သတင်း

ရက်ရက်စက်စက် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံရသူ စေတနာ့ဝန်ထမ်း ၄ ဦး ပြန်လည်လွတ်မြောက်

မတ်လ ၃ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို သွားရောက်ကယ်ရင်း လူမဆန်စွာရိုက်နှက်ဖမ်းဆီးခံခဲ့ရသူ လူမှုကူညီရေးအဖွဲ့ဝင် လူငယ် ၄ ဦးမှာ ယမန်နေ့( မတ် ၂၄) က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း အသင်းဥက္ကဋ္ဌဖြစ်သူက Myanmar Now ကို အတည်ပြုသည်။

မြောက်ဥက္ကလာအခြေစိုက် ပရဟိတအသင်းတစ်ခုဖြစ်သည့် မွန်မြတ်စိတ်ထားဘိုးဘွားစောင့်ရှောက်ရေးအသင်းမှ ပရဟိတလူငယ် ၄ ဦးမှာ မတ် ၃ ရက်က မြောက်ဥက္ကလာအကြမ်းဖက်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများကို သွားရောက်ကယ်ဆယ်ရာမှ စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ရိုက်နှက်ပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသည့် လူငယ် ၄ ဦးမှာ ကိုကျော်မင်းလွင်၊ ကိုသန့်ဇင်ဦး၊ ကိုမင်းဦးနှင့် ကိုစိုးထက်အောင်တို့ ဖြစ်ပြီး လတ်တလောတွင် အနားယူ ဆေးကုသမှုခံယူနေကြောင်း ပရဟိတလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးလှကြိုင်က ပြောသည်။

“တအား စိုးရိမ်စိတ်တွေများနေတယ် ကလေးတွေက။ နည်းနည်း လက်ကလေးတွေ နာထားတာ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာက အကုန်ကောင်းပါတယ်။ သူတို့ စိတ်ထဲမှာ ဟိုနားဒီနားသွားရင်တောင်မှ မသွားရဲသလို ဖြစ်နေတာပေါ့ အဲလိုဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

မတ်လ ၃ ရက်နေ့ အကြမ်းဖက်မှုဖြစ်စဉ်တွင် မွန်မြတ်စိတ်ထားဘိုးဘွားစောင့်ရှောက်ရေးအသင်း ပရဟိတလူနာတင်ယာဉ်မှ စေတနာ့ဝန်ထမ်း လူငယ် ၄ ဦးကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက သေနတ်ဒင်များ၊ နံပါတ်တုတ်များဖြင့် ဦးခေါင်းကို အားကုန်ရိုက်နှက်ခဲ့သည့်အပြင် လူနာတင်ယာဉ်ကိုလည်း ဒေါသတကြီးရိုက်နှက်နေသည့် CCTV မှတ်တမ်းများထွက်ပေါ်လာခဲ့ပြီး ပြည်သူလူထုကြားတွင် ဝေဖန်မှုမြင့်တက်ခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူများမှ ၇၀၀ နီးပါးကို အာဏာသိမ်းစစ်ကောင်စီက ယမန်နေ့တွင် ပြန်လွှတ်ပေးခဲ့ရာ၌ အဆိုပါ စေတနာ့ဝန်ထမ်း လူငယ် ၄ ဦးပါ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သူများတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသူများလည်း ပါဝင်ခဲ့သည်။

မတ် ၃ ရက်နေ့က မြောက်ဥက္ကလာပ ကန်သာယာပန်းခြံအနီးတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြောက်ဥက္ကလာပဆေးရုံက အတည်ပြုထားပြီး ဒေသအခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များကတော့ ဆန္ဒပြပြည်သူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ခန့်မှန်းထားသည်။

Show More

Related Articles

Back to top button