သတင်း

ဖားကန့်ရှိ ရဲတပ်ရင်းတချို့ကို KIA ဝင်တိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရဲတပ်ရင်း နေရာ လေးခုထက်မနည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ (မတ် ၂၈) နံနက်အစောပိုင်းတွင် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အများအပြား သေဆုံး၍ လက်နက်များ သိမ်းဆည်းခံရသည်ဟု ဒေသခံများက ပြောသည်။

ရဲတပ်ရင်းများဖြစ်သော ဆမားကင်းစခန်း၊ ဝေခါ၊ လုံးခင်း(လယ်ပြင်စခန်း)နှင့် ဆန်ခါကျေးရွာအနီးရှိ ဖဝါထိပ် တွင်လည်း တိုက်ခိုက်ခံရပြီး ဖဝါထိပ်အနီးရှိ ကုမ္ပဏီနှစ်ခုအတွင်းသို့ လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနှင့် အနီးဆုံးတွင်ရှိသည့် ဒေသခံတစ်ဦးက ဆမားတပ်စခန်းမှ ရဲတပ်သား ၂၀ ကျော် ထက်မနည်း သေဆုံးသည်ဟု ဆိုသည်။

“လောလောဆယ်တော့ သူတို့ဘက်က ရဲက ၂ ယောက်ပဲ လွတ်တယ်လို့ပြောတယ်၊ ကျန်တာတော့ အကုန်ကျတာပေါ့။ နောက်တပ်ရင်းမှူးတစ်ယောက် ကျတယ်” ဟု အဆိုပါဒေသခံက ပြောသည်။ 

စစ်ကောင်စီ၏ ပြန်ကြားရေးအရာရှိက တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး သတင်းဌာနများ၏ ဆက်သွယ်မေးမြန်းချက်ကို တုံ့ပြန်ခြင်း မရှိပေ။

ဆမားစခန်းတွင်  လေယာဉ်ကွင်းနှင့် စစ်တပ်၏ ဦးပိုင်ကုမ္ပဏီ ရုံးအဆောက်အအုံများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ (မတ် ၂၈) နံနက် ၂ နာရီနှင့် ၃ နာရီအကြားတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေနတ်သံ ၊ လက်နက်ကြီးသံများကို နံနက် ၆ နာရီခန့်အထိ ကြားရကြောင်း တိုက်ပွဲဖြစ်ပွားရာအနီးတွင်ရှိနေသည့် ဆန်ခါရွာသား ဦးဇော်နမ်က ပြောသည်။ 

“ဖဝါထိပ်မှာတော့ လက်နက်တွေရော KIA ကသိမ်းသွားတယ်ပြောတယ်၊ တော်တော်သေတယ်၊ တပ်က တော်တော်နာသွားတယ်” ဦးဇော်နမ်က ပြောသည်။

KIA ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဖားကန့်ရှိစစ်ရေးအခြေအနေများကို မြေပြင် သတင်းပေးပို့မှုများ မရှိသေးသည့်အတွက် အသေးစိတ်ကို မသိရသေးကြောင်း Myanmar Now ကို ပြောသည်။

ယမန်နေ့ (မတ် ၂၇)က လိုင်ဇာအနီးရှိ စစ်တပ်၏ ခါရာကုန်းတပ်စခန်းက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများရှိခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်ကောင်စီအာဏာသိမ်းပြီးသည့်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်ဖွဲ့ဝင်များ ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မတ်လမှစ၍ ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်၊ မိုးညှင်း၊ ဒေါ့ဖုန်းယန်၊ ဆဒုံးစသည့်မြို့နယ်များတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလာခဲ့သည်။

ပြီးခဲ့သည့် မတ် ၂၅ ရက်ကလည်း ဒေါ့ဖုန်းယန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းတစ်ခုဖြစ်သော အလော့ဘွမ်တပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သိမ်းယူထားသည့် အဆိုပါတပ်စခန်းအား စစ်တပ်က ရဟတ်ယာဉ်သုံး၍ လေကြောင်းမှ တိုက်ခိုက်ခဲ့သော်လည်း KIA က ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်သည်ဟု မြစ်ကြီးနားဒေသခံတစ်ဦးက ပြောသည်။

KIA ၏ တပ်မဟာ ၈ ကလည်း လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပစ်ခတ်နှိမ်နင်းမှုဖမ်းဆီးနေသည်ကို ချက်ချင်းရပ်တန့်ပြီး ပြည်သူများ လွတ်လွတ်လပ်လပ်ဆန္ဒထုတ်ဖော်ခွင့်ပြုရန် နှင့် ပြည်သူကို အကြမ်းဖက်နေပါက ငြိမ်ခံနေမည် မဟုတ်ဘဲ ပြည်သူနှင့်အတူ စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ကို  ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်များကလည်း တိုက်ခိုက်လျက် ရှိသည်။  

ယမန်နေ့ မတ်လ ၂၇ ရက်နေ့က ကရင်ပြည်နယ်၊ မူတရော်ခရိုင်အတွင်းရှိ စစ်ကောင်စီလက်နက်ကိုင်များ၏ သီးမူထာစစ်စခန်းကို ဝင်ရောက်သိမ်းပိုက်လိုက်သည်ဟု KNU က သတင်းထုတ်ပြန်ခဲ့သည်။

အကျအဆုံး အထိအခိုက်စာရင်းကို အတိအကျ မသိရသေးသော်လည်း ထုတ်ပြန်ထားသည့်ဓာတ်ပုံများတွင် အလောင်း ၅ လောင်း ထက်မနည်းတွေ့ရပြီး ဖမ်းဆီးခံရသူ ၇  ဦး တွေ့ရသည်။ 

အာဏာသိမ်းစစ်ကောင်စီကလည်း နေ့တွင်းချင်း KNU လှုပ်ရှားနယ်မြေကို   လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူအချို့ သေဆုံး ၊ ဒဏ်ရာရရှိခဲ့သည်။

မကြာသေးခင်လများက စစ်တပ်နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည့် AA အပါအဝင် တအာင်း၊ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့များက မတ်လ ၃၁ နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း မတ်လ ၁ ရက်နေ့တွင် ကြေညာထားသည်။

အပစ်ရပ်ကာလ သက်တမ်းကုန်တော့မည့်အချိန်တွင် ရက္ခိုင့်တပ်တော် AA က လက်ရှိအခြေအနေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီး ဆန္ဒပြသူများကို ပစ်သတ်မှုအတွက်   ရှုတ်ချကြောင်း၊   ထိုလုပ်ရပ်များမှာ အလွန် ရက်စက်ရာကျပြီး   လက်ခံနိုင်စရာမရှိကြောင်း သတင်းဌာနတချို့ကို ပြောကြားခဲ့သည်။
 

Show More

Related Articles

Back to top button