန်းဆက်အကြောင်းကြားလာသည်။ သူ့ကိုလည်း သွေးစစ်ကြည့်ရန် ပြောသွားသေးသည်။

နေပူကျဲတဲအောက်မှာပင် ဒေါ်ချိုတစ်ယောက် သွေးစစ်ခံရန် ဆေးခန်းတစ်ခုသို့ အပြေးသွားရောက်ခဲ့ပုံကို ယခုထိ ကောင်းကောင်းမှတ်မိနေဆဲ။ ရောဂါပိုးမရှိဟု အဖြေထွက်လာတော့မှ ဒေါ်ချိုတစ်ယောက် သက်ပြင်းချနိုင်ခဲ့တော့သည်။

သို့သော် နောက်ပိုင်း ကိုယ်အလေးချိန် လျော့ကျလာသလို မကြာခဏလည်း ပိုပြီးနေထိုင်မကောင်းဖြစ်လာတော့ ဒေါ်ချိုလည်း ပြီးခဲ့သည့်စက်တင်ဘာလအတွင်း နောက်တစ်ကြိမ် သွေးစစ်ကြည့်သည်။ သည်တစ်ခါတော့ အဖြေက ပိုးရှိသည်ဟု ထွက်လာသည်။

“ရောဂါဖြစ်မှန်းသိသိချင်းမှာ စိတ်မကောင်းဖြစ်သလို ဝမ်းလည်းနည်းမိတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နေ အသက် ၄၃ နှစ်အရွယ် ဒေါ်ချိုက ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည့် မျက်ရည် စများကို လက်ဖမိုးဖြင့် သုတ်ရင်းပြောသည်။ ယခင်က ဒေါ်ချိုသည် အိမ်အနီးအနားမှာပင် အထည်ဆိုင်ဖွင့်ခဲ့သူဖြစ်သည်။

ရောဂါဖြစ်သည်ဟု သိသိချင်း နှစ်ရက်မြောက်သည့်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖွင့်လှစ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်ရှိ NAC & NLD AIDS Center ခုခံအားကျဆင်းမှုကူးစက်ရောဂါ ကာကွယ်ရေးနှင့် ပြုစုစောင့်ရှောက်ရေး ဂေဟာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဒေါ်ချို၏ မိသားစုက လိုအပ်သည့် အသုံးစရိတ်များကို ထောက်ပံ့ပေးသော်လည်း အိမ်တွင် ညီမဖြစ်သူ၏ ကလေးငယ်ရှိခြင်းကြောင့် ဒေါ်ချို့မိသားစုဝင်များက ကလေးငယ်အား ရောဂါကူးစက်မည်ကို စိုးရိမ်ခြင်းကြောင့် ဒေါ်ချိုအားအိမ်ပြန်မခေါ်ခဲ့ပေ။

ဒေါ်ချို့တွင် ပထမအိမ်ထောင်ဖြင့်ရသည့် အသက် ၂၁ နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပြီး ဂေဟာရောက်ရှိချိန်မှ စတင်၍ ယနေ့အချိန်အထိ လာရောက်တွေ့ဆုံခြင်းမရှိကြောင်း ပြောကြားသည်။

“သမီးက တစ်ခေါက်မှ လာမတွေ့ဘူး။ ဒါပေမဲ့ ဖုန်းနဲ့တော့စကားပြောတဲ့အတွက် တော်သေးတာပေါ့” ဟု ၎င်းကပြောသည်။

ထိုဂေဟာတွင် ဒေါ်ချို့လိုပင် မိသားစုကလက်မခံသည့် HIV/AIDS ရောဂါဝေဒနာရှင်ပေါင်း ၃၀၀ ရှိနေသေးသည်။ ရောဂါကုသမှုခံယူရမည့်လူအားလုံး၏ သုံးပုံတစ်ပုံသာ ဆေးဝါးကုသမှုရရှိခဲ့သည့် လွန်ခဲ့သောနှစ်များကနှင့်စာလျှင် မြန်မာနိုင်ငံ၏ HIV/AIDS ရောဂါဝေဒနာရှင်များ၏ ဂရုစိုက်ခံရမှု အခြေအနေမှာ အထူးတိုးတက်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်က HIV/AIDS ဝေဒနာရှင်ပေါင်း ၂၁၀,၀၀၀ ခန့် ရှိကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏လမ်းညွှန်ချက်များနှင့်အညီ ART ဆေးသောက်သုံးရန် လိုအပ်နေသူ HIV ပိုးရှိသူအရေအတွက် ၁၆၀,၀၀၀ ဝန်းကျင်ခန့် ရှိကြောင်း MSF ခေါ် နယ်စည်းမထားဆရာဝန်များအဖွဲ့(Medecins Sans Frontieres) ၏ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ ART ဆေးဝါးလိုအပ်ချက်များကို နှစ်ရှည်လများထောက်ပံ့လာခဲ့သည့် MSF က ဆေးဝါး ထောက်ပံ့နေသူပေါင်း တစ်နိုင်ငံလုံးတွင် ၃ သောင်းခွဲ ရှိပြီး ရန်ကုန်မြို့ တစ်မြို.တည်းတွင် ၁၇,၀၀၀ ဝန်းကျင်ရှိကြောင်း MSF ရန်ကုန်ဌာန၏ တာဝန်ရှိသူတစ်ဦးကဆိုုသည်။

ယခုတိုင်းနဲ့ ပြည်နယ်တိုင်းရှိအစိုးရဆေးရုံအများစုတွင် ART/ARV ဆေးထုတ်ယူနိုင်ပြီဖြစ်ကြောင်း MSF မှ ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာစိုးရတနာက ပြောသည်။ သို့သော် ထိုအချက်နှင့် ပတ်သက်၍ တရားဝင်ကိန်းဂဏန်းများ မထွက်ပေါ်သေးပေ။

ဒီဇင်ဘာလ ၁ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းတွင် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါနေ့ကို ကျင်းပကြသော်လည်း၊ ထို ရောဂါနှင့်ပတ်သက်၍ အဖွဲ့အစည်းများအနေဖြင့် ပညာပေးအစီအစဉ်များ ပြုလုပ်နေသော်လည်း ယနေ့အချိန်ထိ လူ့ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံမှုများရှိနေဆဲဖြစ်သည်။ HIV ပိုးရှိသူသည် အလိုလိုလူရာမဝင်ဆန့် ဖြစ်နေဆဲဖြစ်သည်။

နှစ်ပေါင်းများစွာကြာအောင်ပင် စီမံခန့်ခွဲမှုအလွဲများကြောင့် ဆိုးရွားခဲ့ရသည့်ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ်လုံးကိုသာ ပြုပြင်ပြောင်းလဲရေးမဟုတ်ဘဲ အသိမှားယွင်းခြင်းနှင့် ရှေးရိုးစွဲ အယူအဆများ ကျန်ရှိသေးခြင်းတို့ကြောင့်ဖြစ်လာသည့် ရောဂါသည်များအပေါ် ခွဲခြားဆက်ဆံလိုသည့် စိတ်များကိုပါ တိုက်ဖျက်ရမည့် တာဝန်ကြီးတစ်ရပ်က အစိုးရအတွက် ကြီးမားလှသည့် စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ် ဒေါ်စိန်မြင့်တို့ သားအမိနှစ်ဦးလည်း HIV ရောဂါဖြစ်ပွားနေသည်ကို သိရှိချိန်မှစတင်၍ ပတ်ဝန်းကျင်၏ ပစ်ပယ်ခြင်းဒဏ်ကို ခံခဲ့ရသည်။

“ဒီရောဂါဖြစ်တဲ့ အချိန်ကစပြီး ရွာထဲက ဘယ်အိမ်ကမှ နေ့စားလုပ်ဖို့ မခေါ်တော့ဘူး” ဟု ဒေါ်စိန်မြင့်ကပြောသည်။

ရောဂါဖြစ်ပွားနေသည်မှာ သုံးနှစ်ဝန်းကျင်ခန့်ရှိပြီး သားအမိနှစ်ဦးအနေဖြင့် မိမိခြံထဲတွင်သာ သီးနှံပင်များကို စိုက်ပျိုးစားသောက်နေရကြောင်း ရှင်းပြသည်။

“အလုပ်မရှိတော့ ပိုက်ဆံမရှိဘူးလေ။ တစ်ခါတလေ စားရေးသောက်ရေး အရမ်းအခက်အခဲဖြစ်တာပဲ” ဟု ၎င်းကပြောသည်။

၎င်း၏ အသက်ငါးနှစ်အရွယ် သားဖြစ်သူ မောင်လင်းသူမှာလည်း ရောဂါပိုးကူးစက်ခံထားရပြီး ပတ်ဝန်းကျင်တွင် ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

ဒေါ်ချိုကဲ့သို့ပင် ဒေါ်စိန်မြင့်သည်လည်း အမျိုးသားသေဆုံးပြီးနောက်ပိုင်းမှ ရောဂါပိုးကူးစက်ခံထားရမှန်း သိရှိခဲ့သည်။ သားအမိနှစ်ယောက်စလုံး ကိုယ်ခံအားကျဆင်းသည့် လက္ခဏာများ ဆက်တိုက်တွေ့လာပြီး ကျန်းမာရေး ချူခြာလာခြင်းကြောင့် မိတ်ဆွေတစ်ဦးက HIV/AIDS ကူးစက်မှု ကာကွယ် တားဆီးရေး လုပ်ငန်းများလုပ်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုသို့ ခေါ်ဆောင်ပေးသွားခြင်းကြောင့် ယင်းရောဂါဖြစ်ပွားသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။

သားဖြစ်သူမှာ ရောဂါဖြစ်ပွားနေခြင်းကြောင့် ဆေးသောက်ရကြောင်းကိုသာသိရှိကာ ယင်းရောဂါ၏ အဓိပ္ပါယ်ကို တိတိကျကျ မသိရှိသေးဟု ဒေါ်စိန်မြင့်က ပြောသည်။

“ကျွန်မဘယ်သွားသွား သားကို ခေါ်သွားရတယ်။ ဘာကြောင့်လဲဆိုတော့ သားက ကိုယ့်ဘာသာသတိထားပြီး ဆေးကိုမသောက်တတ်သေးဘူးလေ။ အချိန်တွေမှားသောက်မိရင် ရောဂါတိုးမှာကို စိတ်ပူတယ်။ ဒါကြောင့် ကိုယ့်ကျန်းမာရေးရော ကလေးကျန်းမာရေးကိုပါ စောင့်ရှောက်နေရပါတယ်” ဟု ၎င်းကပြောသည်။

“ရောဂါမပြင်းထန်ဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုဖြစ်ရင် ကျွန်မတို့ သားအမိနှစ်ယောက်ကို စောင့်ရှောက်မယ့်သူမရှိဘူး” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

“သူငယ်ချင်းတွေက သူတို့ ကစားရင် သားကိုမပါခိုင်းဘူး။ သားပါမယ်ဆိုရင် ဆက်မကစားကြတော့ဘူး” ဟု ယခု သူငယ်တန်းတက်ရောက်နေပြီဖြစ်သည့် မောင်လင်းသူက လက်ထဲတွင် ကိုင်ထားသည့် ပေါင်မုန့်အလွတ်ကိုစားရင်းပြောသည်။

ရွာတွင် အလှူပွဲများပြုလုပ်ပါကလည်း အခြားသူများမှာ မိမိတို့ သားအမိနှင့် တစ်ဝိုင်းတည်းထိုင်ကာ မစားသောက်ကြောင်း၊ ၎င်းတို့သားအမိလာပါက ထထွက်သွားကြကြောင်း ဒေါ်စိန်မြင့်ကပြောပြသည်။

HIV/AIDS ပိုးရှိသူ ရောဂါရှင်များအပေါ် ခွဲခြားဆက်ဆံကြခြင်းမှာ မိသားစုဝင်များက ငွေကြေးမပြည့်စုံခြင်း၊ အိမ်တွင် လူနာကိုစောင့်ရှောက်မည့်လူပိုမရှိခြင်း၊ HIV/AIDS ရောဂါနှင့် ပတ်သက်၍ ဗဟုသုတမကြွယ်ဝခြင်းစသည့် အချက်များကြောင့်ဖြစ်ကြောင်း MSF မှ ဒေါက်တာစိုးရတနာကပြောသည်။

“လူနာက ပုံမှန်နေကောင်းနေရင် ပြဿနာမရှိဘူး။ နေမကောင်းဖြစ်နေတဲ့အချိန်မှ လူနာကို စောင့်ရှောက်တဲ့သူက ဆုံးပါးသွားတယ်ဆိုရင် အခြားလူတွေက မစောင့်ရှောက် ချင် တော့တာတွေရတာ များတယ်” ဟု ပြောပြသည်။

ART ဆေးဝါးရရှိမှုအပိုင်းတွင် ယခင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်သော်လည်း ရောဂါကုသမှု ပေးရာတွင် ဝန်ထမ်းအင်အား၊ အထူးသဖြင့် ဆရာဝန်အင်အား မလုံလောက်မှုကြောင့် အခက်ကြုံနေရဆဲဖြစ်သည်ဟု ၎င်းကပြောသည်။

“ဝန်ထမ်းအင်အားနဲ့ လူနာနဲ့ မမျှတဲ့ အခါကျတော့ ဆေးခန်းပြတဲ့ရက်ဆို အချိန် တစ်နေကုန် ပေးရတာမျိုးတွေ ဖြစ်တတ်တယ်။ ဆရာဝန်အင်အားနည်းတဲ့အခါကျတော့ လူနာတွေက သူတို့ ရောဂါအခြေအနေကို အသေးစိတ်ပြောပြလို့ မရဘူး။ ဆရာဝန်ကလည်း လူနာတွေက အရမ်းများတော့ တစ်ယောက်ချင်းကို သေသေချာချာ ဂရုမစိုက်နိုင်ဘူး။

“HIV လူနာက အမြဲလိုလို အားငယ်နေတတ်တယ်။ ဒါကြောင့် သူတို့ကို အားပေးနှစ်သိမ့်ပေးမယ့် ဆရာဝန်အင်အားနဲ့ သူနာပြုအင်အားက အလုံအလောက်ရှိဖို့လိုတယ်။ ဒီလိုရှိမှလည်း လူနာတစ်ဦးချင်းဆီရဲ့ လိုအပ်ချက်တွေကို အားပေးနှစ်သိမ့်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ရောဂါဖြစ်ပွားသည့်အချိန်မှစ၍ ဒေါ်ချိုသည် ကျန်းမာရေးကို ယခင်ထက် ပိုမိုဂရုစိုက်ပြီး အစားအသောက် အနေအထိုင် တို့ကိုဂရုစိုက်ကာ ART ဆေးကိုလည်း ပုံမှန် သောက်သုံးလျက်ရှိသည်။

သို့သော်လည်း ရောဂါရှိလျက်နှင့် ၎င်းကို ၎င်း၏ သမီးနှင့် ညီအစ်ကိုမောင်နှမများက တဖန်ပြန်လက်ခံပါမလား ဟူ၍ မျှော်လင့်ချင်သည့်အရိပ်အယောင်ကို မတွေ့ရပါ။

“ကျွန်မ ဒီရောဂါဖြစ်နေတော့ သမီးက သူအိမ်ထောင်ပြုရင် ခင်ပွန်းသည်က အပြစ်တခုအနေနဲ့ ပြောဆိုမှာကို ကြောက်နေတယ်။ ဒါကြောင့် ကျွန်မဘဝရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို ဒီဂေဟာမှာပဲ ကုန်ဆုံးတော့မယ်” ဟု ဒေါ်ချိုက ပြောသည်။

(ယခုဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းထားသူ ရောဂါပိုးရှိသူများ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သောအားဖြင့် ၎င်းတို့အားလုံး၏ အမည်အရင်းအစား တခြားနာမည်များဖြင့် လွှဲပြောင်းဖော်ပြထားပါသည်။)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading