သတင်း

“အမေရေ ကယ်ပါဦးလို့ အော်နေသေးတယ်”

မန္တလေးတိုင်း အောင်မြသာစံမြို့နယ် ၁၉ လမ်း၊ မင်းတဲအီကင်းရပ်ကွက်တွင် ယမန်နေ့ (မတ် ၂၇) ညပိုင်းက ပြည်သူတစ်ဦး စစ်ကောင်စီလက်နက်ကိုင်များ၏ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း ရပ်ကွက်တွင်းနေထိုင်သူများက ပြောသည်။

အရှင်လတ်လတ် မီးရှို့အသတ်ခံရသူမှာ အသက် ၄၀ အရွယ် ဦးအေးကို ဆိုသူဖြစ်ပြီး မင်းတဲအီကင်းရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ 

ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် မင်းတဲအီကင်းရပ်ကွက်အတွင်းသို့ စစ်ကောင်စီလက်နက်ကိုင်များက‌ ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ရင်ဘတ်ကျည်ဆန်ထိမှန်ခဲ့သူ ဦးအေးကိုအား ဆေးကုသခွင့်မပေးဘဲ မီးလောင်နေသည့် တာယာများအတွင်း ပစ်ထည့်၍ စစ်သားများက သတ်ပစ်လိုက်ခြင်းဖြစ်သည်။

‘အမေရေ ကယ်ပါဦးလို့ အော်နေသေးတယ်” ဟု ဦးအေးကို မီးရှို့အသတ်ခံရခြင်းနှင့် ပတ်သက်၍ ရပ်ကွက်နေပြည်တစ်ဦးက Myanmar Now ကို ပြောသည်။

မီးလောင်နေသည့် တာယာပုံထဲ ပစ်ထည့်ခံရချိန်က ဦးအေးကိုသည် အော်ဟစ်အကူအညီတောင်းခဲ့သေးသော်လည်း စစ်သားများက သေနတ်ဖြင့် တရစပ်ပစ်ခတ်နေသဖြင့် မည်သူများထွက်၍ မရခဲ့ကြောင်း သိရသည်။ 

ဦးအေးကိုသည် ကလေး ၄ ယောက် ဖခင်တစ်ဦးဖြစ်ပြီး မုန့်လက်ဆောင်းရောင်းသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူဖြစ်သည်။ 

အဆိုပါရပ်ကွက်အတွင်း ကင်းစောင့်ခဲ့သူတစ်ဦး၏ အဆိုအရ ရပ်ကွက်အတွင်းရှိ အတားအဆီးများကို လူတစ်စုက လာရောက်မီးရှို့ခဲ့ကြောင်း၊ မီးရှို့ပြီး မကြာမီတွင် စစ်ကားများ ရောက်ရှိလာပြီး မီးလောင်နေသည့် နေရာသို့ သေနတ်များ ပစ်ခတ်၍ ဝင်ရောက်လာခဲ့သည်ဟု သိရသည်။

သေဆုံးသူ ဦးအေးကိုသည် မီးလောင်နေသည်ကို ငြှိမ်းသတ်ရန် ထွက်လာသူဖြစ်ပြီး စစ်ကားများရောက်လာချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“သေနတ်ကလည်း အရမ်းပစ်တာ၊ သေနတ်ဖောက်တဲ့အချိန်မှာ (ဦးအေးကိုက) ထိသွားတယ်။ ကျွန်တော်တို့လည်း ခပ်လှမ်းလှမ်းကို ပြေးသွားတယ်။ သေနတ်မှန်တဲ့သူ (ဦးအေးကို) က မလွတ်ဘူးထင်တယ် ကားတွေက အရှိန်နဲ့ လာတာဆိုတော့။ မိတဲ့အချိန်မှာ ရိုက်ပြီးတော့ သတ်ပစ်လိုက်တာထင်တယ်။ ကျွန်တော်တို့လည်း ပြန်လှည့်လို့ မရဘူး” ဟု အဆိုပါရပ်ကွက်ညကင်းသမားက ဆိုသည်။ 

 

Show More

Related Articles

Back to top button