အဂတိကော်မရှင်သည် ဥပဒေပုဒ်မ မပြင်မီကကိစ္စကို နောက်ကြောင်းပြန်တရားစွဲသလို ဖြစ်မနေဘူးလားဟု စွပ်စွဲခံရသူ ဥပဒေအရာရှိဟောင်း မေးခွန်းထုတ်

ရန်ကုန်တိုင်းဥပဒေချုပ်အပါအဝင် ငါးဦးတို့ကို အဂတိကော်မရှင်က ကျော်စောသတင်းအဖြစ် မှတ်ယူ၍ တရားစွဲထားရာ၌ ကျော်စောသတင်းအဖြစ် စုံစမ်းစစ်ဆေးနိုင်သည့် ဥပဒေ ပုဒ်မသည် ၂၀၁၈ ဇွန်လ ၂၁ ရက်နေ့တွင်မှ အတည်ပြုခဲ့ သော်လည်း ကော်မရှင်သည် ယင်းမတိုင်မီက ကိစ္စကို တရားစွဲသလိုဖြစ်နေသည်ဟု စွပ်စွဲခံရသူက ထောက်ပြသည်။

ဦးဟန်ထူးအပါအဝင် ငါးဦးကို ယနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်၌ စစ်ဆေးအပြီး ပြန်ထွက်လာစဉ်။ (ဓာတ်ပုံ - ခင်မို့မို့လွင်/Myanmar Now)
ဦးဟန်ထူးအပါအဝင် ငါးဦးကို ယနေ့ ရန်ကုန်တိုင်းတရားလွှတ်တော်၌ စစ်ဆေးအပြီး ပြန်ထွက်လာစဉ်။ (ဓာတ်ပုံ - ခင်မို့မို့လွင်/Myanmar Now)

ရန်ကုန် - အွန်လိုင်းတွင် လူသိများသည့် ဟာသသရုပ်ဆောင်တစ်ဦး အသတ်ခံရသည့်အမှုမှာ လာဘ်ယူသည်ဟု စွပ်စွဲခံထားရသည့် တရားရေးဝန်ထမ်းများအမှုတွင် တရားလိုသည် တည်ဆဲဥပဒေကိုဆန့်ကျင်၍ နောက်ကြောင်းပြန် အရေးယူသလို ဖြစ်မနေဘူးလားဟု စွပ်စွဲခံရသူ ခရိုင်ဥပဒေအရာရှိဟောင်းက ပြန်လှန်မေးခွန်းထုတ်သည်။

ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် စွပ်စွဲခံရသူ တရားရေးဝန်ထမ်းဟောင်း ငါးဦးအနက် ခရိုင်ဥပဒေအရာရှိဟောင်း ဦးကိုကိုလေးသည် ရှေ့နေမငှားရမ်းဘဲ ၎င်းတို့ကို တရားစွဲခဲ့သည့် အဂတိလိုက်စားမှုကော်မရှင်မှ အဖွဲ့ဝင် ဦးမိုးနိုင်ကို ယနေ့ရုံးချိန်း၌ ၎င်းကိုယ်တိုင် အထက်ပါအတိုင်း ပြန်လှန်မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်သည် ယင်းအမှုကို ကျော်စောသတင်းအဖြစ် မှတ်ယူ၍ စုံစမ်းစစ်ဆေးပြီး တရားစွဲကြောင်း သတင်းထုတ်ပြန်ထားရာ ကျော်စောသတင်းအဖြစ် စုံစမ်းစစ်ဆေးနိုင်သည့် ဥပဒေပုဒ်မသည် ၂၀၁၈ ဇွန်လ ၂၁ ရက်နေ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် အခါမှသာ ထည့်သွင်း အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဦးကိုကိုလေးက ထောက်ပြသည်။

ထို့နောက် ဦးဟန်ထူးအပါအဝင် ၎င်းတို့ တရားရေးဝန်ထမ်းများကို အဂတိလိုက်စားကြောင်း အဆိုပြု သတ်မှတ်ခဲ့သော နေ့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် ဖြစ်သည်မှာ မှန်ပါသလားဟု ဦးကိုကိုလေးက တရားလို ကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်ကို မေးမြန်းရာ တရားလိုက မှန်ကန်ကြောင်း ဖြေကြားသည်။

ကော်မရှင်သည် ၎င်းအပါအဝင် စွပ်စွဲခံရသူများကို တရားစွဲရာ၌ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်း ဦးမိုးနိုင် သိရှိပါသလားဟု ဦးကိုကိုလေးက မေးမြန်းရာ ဦးမိုးနိုင်က ထိုသို့ ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းမျိုး မရှိဘဲ ဥပဒေအတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖြေကြားသည်။

ယင်းအခြေအနေသည်  ဥပဒေကို နောက်ကြောင်းပြန်၍ အာဏာသက်ရောက်လျက် ရှိသည့် အခြေအနေ၌ ရှိနေကြောင်း အမှုကို စုံစမ်းရန် တာဝန်ပေးခံရသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် အဆိုပါအခြေအနေကို ကော်မရှင်သို့ တင်ပြခဲ့ခြင်း ရှိပါသလားဟု ဦးကိုကိုလေးက မေးမြန်းသည်ကို တရားလိုကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်က  “မရှိပါ”ဟု ဖြေကြားသည်။

ထိုအခြေအနေသည် ဥပဒေအရ နောက်ကြောင်းပြန်သက်ရောက်ခြင်း ဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ယူဆခဲ့ခြင်း မရှိကြောင်း ဦးမိုးနိုင်က ထွက်ဆိုသည်။

ကော်မရှင်အနေဖြင့် ကျော်စောသတင်းရှိမှသာ စုံစမ်းနိုင်သည်မဟုတ်ဘဲ ကော်မရှင်သို့ တိုင်ကြားလာသည်များကို စုံစမ်းစစ်ဆေးနိုင်ကြောင်း၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းမှ ပေါ်ပေါက်လာသည်ကို ကော်မရှင်သို့ နှုတ်ဖြင့် တိုင်ကြားခြင်း၊ စာဖြင့် တိုင်ကြားခြင်းကိုလည်းကောင်း၊ ကော်မရှင်အနေဖြင့် ဥပဒေကို နောက်ကြောင်းပြန်၍ အာဏာသက်ရောက်ခြင်း ရှိသည် မယူဆသည့်အပြင် ပြည်ထောင်စုရှေ့နေရုံးကလည်း ထိုသို့ မယူဆ၍ ယခု အမှုတွင် စွပ်စွဲခံရသူများကို တရားစွဲရာတွင် ဥပဒေအကြံပေးချက်အတိုင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဦးမိုးနိုင်က ထွက်ဆိုသည်။

၎င်းတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ပေါ်ပေါက်ချက်အရ စွပ်စွဲခံရသူများသည် ၂၀၁၈ ခုနစ် ဇွန်လ ၂၁ ရက် နောက်ပိုင်းတွင် ကျူးလွန်သည့် အဂတိလိုက်စားမှု ရှိသကဲ့သို့ ယင်းမတိုင်ခင်က ကျူးလွန်သည့် အဂတိလိုက်စားမှုကိုလည်း တွေ့ရှိရကြောင်း ထို့ကြောင့် အဂတိလိုက်စားသဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်က ပြန်လည် ချေပခဲ့သည်။

၂၀၁၈ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့ကြောင်း သတ်မှတ်ထားသည့် ဖြစ်စဉ်ကို ၂၀၁၈ ဇွန်လ ၂၁ ရက်တွင်မှ အာဏာတည်သည့် ဥပဒေပုဒ်မအရ စုံစမ်းစစ်ဆေးရသည့် သဘောကို စုံစမ်းစစ်ဆေးရေးအဖွဲ့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တင်ပြသော်လည်း ယင်းကဲ့သို့ ဥပဒေနောက်ကြောင်းပြန် အာဏာသက်ရောက်မှု ဖြစ်သည်ဟု ကော်မရှင်က မယူဆဘဲ ဆက်လက်စုံစမ်း စစ်ဆေးစေရသည့်အကြောင်းရင်းကို ဦးကိုကိုလေးက ဆက်လက်မေးမြန်းသည်။

တရားလို အဂတိကော်မရှင်အဖွဲ့ဝင် ဦးမိုးနိုင်က ပြန်လည် ဖြေကြားရာတွင် ကော်မရှင်အနေဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က တရားခံသုံးဦးကို တရားရှင်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ပေါ်လောက်လာသည့် သံသယများ၊ စွပ်စွဲချက်များ စသည့် ကျော်စောသတင်းကို စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ စစ်ဆေးစဉ် တွေ့ရှိခဲ့သည့် အဂတိလိုက်စားမှုများအနက် ၂၀၁၈ ခုနစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားသည့် အဂတိလိုက်စားမှုအကြောင်း ကော်မရှင်သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြခြင်းကို တိုင်တန်းချက်အဖြစ် သတ်မှတ်ပြီး ဆက်လက်စစ်ဆေးစေခြင်း ဖြစ်ကြောင်း ပါရှိသည်။

၁၉၇၃ ခုနစ် စကားရပ်များအနက် အဓိပ္ပာယ် ဖွင့်ဆိုချက်များအရ မည့်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကမှ နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်း မရှိစေရဟု တားမြစ်ထားပြီး ယင်းပြဋ္ဌာန်းချက်ကို တမင်ဆန့်ကျင်ပြီး ပြုလုပ်နေသူမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀ (က) အရ ရာဇဝတ်မှု မြောက်နေသည်ဟု ဦးမိုးနိုင် သိရှိပါသလား ဟု ဦးကိုကိုလေးက ပြန်လည် မေးမြန်းသည်။

ဦးမိုးနိုင်က သိရှိကြောင်း ဖြေကြားသည်။ ကော်မရှင်အနေဖြင့် တမင်ဆန့်ကျင်သည့် သဘောမဟုတ်ဘဲ “ကျွဲကူးရေပါ” ပေါ်ထွက်လာသည့် အဂတိလိုက်စားမှုကို ဆက်လက်ဆောင်ရွက်နိုင်ရန် သင့်တော်သည့်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဆက်လက်ဖြေကြားခဲ့သည်။

တရားသူကြီးက နောက်ရုံးချိန်း စစ်ဆေးရန် ဇန်နဝါရီလ ၂၅ ရက်သို့ ပြန်လည် ချိန်းဆိုလိုက်သည်။

အဂတိကော်မရှင်၏ဆုံးဖြတ်ချက်ဟောင်း

ဥပဒေကို နောက်ကြောင်းပြန် အာဏာသက်ရောက်စေခြင်းဆိုသည်နှင့် ပတ်သက်၍ အဂတိကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းနှင့်လည်း ရင်ဆိုင်ဖြေရှင်းရဖူးသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၁၈ အောက်တိုဘာလ ၂ ရက်နေ့က ဆွေးနွေးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်အစီရင်ခံစာပါ အချက်အလက်များအရ ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်နေသည့် စီမံကိန်းအချို့ကြောင့် ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၅၈ ဘီလီယံခန့် ဆုံးရှုံးနေမှုကို ကျော်စောသတင်းသတ်မှတ်၍ စိစစ်ဖော်ထုတ်ပေးရန် ဒေါက်တာညိုညိုသင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ အောက်တိုဘာလ ၁၂ ရက်တွင် တိုင်ကြားခဲ့သည်။

၎င်း၏ တိုင်ကြားစာအပေါ် အရေးယူရန် မရှိသေးကြောင်း ကော်မရှင်က အကြောင်းပြန်လိုက်သည့် အကြောင်းရင်း နှစ်ချက်တွင် နိုင်ငံတော်၏ ဘဏ္ဍာကို ထိခိုက်နစ်နာ ပျက်စီးဆုံးစေခြင်းသည် အဂတိလိုက်စားမှုဖြစ်ကြောင်း သတ်မှတ်ချက်သည် စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေ၌ ၂၀၁၈ ဇူလိုင် ၂၁ ရက်တွင်မှ ထည့်သွင်းပြဋ္ဌာန်းခြင်း ဖြစ်သည့်အတွက် ဒေါ်ညိုညိုသင်း တိုင်ကြားသော ကိစ္စမှာ အဆိုပါ ဥပဒေပုဒ်မ မပြဋ္ဌာန်းမီက ဖြစ်ပွားသဖြင့် အရေးယူ မဆောင်ရွက်နိုင်သေးကြောင်း ကော်မရှင်က သဘောထား ထုတ်ပြန်ခဲ့ဖူးသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၃ (က)(၂) ၌ အဂတိလိုက်စားမှုဆိုသည့် စကားရပ်၏ အဓိပ္ပာယ်ကို ‘သက်ဆိုင် ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံ ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်း ပြုရာတွင်ဖြစ်စေ၊ ယင်းတို့နှင့် သက်ဆိုင်မှုရှိသော သဘောတူ စာချုပ်တစ်ခုတွင် ပါဝင်ခြင်း၊ စီမံဆောင်ရွက်ခြင်းပြုရာတွင်ဖြစ်စေ တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေ ခြင်း’ ဖြစ်သည်ဟု ဖြည့်စွက်ပြဋ္ဌာန်းထားသည်။

အောင်ရဲထွေးသေဆုံးမှုတွင် လူသတ်တရားခံဟု သံသယရှိသူများကို လာဘ်ယူ၍ အမှုရုပ်သိမ်းခွင့်ပြုကာ တရားရှင် လွှတ်ပေးလိုက်သည်ဆိုရာ၌ ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်နှင့် ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်နှင့်  ခရိုင်တရားသူကြီး ဦးအောင်ကြည်တို့ကို လာဘ်စားသည်ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ၂၀၁၈ ခုနစ် ဇူလိုင်လလယ်မှ စ၍  တရားစွဲဆိုထားခြင်း ဖြစ်သည်။

၎င်းတို့သည် အောင်ရဲထွေးသေဆုံးမှုတွင် တာဝန်ရှိသည်ဟု စွပ်စွဲခံထားရသူ သုံးဦး၏မိဘများထံမှ လာဘ်ယူကာ တရားခံသုံးဦးကို တရားရှင်လွှတ်ပေးခဲ့သည်ဟု အဂတိကော်မရှင်က ဆိုသည်။

တိုင်းဥပဒေချုပ် ဦးဟန်ထူးက ကျပ်သိန်း ၁၅၀၊ Blue Label အရက်တစ်ပုလင်းနှင့် အင်္ကျီတစ်ထည်၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀၊ အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်သိန်း ၁၃၀၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀ နှင့် ပါတိတ်လုံချည်တစ်ထည်၊ ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀ နှင့် ရန်ကုန်တိုင်း ရွှေပေါက်ကံနယ်မြေ စခန်းမှူး (ယခင် သုဝဏ္ဏစခန်းမှူး) ရဲအုပ်ချစ်ကိုကိုက ကျပ်သိန်း ၃၀ အသီးသီး လာဘ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading