သတင်း

စစ်ကောင်စီက အပြင်းအထန်သတ်ဖြတ်နေ၊ မွန်းတည့်အချိန်ထိ သေဆုံးသူ ၅၀ ရှိပြီဖြစ်

အာဏာသိမ်းစစ်ကောင်စီက ဦးခေါင်းနောက်စေ့နှင့် နောက်ကျောဖောက်ခံရနိုင်သည့် အန္တရာယ်ရှိသည်ဟု ယမန်နေ့ညပိုင်းတွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့် ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ခဲ့ပြီးနောက် ယနေ့ (မတ် ၂၇) တွင် အပြင်းအထန်ပစ်ခတ်သတ်ဖြတ်လျက်ရှိရာ မွန်းတည့်အချိန်အထိ မြို့ပေါင်း ၂၀ နီးပါးတွင် အရပ်သားပြည်သူ ၅၀ ဦး ကျဆုံးခဲ့ရပြီဖြစ်သည်။

ယနေ့ မွန်းတည့်ချိန်အထိ Myanmar Now က အတည်ပြုထားနိုင်သော သေဆုံးသူအရေအတွက်မှာ ရန်ကုန်တိုင်းအတွင်း ဒလတွင် ၄ ဦး၊ အင်းစိန်ရွာမတွင် ၁ ဦး၊ မြောက်ဒဂုံ ၁ ဦးနှင့် ယုဇနဥယျာဉ်မြို့တော်တွင် ၁ ဦး စုစု ပေါင်း ၇ ဦးရှိသည်။

ပဲခူးတိုင်းအတွင်း ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်းနှင့် ဖဒိုတွင် သေဆုံးသူတစ်ဦးစီ၊ ဒိုက်ဦးမြို့တွင် ၂ ဦး စုစုပေါင်း သေဆုံးသူ ၄ ဦးရှိသည်။

ထို့ပြင် မန္တလေးတိုင်းအတွင်း ဝမ်းတွင်း၌ ၂ ဦး၊ မိတ္ထီလာတွင် ၄ ဦး၊ ကျောက်ပန်းတောင်းတွင် ၃ ဦး၊ မြင်းခြံတွင် ၁ ဦး၊ မန္တလေးတွင် ၂ ဦး၊ ညောင်ဦးတွင် ၁ ဦး စုစုပေါင်း ၁၁ ဦး ရှိပြီဖြစ်သည်။ မိုးကုတ်မြို့တွင် ပစ်ခတ်ဖြိုခွင်းခံရမှုကြောင့် သေဆုံးသူ ၂ ဦးရှိကြောင်း အတည်ပြုရရှိထားသည်။ ထို့အပြင် ပြင်ဦးလွင်မြို့တွင်လည်း အရပ်သားပြည်သူ ၃ ဦး ကျဆုံးခဲ့ရသည်။

ထို့အတူ စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်းမြို့တွင် ၃ ဦး၊ ရွှေဘိုမြို့တွင် ၄ ဦးနှင့် မုံရွာတွင် ၂ ဦး ကျဆုံးခဲ့သဖြင့် စုစုပေါင်း ကျဆုံးသူ ၉ ဦးရှိသည်။

အထက်ပါ မြို့နယ်များအပြင် ရှမ်းပြည်နယ် လားရှိုးမြို့တွင် ၄ ဦး၊ မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် ၁ ဦး၊ မကွေးတိုင်း ပွင့်ဖြူမြို့နယ်တွင် ၂ ဦးနှင့် ပခုက္ကူတွင် ၁ ဦး၊ ဧရာဝတီတိုင်း ပုသိမ်တွင် ၃ ဦး ကျဆုံးခဲ့သည်။ ထို့ပြင် တနင်္သာရီတိုင်း ထားဝယ်မြို့တွင်လည်း သေဆုံးသူ ၁ ဦးရှိကြောင်း အတည်ပြုရရှိထားသည်။

ယနေ့ မွန်းတည့်အချိန်အထိ အတည်ပြုရရှိသော သေဆုံးသူများအနက် မိတ္ထီလာမြို့တွင် အိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ခံရသဖြင့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။

လက်ရှိအချိန်ထိ အခြားမြို့နယ်များတွင်လည်း စစ်ကောင်စီလက်နက်ကိုင်များ၏ ဆက်တိုက်ပစ်ခတ်ဖြိုခွင်းမှုများကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများ တိုးမြင့်လျက်ရှိပြီး Myanmar Now အနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button