မကျေနပ်မှုများနှင့် အစပြုလိုက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ

နိုဝင်ဘာ ၂၁ ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် ၄၈ ဦးပါ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအတွက် နိုင်ငံရေးပါတီတချို့မှ ကိုယ်စားလှယ် ၁၆ ဦးကို ရွေးချယ်ခဲ့သည် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

ရန်ကုန် - တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ စတင်ပြုလုပ်သော ဆွေးနွေးပွဲများတွင် ပါဝင်ခွင့်မရသည့် နိုင်ငံရေးပါတီတချို့က မကျေမနပ် ကန့်ကွက်လျက်ရှိသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ချုပ်ဆိုသော စာချုပ်တွင် ကရင်အမျိုးသား အစည်းအရုံး၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ငါးဖွဲ့တို့ လက်မှတ်ထိုးခဲ့ကြသည်။

စာချုပ်တွင် လက်နက်ကိုင်အဖွဲ့ငယ် သုံးဖွဲ့ ပါဝင်ခွင့်ကို အစိုးရက ငြင်းဆိုခဲ့သောကြောင့် လက်မှတ်ရေးထိုးခြင်း မပြုခဲ့သည့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခုနစ်ဖွဲ့တွင် ညီညွတ်သော ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) တို့ ပါဝင်သည်။

စာချုပ် ချုပ်ဆိုသည့်ကာလ ဖြစ်သော်လည်း လွန်ခဲ့သည့် သီတင်းပတ်များက အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အရပ်သား ၁ဝ,ဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

စာချုပ်အရ တိုင်းရင်းသားအဖွဲ့များ တောင်းဆိုထားသည့် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းရေး ကဲ့သို့သော အကြောင်းအရာများကို ညှိနှိုင်းပြောဆိုမည့် နိုင်ငံရေးဆွေးနွေးပွဲတို့ကို စာချုပ် လက်မှတ်ရေးထိုးပြီး သုံးလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ၁၆ ဦး၊ အစိုးရ၊ လွှတ်တော်နှင့်တပ်မတော်တို့မှ ၁၆ ဦး၊ နိုင်ငံရေးပါတီတချို့မှ ကိုယ်စားလှယ် ၁၆ ဦး တို့ကို ရွေးချယ်ထားရာ စုစုပေါင်း ကိုယ်စားလှယ် ၄၈ ဦး ပါဝင်သည်။

ဆွေးနွေးပွဲအတွက် နိုင်ငံရေးပါတီပေါင်း ၈၇ ခုမှ ကိုယ်စားလှယ်များပါဝင်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် အစည်းအဝေးကို သမ္မတရုံးဝန်ကြီးဦးအောင်မင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) မှ ထင်ရှားသည့် အကြံပေး ပုဂ္ဂိုလ်များက ဦးဆောင်သည်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို၂ဝ၁၂ ခုနှစ်မှ စတင်၍ အစိုးရဘက်မှ ဦးဆောင်ဆွေးနွေးခဲ့သည့် ဦးအောင်မင်းသည် ပါတီကိုယ်စားလှယ်များအား ရွေးချယ်မှုကို ကြီးကြပ်ခဲ့ပြီး သူ၏ သဘောထားမှတ်ချက်နှင့်ဆုံးဖြတ်ချက်များအပေါ် နိုင်ငံရေးပါတီအချို့က မကျေနပ်ကြပေ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့က ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ရန် ဦးအောင်မင်းက ပြောခဲ့သည်။ ယင်းကဲ့သို့ ပြည်ခိုင်ဖြိုးမှ ကိုယ်စားလှယ်နှစ်ဦးရရှိမှသာ သူ့အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ဆွေးနွေးပွဲတွင် ဆက်လက်ဦးဆောင် ပါဝင်ခွင့်ရမည်ဖြစ်သည်။

“NLD က ဆွေးနွေးပွဲမှာ နှစ်နေရာယူထားတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးက နှစ်နေရာယူတာ မများဘူးလားလို့ ခင်ဗျားတို့အနေနဲ့ မေးချင်ပါလိမ့်မယ်။ စဉ်းစားရမှာက အကယ်၍ ဦးအောင်မင်း အစိုးရအဖွဲ့က ထွက်သွားပြီဆိုရင် ငါတို့ ဘယ်နေရာက နေမလဲဆိုတာပါ။ ခင်ဗျားတို့အနေနဲ့ ကျွန်တော့်ကို ပြည်ခိုင်ဖြိုးရဲ့ဆွေးနွေးပွဲ ကိုယ်စားလှယ်နေရာမှာ ဆက်နေစေချင်သလား။ အဲဒီလိုဆိုရင် ပြည်ခိုင်ဖြိုးကို နှစ်နေရာ ပေးဖို့ လိုပါလိမ့်မယ်” ဟု သူက အစည်းအဝေး တက်ရောက်လာသူများကို ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်ညီနောင်များ မဟာမိတ်အဖွဲ့၊ ဖက်ဒရယ်ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့တို့ကို ကိုယ်စားလှယ်တစ်ဦးစီ ရွေးချယ်ရန် ဦးအောင်မင်းက ပြောကြားခဲ့သည်။ မဟာမိတ်အဖွဲ့များတွင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် စုစည်းထားခြင်း ဖြစ်သည်။
NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့အတွက် ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ခဲ့ခြင်းအပေါ် တိုင်းရင်းသားပါတီတချို့နှင့် မြန်မာနိုင်ငံအလယ်ပိုင်းအခြေစိုက် ပါတီငယ်များက မကျေမနပ်ဖြစ်ကာ အစည်းအဝေးတက်ရောက်သူတချို့က နေ့လယ်စာ စားချိန်မတိုင်မီ ထွက်ခွာသွားခဲ့ကြသည်။

အဆိုပါ ပါတီကိုယ်စားလှယ်များ ထွက်သွားပြီးနောက် ကျန်ရှိနေသူများထံမှ ဆန္ဒ သဘောထားယူကာ ဆွေးနွေးပွဲတွင် ပါဝင်မည့် ပါတီငယ် ၇ ခုကို ရွေးချယ်ခဲ့ကြသည်။ အဆိုပါ ပါတီငယ်များသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် မည်သည့်မဲဆန္ဒနယ်တွင်မျှ ရွေးချယ်မခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့ ဖြစ်သည်။

ဆွေးနွေးပွဲဝင်ခွင့်မရသော ပါတီငယ်များ

ရွေးချယ်မှုရလဒ်ကြောင့် ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ ဒေါသထွက်သွားကြသည်။

“တိုင်းရင်းသားတွေရဲ့ဆန္ဒကိုဦးစားပေးစေချင်တယ်။ နောက်ဆုံးကျတော့ ကိုယ်လိုချင်တာပဲ ကိုယ်ပုံဖော်သွားတယ်လေ။ တိုင်းရင်းသားတွေက ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးပေါ့။ မဲရွေးချယ်တဲ့ ပုံစံမျိုးပဲ ပြန်ဖြစ်သွားတယ်။ တစ်ပါတီကို တစ်နေရာယူတာကတော့ အကောင်းဆုံးပဲပေါ့။ နှစ်နေရာကတော့ ဘယ်ပါတီကမှ မဖြစ်သင့်ဘူးပေါ့” ဟု ကရင်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းစန္ဒာစုက ပြောသည်။

ဦးအောင်မင်းနှင့်MPC အကြံပေးပုဂ္ဂိုလ်များက အချိန်မလုံလောက်သောကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်သော်လည်း သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဆုံးဖြတ်ချက်အတိုင်း ဆက်လုပ်သွားမည်ဟု ပြောခဲ့ကြောင်း ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုကော်မတီဝင် ဦးကန်လမ်ခွပ်က ပြောကြားသည်။ ၎င်းတို့ပါတီသည် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် လွှတ်တော် ၄ နေရာနှင့် ချင်းပြည်နယ်လွှတ်တော် ၂ နေရာအတွက် အနိုင်ရခဲ့သည်။

“လာပြီးချပြတဲ့သဘောပဲရှိတယ်။ ဘယ်လိုပဲကန့်ကွက်ကန့်ကွက် ထပြီးပြန်သွားရင်လည်း သူတို့က ဂရုစိုက်မှာမဟုတ်ဘူးလေ။ တချို့လည်း ထပြန်ကုန်တာရှိတာပဲလေ။ ဒါ ဒီမိုကရေစီနည်းလမ်း ဘယ်ကျမလဲ” ဟု ၎င်းက ပြောသည်။

အမျိုးသမီးပါတီ (မွန်)မှ မိသန်းရှင်က မိမိတို့ပါတီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်ခွင့် မရခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ NLD ပါတီသည် အာဏာရပြီးပါက ဆွေးနွေးပွဲနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များအပေါ် ချဉ်းကပ်ကိုင် တွယ်မှု ပြောင်းလဲသွားနိုင်ကြောင်း ပြောကြားသည်။

MPC အကြံပေးတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက နိုဝင်ဘာ ၂၁ ဆွေးနွေးပွဲတွင် ပါတီအချို့က ကန့်ကွက်ကြသည်ဟု ဆိုသည်။

“သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ မူဘောင်တစ်ခုကို ချမှတ်ရခြင်းဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

“လုပ်ငန်းစဉ်ကတော့ အပြည့်အဝကောင်းမွန်တယ်လို့ မပြောနိုင်ပေမယ့် ဆွေးနွေးမယ့် ကိုယ်စားလှယ်အရေအတွက်ကို ပုံသေ အပြီး သတ်မှတ်မထားဘဲ အလျှော့အတင်းရှိမှာပါ။ ဇန်နဝါရီ ၁၄ ရက် နောက်ပိုင်းကျရင် အစိုးရသစ်အနေနဲ့ ပြန်လည် ဆွေးနွေးနိုင်ပါတယ်”

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနနှင့် အစိုးရအနေဖြင့် နိုဝင်ဘာ ၂၁ ရက်က ဆွေးနွေးပွဲသို့ ပါတီငယ် အများအပြား တက်ရောက်ရန် ဖိတ်ခေါ်ခဲ့ရသည့် အကြောင်းကို လေ့လာစောင့်ကြည့်သူတချို့က မေးခွန်းထုတ်ခဲ့သည်။

“သူတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင်တုန်းက ပါတီငယ်လေးတွေကို မဖိတ်ခဲ့ပါဘူး” ဟု တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး စောင့်ကြည့် လေ့လာရေးအဖွဲ့(Myanmar Peace Monitor) မှ ဦးဇင်လင်းက ပြောသည်။

“NLD မှာ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အတွေအကြုံမရှိဘူးဆိုပြီး သူတို့တွေက ပြဿနာတွေ၊ အခက်အခဲတွေကို ထားသွားချင်လို့ အခုလိုလုပ်တာပါ”

အပစ်ရပ်လုပ်ငန်းစဉ်ကို NLD ဦးဆောင်မှာလား

ဒီဇင်ဘာလအတွင်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံကာ အစိုးရသစ် ဖွဲ့စည်းရေးအတွက် ဆွေးနွေးဖွယ်ရှိသည်။ တစ်နိုင်ငံလုံး အပစ််ရပ်ရေးအတွက် မည်သည့် လမ်းကြောင်းမှ ချဉ်းကပ်မည်ကို NLD က အကျယ်တဝင့် ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အောက်တိုဘာတွင်ကျင်းပသည့် အဆိုပါ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခြင်းမရှိခဲ့ပေ။

NLD ၏ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းဆိုင်ရာ ချဉ်းကပ်မှုသည် မြန်မာစစ်တပ်အတွက် အရေးပါသည့် အကြောင်းအရာတစ်ရပ်ဖြစ်နေသည်။ နိုင်ငံရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရရန် ကြိုးပမ်းနေသည့် နယ်စပ်ဒေသများမှ တိုင်းရင်းသားလူမျိုးစုများနှင့် အစိုးရတပ်တို့ ဆယ်စုပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက NLD ပြောခွင့်ရ ဦးဝင်းထိန်က နိုင်ငံရေးဆွေးနွေးပွဲတွင် ပါတီငယ်အများအပြား ပါဝင်လာမည်ဟု မထင်ကြောင်း၊ အထူးသဖြင့် ပြည်ခိုင်ဖြိုးပါတီက ပံ့ပိုးထားသည့် ပါတီငယ်အများအပြားရှိကြောင်း Myanmar Now သို့ ပြောကြားခဲ့သည်။

“နောက်ကျရင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကြည့်မှာပါ။ MPC ရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြန်လည်သုံးသပ်သွားပါမယ်” ဟု ဦးဝင်းထိန်က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading