ဘာသာရေး အစွန်းရောက်မှုများကို လက်မခံကြောင်း ပြသလိုက်တဲ့ မြန်မာပြည်သူလူထု

စက်တင်ဘာလက ပုသိမ်မြို.တွင်ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေအောင်ပွဲအား တက်ရောက်ရန် သံဃာတော်များ ချီတက်လက်လျှောက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ၊ Myanmar Now)
စက်တင်ဘာလက ပုသိမ်မြို.တွင်ပြုလုပ်ခဲ့သည့် မျိုးစောင့်ဥပဒေအောင်ပွဲအား တက်ရောက်ရန် သံဃာတော်များ ချီတက်လက်လျှောက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ၊ Myanmar Now)

ရန်ကုန် - နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကြီးတွင် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အပြတ်အသတ် အနိုင်ရခဲ့ခြင်းသည် စစ်တပ်နှင့် ၄င်း၏ ကျောထောက်နောက်ခံ ပြုထားသည့် နိုင်ငံရေးအင်အားစုတို့ကို ပြည်သူတို့ကအောင်ပွဲခံခြင်းဖြစ်သည်ဟု ပြည်တွင်းပြည်ပတွင် ပြောဆိုမှုများ ရှိနေသည်။

ဆယ်စုနှစ်များစွာ လူထုအား ဖိနှိပ်ချုပ်ချယ်ခဲ့သည့် စစ်တပ်အား မဲတစ်ပြားဖြင့် ကလဲ့စားချေလိုက်သည်ဟု ဆိုနိုင်သကဲ့သို့၊ မဲမသမာမှုတို့ အကြီးအကျယ် ဖြစ်ပွားခဲ့သော၂၀၁၀ ရွေးကောက်ပွဲမှ တက်လာခဲ့သည့် သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သားတစ်ပိုင်း အစိုးရအား ပြည်သူတို့က “သင်တို့ သွားကြလော့ ၊ ဆင်းကြလော့” ဟု တစ်ခဲနက် ကြွေးကြော် လိုက်သည်ဟုလည်း ဆိုနိုင်သည်။

သေချာသည်ကတော့ စစ်မှန်သည့် ဒီမိုကရေစီအကူးအပြောင်းများ ဖြစ်ပေါ်ရန် ပြည်သူလူထုက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့အာဏာ အပ်နှင်းလိုက်ခြင်းဖြစ်သည်။

ဤရွေးကောက်ပွဲတွင် အရှုံးကြီးရှုံးနိမ့်သွားသော စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုသာ ပြည်သူများက အလဲထိုး အနိုင်ယူခဲ့ခြင်းမဟုတ်။
နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့သော အစွန်းရောက် ဗုဒ္ဓဝါဒအမည်ခံ မျိုးချစ်အင်အားစုများကိုလည်း ပြည်သူများက အနိုင်ယူခဲ့သည်ဟုလည်း ကောက်ချက်ပြုနိုင်သည်။

ဗုဒ္ဓဟောကြားသည့် တရားဓမ္မများနှင့် ကိုက်ညီမႈမရှိသော ကျဉ်းမြောင်းသည့် အစွန်းရောက်တရားများဖြစ်သည့် “အမျိုး” ၊ “ဘာသာ” စသည့် အယူအဆများအား ကာကွယ်မည်ဟု ကြွေးကြော်နေသော ဘုန်းတော်ကြီးအချို့ ဦးစီးသည့် အမျိုးဘာသာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (မဘသ) က ရွေးကောက်ပွဲမတိုင်မီ လအနည်းငယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အာဏာရလာပါက မြန်မာပြည်ကြီး အစ္စလမ်ဘာသာလွှမ်းမိုးလတ္တံ.ဟု မုသာဝါဒ၊ ပိသုဏာဝါစာ စသည့် ဝစီဒုစရိုက်မျိုးစုံဖြင့် ပြည်သူလူထုအား မှိုင်းတိုက်ရန် ကြိုးပမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကို အိမ်ထောင်ပြုခဲ့၍ အမျိုးမစောင့်သည့် ပုဂ္ဂိုလ်ဟူ၍လည်းကောင်း၊ NLD ပါတီသည် မဘသမှ အကြံပြုတင်သွင်းခဲ့ပြီး သမ္မတမှ အတည်ပြုခဲ့သည့် မျိုးစောင့်ဥပဒေလေးရပ်အား လွှတ်တော်တွင် ကန့်ကွက်ခဲ့သဖြင့် ထိုပါတီ အာဏာရလာပါက ထိုဥပဒေများအား ပြင်ဆင်နိုင်သဖြင့် ဘာသာ သာသနာ ဆုတ်ယုတ်တော့လတ္တံ့ဟူ၍လည်းကောင်း စသဖြင့် မဘသ ဆရာတော်များက နိုင်ငံအနှံ့လှည့်လည်၍ ဟောပြောခဲ့ကြသည်။

ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်အား မိမိတို့က မထောက်ခံဟု ဟစ်ကြွေးခဲ့သော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌဖြစ်သူ သမ္မတကြီးဦးသိန်းစိန်မှာ တိုင်းပြည်အပေါ် အထူးကျေးဇူးဥပကာရ ရှိသည့် ပုဂ္ဂိုလ်၊ ကျေးဇူးရှိသူအပေါ် ကျေးဇူးတုံ့ပြန်ခြင်းမှာ ဗုဒ္ဓတရားတော်နှင့်ညီသည် စသဖြင့် ချီးမွမ်းခန်းများဖွင့်ကာ ကြံ.ခိုင်ဖွံ့ဖြိုးရေးပါတီအား တစ်ဖက်လှည့်ဖြင့် မဲဆွယ်ခဲ့ကြသည်။

ထို့ပြင် မဘသက ရွေးကောက်ပွဲမတိုင်မီ ထုတ်ဝေခဲ့သော သာကီသွေး၊ အောင်ဇေယျတု စသည့် ဂျာနယ် မဂ္ဂဇင်းများတွင်လည်း မဘသ၏ ဥက္ကဌဖြစ်သူ ဆရာတော် ဦးတိလောကဘိဝံသ အပါအဝင်၊ ဆရာတော်များနှင့် လူပုဂ္ဂိုလ်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံ ထိုးနှက်တိုက်ခိုက်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

သမ္မတဦးသိန်းစိန်ကို ဒုတိယသက်တမ်း ဆက်လက်ထမ်းဆောင်စေလိုသည်ဟု မဘသ၏ အထွေအထွေအတွင်းရေးမှူးဖြစ်သူ ဆရာတော်ဦးဝိမလဗုဒ္ဓိက ဇွန်လတွင် ကျင်းပခဲ့သည့် မဘသညီလာခံတွင် အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မဘသဆရာတော်များ ထိုကဲ့သို့လှုပ်ရှားနေချိန်တွင် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်သူ အစိုးရဝန်ကြီးအချို.ကလည်း အမျိုးဘာသာသာသနာကို ထမ်းရွက်မည်ဟု အသံကောင်း ဟစ်ခဲ့လေသည်။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီဝင်အချို.ကလည်း မဘသက ရေးသားသည်ဟု သံသယဖြစ်ဖွယ်ရာရှိသော ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်သည့် စာရွက်စာတမ်းများအား ဧရာဝတီတိုင်းရှိ မြို.နယ်များတွင် ဝေငှခဲ့သည်။

ဘာသာရေးနှင့် နိုင်ငံရေး ဒွေးရောယှက်တင်ပြုလုပ်ခြင်းကို တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခဲ့ကြသော်လည်း အာဏာပိုင်တို့က မသိကျိုးကျွံ ပြုခဲ့ကြသည်။

စစ်တပ်ကို မုန်းတီးသော၊ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီကို မထောက်ခံသူများ၏ မဲများကို ရရှိရန် သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေးတစ်ဦးဖြစ်သူ ဦးနေဇင်လတ်ကလည်း ရာထူးမှ နှုတ်ထွက်ကာ အမျိုးသားတိုးတက်ရေးပါတီ (NDP)ကို ထူထောင်ပြီး၊ မဘသအဖွဲ.တွင် တက်ကြွစွာ လှုပ်ရှားနေသည့် လူပုဂ္ဂိုလ်တို့အား အမတ်လောင်းများအဖြစ် ထမ်းဆောင်ရန် ကမ်းလှမ်းခဲ့သည်။ NDP ၏ ပါတီကြေငြာစာတမ်းတွင်လည်း အမျိုးဘာသာသာသနာစောင့်ရှောက်မည်ဟု ထည့်သွင်းထားသည်။

ထိုအမျိုးသားရေးလှုပ်ရှားမှုများကို ထောက်ရႈ၍ ၁၉၉၀ ရွေးကောက်ပွဲတွင်ကဲ့သို့ NLD အပြတ်အသတ် မနိုင်နိုင်ဟု တွက်ဆမှုများ ထွက်ပေါ်လာသည်။

သို့သော် ထိုတွက်ဆချက်များ အလုံးစုံ မှားယွင်းသွားကြောင်း NLD ၏အောင်ပွဲရလဒ်များက သက်သေခံလိုက်သည်။

ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီက လွှတ်တော်နေရာ အနည်းငယ်မျှသာ ရရှိပြီး ဦးနေဇင်လတ်၏ ပါတီမှာ ဘဲဥပင် မကွဲခဲ့ပေ။ ထိုနည်းတူ အမျိုးသားရေး ဘာသာရေးအသံများ ဟစ်ထားသော NLDမှ ခွဲထွက်ကာ ဖြစ်ပေါ်လာခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ မွတ်စလင်မုန်းတီးရေး ဝေဖန်တိုက်ခိုက်မႈများ ပြုလုပ်နေသည့် ဦးနေမျိုးဝေ၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့မှာလည်း ရွေးကောက်ပွဲတွင် နေရာတစ်နေရာမှ မရရှိခဲ့ပေ။

မဘသအားအကောင်းဆုံးဟု ဆိုစမှတ်ပြုထားသည့် ဧရာဝတီတိုင်းတွင်ပင် NLD ပါတီက လွှတ်တော်နေရာ အားလုံးနီးပါး ရရှိခဲ့သည်။

စစ်တပ်လွှမ်းမိုးထားသော အုပ်ချုပ်ရေးအား ပြည်သူတို့၏စက်ဆုပ်ရွံရှာမႈသည် မွတ်စလင်ဆန့်ကျင်သည့် လှုပ်ရှားမှုများထက် ပိုမို အားကောင်းနေသည်ကိုလည်းကောင်း၊ လူမျိုးရေးဘာသာရေးအမည်ခံ အစွန်းရောက်လှုပ်ရှားမှုများကို ပြည်သူအများစုက လက်မခံသည်ကိုလည်းကောင်း ဤရွေးကောက်ပွဲတွင် ထင်ထင်ရှားရှား ပြသလိုက်ခြင်းဟု ကောက်ယူနိုင်သည်။

၂၀၁၂ ရခိုင်ပြည်နယ်အဓိကရုဏ်းများ ဖြစ်ပွားပြီး၊ ထိုမီးပွားများအရှိန်အဟုန်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ရိုက်ခတ်လာသည်တွင် မွတ်စလင်မုန်းတီးရေး ခံစားချက်များ တိုးမြင့်လာသည်ဟု ယူဆခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုအခြေအနေများသည် နိုင်ငံရေးနှင့် ဆက်နွယ်ကြောင်း ပြည်သူတို့က သိမြင်လာခဲ့သည်။

မွတ်စလင်မုန်းခြင်းသည် NLD ကို မုန်းခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အား မုန်းတီးခြင်းအဖြစ်များသို့ ယှဉ်တွဲလာသည်၊ ထိုထိုအမုန်းစကားများအား တရားပွဲအမည်ခံ ဟောပြောပွဲများ၊ အင်တာနက်စာမျက်နှာများ၊ ဂျာနယ်များတွင် တသွင်သွင် ပြောဆို ရေးသား ထုတ်လွှင့်နေသူများကိုလည်း အာဏာပိုင်တို့က အရေးမယူ လျစ်လျူပြုနေသည်ကိုလည်း ပြည်သူတို့ သတိမူမိလာသည်။

နောက်ဆုံး ပြည်သူတို့အား အမျိုးမျိုးဖိနှိပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းများအား အမျိုးဘာသာ သာသနာစောင့်ရှောက်ကာကွယ်မည့် သူရဲကောင်းများအဖြင့် ပုံဖော် မဲဆွယ်နေသည်ကို ပြည်သူတို့က တွေ့ရသောအခါ ၄င်းတို့၏မကျေနပ်ချက်များသည် အထွဋ်အထိပ် ရောက်လာခဲ့သည်။

သို့သော် သံဃာတော်များအား အလွန်ကြည်ညိုကိုင်းရှိုင်းသည့် ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ပြည်သူတို့သည် ထိုမကျေနပ်ချက်များအား မြိုသိပ်ခဲ့ရသည်။ ဆန့်ကျင်ဖက် ပြောဆိုပါကလည်း မွတ်စလင်ဖက်ကရပ်သူအဖြစ် စွပ်စွဲခံရမည်ကို စိုးကြောက်ခဲ့သည်။ ထို့ပြင် အကြောင်းမသင့်ပါက စာရေးဆရာ၊ ကျူရှင်ဆရာ ဦးထင်လင်းဦးကဲ့သို့ ဘာသာ သာသနာညှိုးနွမ်းစေမႈဖြင့် ဖမ်းဆီးထောင်ချခံရမည်ကိုလည်း သတိထားခဲ့ကြရသည်။

သို့သော် ရွေးကောက်ပွဲနေ့တွင်ကား မျိုးစောင့်ဥပဒေကို ကန့်ကွက်ခဲ့တဲ့ပါတီကို မဲမထည့်ကြနှင့်ဟူသော စကားများကို ရဲရဲတင်းတင်း ဥပက္ခောပြု၍ NLD ပါတီအား သောင်ပြိုကမ်းပြို အနိုင်ပေးလိုက်ကြသည်။

ရခိုင်ပြည်ရှိ အစိုးရအခေါ် ဘင်္ဂါလီ၊ ၄င်းတို့ကိုယ်ကိုယ် ၄င်းတို့ ရိုဟင်ဂျာဟုခေါ်သောသူများ နိုင်ငံသားပြုခွင့် ရမရဆိုသော အရေးသည် ပြည်သူလူထုကြားတွင် အင်မတန် ထိလွယ်ရှလွယ်ကိစ္စအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သော်လည်း၊ အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေးအမည်ခံ ဟောပြောမႈများကို ပြည်သူအများတို့ လက်မခံကြောင်း ရွေးကောက်ပွဲရလဒ်များက ထင်ထင်ရှားရှား ဖော်ပြလိုက်သည်။

ကြံ့ခိုင်ဖွံ.ဖြိုးရေး ရှုံးသွားသည်ကို မည်သို့သဘောရပါသနည်းဟု မေးမြန်းသောအခါ ရန်ကုန်ရှိ မဘသ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက မိမိအား“သေခါနီးဆဲဆဲလူကို ကယ်ဖို့ဆိုတာ မလွယ်ဘူးဗျ” ဟု မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင်တော့ မဘသဆရာတော်များက NLD ပါတီ၏ အနိုင်ရမႈအား ကြိုဆိုသည်ဟူ၍လည်းကောင်း၊ မျိုးစောင့်ဥပဒေများနှင့် ၁၉၈၂ နိုင်ငံသားပြုခွင့်ဥပဒေအား ပြင်ဆင်ရန် ကြိုးစားပါက ငြိမ်နေလိမ့်မည် မဟုတ်ဟု ထုတ်ဖော်ပြောကြားထားသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံရှိလူထုသည် ဘာသာရေးအစွဲ၊ လူမျိုးရေးအစွဲများ ပြင်းထန်သူများ မဟုတ်ကြောင်း ရွေးကောက်ပွဲမှတစ်ဆင့် ပြသလိုက်သည်ကို မဘသ ဆရာတော်များသည်လည်းကောင်း၊ နိုင်ငံတကာမှ စောင့်ကြည့် လေ့လာနေသူများသည်လည်းကောင်း အတန်အသင့် သဘောပေါက်နိုင်ပြီဖြစ်သည်။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading