ရွေးကောက်ပွဲအလွန် ဖြစ်နိုင်ဖွယ်ရာ နိုင်ငံရေး အခင်းအကျင်း

ရန်ကုန် - နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲရဲ့ ရလဒ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူး အပြောင်း လမ်းကြောင်းကို ပုံဖော်ပေးမှာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ အနက် ပထမဆုံးအကြိမ် လွတ်လပ်၊ တရားမျှတမယ့် ရွေးကောက်ပွဲလို့ ယူဆနိုင်ဖွယ်ရာရှိပါတယ်။

မြန်မာနိုင်ငံရဲ့ သမ္မတရွေးချယ်တင်မြှောက်မှုစနစ်အရ ဥပဒေတစ်ခုအတည်ပြုဖို့အတွက် လွှတ်တော်အတွင်းမှာ ကိုယ်စားလှယ်အများစုနေရာ ရရှိရေးကို မဆိုလိုပါဘူး။

ပါတီကြီးတွေအတွက် အလွန်အရေးကြီးတဲ့အချက်က သူတို့အမည်တင်သွင်းတဲ့ သမ္မတလောင်းကို လွှတ်တော်က အတည်ပြုရွေးချယ်တင်မြှောက်ပေးနိုင်ဖို့ပါပဲ။ ရွေးကောက်ပွဲမှာ ဘယ်ပါတီမှ ပြတ်ပြတ်သားသား အနိုင်မရဘူးဆိုရင် တာရှည်တည်တံ့တဲ့ ညွန့်ပေါင်းဖွဲ့ခြင်းထက် ဥပဒေပြုရေးတွေမှာ အဆင်ပြေစေဖို့ ယာယီမဟာမိတ်တွေပဲဖွဲ့ဖို့ ပိုဖြစ်နိုင်ပါတယ်။

လွှတ်တော်က သမ္မတကို ရွေးချယ်တင်မြှောက်မယ်။ သူက ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းမယ်။ သမ္မတအနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ နယ်စပ်ရေး၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးတို့လို့ လုံခြုံရေးအရ အရေးပါတဲ့ ဝန်ကြီးဌာနတွေကလွဲလို့ ကျန်တဲ့ ဝန်ကြီးဌာနတွေကို စီမံဆောင်ရွက်ခွင့်ရှိပါတယ်။

အခြေခံဥပဒေကိုသော်လည်းကောင်း၊ လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပတ်သက်လို့သော်လည်းကောင်း ကြီးမားတဲ့ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်ချင်ရင် စစ်တပ်ရဲ့ ထောက်ခံမှု လိုအပ်ကြောင်း စစ်တပ်က ရေးဆွဲခဲ့တဲ့ ၂ဝဝ၈ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

သမ္မတလောင်းသုံးဦးအနက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့က တစ်ဦးစီနဲ့ စစ်တပ်က တစ်ဦး ရွေးချယ်ရမှာဖြစ်ပြီး လွှတ်တော်က အဲဒီ သုံးဦးအနက် တစ်ဦးကို သမ္မတ တင်မြှောက်လိုက်ပါမယ်၊ ကျန်နှစ်ဦးကတော့ ဒုတိယသမ္မတတွေဖြစ်မှာပါ။

ရွေးကောက်ပွဲအကြို လေ့လာသုံးသပ်မှုတွေ မှန်ကန်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖြိုးရေး ပါတီအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နေရာအများစုမှာ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကွယ်လွန်သူ ခင်ပွန်းသည်၊ ပြည်ပမှာနေထိုင်လျက်ရှိတဲ့ သူ့သားနှစ်ဦးတို့ဟာ နိုင်ငံခြားသားတွေ ဖြစ်နေတာကြောင့် အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် မရှိပါဘူး။

စစ်အစိုးရက ရလဒ်ကို အသိအမှတ်မပြုခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲ၊ လွတ်လပ်ပွင့်လင်း မြင်သာမှု မရှိခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတို့လို ပုံစံမျိုးတွေ ထပ်မဖြစ်စေရဘူးလို့ စစ်တပ်က အာမခံထားပါတယ်။ အခြေခံဥပဒေအရ စစ်တပ်က လွှတ်တော်မှာ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ယူထားပြီးဖြစ်လို့ သမ္မတရွေးချယ်တင်မြှောက်ရာမှာ ပယ်ချနိုင်ခွင့်၊ ခြယ်လှယ်နိုင်ခွင့်တို့ကို ရရှိထားပါတယ်။ သူတို့ရဲ့လုပ်ပိုင်ခွင့်ကို ဥပဒေထဲမှာကို ထည့်သွင်းအာမခံပေးထားပါတယ်။

ရွေးကောက်ပွဲလွန်ကာလ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေကတော့

အခင်းအကျင်း ၁။ NLD အပြတ်အသတ်နိုင်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ကို လွှမ်းမိုး
--------------------------------------------------

အာဏာရှင်စနစ်နဲ့ အုပ်ချုပ်မှု နှစ်ပေါင်း ၅ဝ ကျော် ကြာမြင့်ပြီးနောက် NLD က ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ နိုင်မယ်ဆိုရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ နေရာအများစုရပြီး လွှတ်တော်တစ်ခုစီကနေ သမ္မတလောင်းတစ်ဦးစီကို တင်သွင်းနိုင်ပါမယ်။

မြန်မာနိုင်ငံလွှတ်တော်ရဲ့သဘောမှာ တိုင်းရင်းသားတွေကိုလည်း နေရာတစ်နေရာပေးတာကြောင့် အမျိုးသားလွှတ်တော်က တင်မယ့် သမ္မတလောင်းဟာ NLD ပါတီဝင် တိုင်းရင်းသား တစ်ဦးဖြစ်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပါလိမ့်မယ်။ NLD အနေနဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ ၆၇ ရာခိုင်နှုန်း အနိုင်ရမယ်ဆိုရင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ လွှမ်းမိုးမှုကို ကျော်လွန်နိုင်မှာဖြစ်သလို မိမိတင်ချင်တဲ့သမ္မတကိုလည်း ရွေးချယ်တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။

NLD က တင်မြှောက်လိုက်တဲ့ သမ္မတဟာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်တွေကို ရွေးချယ်နိုင်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှာ လုပ်ဆောင်မယ့် ဥပဒေတွေကို အခက်အခဲမရှိ ပြဋ္ဌာန်းနိုင်မှာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ဒီအခြေအနေမှာ အဓိက အတိုက်အခံပါတီဖြစ်လာပါမယ်။

NLD က သူ့ရဲ့ သမ္မတလောင်းအမည်ကို ထုတ်ဖော်ခြင်းမရှိသေးပါဘူး။ NLD ထူထောင်ရာမှာ ပါဝင်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးတင်ဦးကို သမ္မတတင်မြှောက်နိုင်ပေမယ့် သူ့အသက်က ၈၈ နှစ်ရှိနေပြီဖြစ်ပြီး သူကိုယ်တိုင်ကလည်း သမ္မတလုပ်ဖို့ လိုလိုလားလားမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီနေတဲ့ ဦးထင်ကျော်လည်း သမ္မတလောင်းတစ်ဦးအဖြစ် ရွေးချယ်ခံရနိုင်တယ်လို့ ထင်မြင်ထားကြပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းလည်း NLD ရဲ့ သမ္မတလောင်းတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေး ရှိခဲ့တာကြောင့် စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ကျန်ပါတီခေါင်းဆောင်တွေရဲ့ အမျက်တော်ရှခံရပြီး ပါတီဥက္ကဋ္ဌနေရာက ဖယ်ရှားခံရသူပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ် လုပ်ဆောင်ခဲ့ပါတယ်။ သူ့ကို NLD ရဲ့ သမ္မတလောင်းအဖြစ် တင်နိုင်တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ယတိပြတ် ငြင်းမထားပါ။ NLD က လျာထားတဲ့ သမ္မတလောင်းတစ်ဦး ရှိထားပြီးဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာလိုက်ပေမယ့် အမည်ကိုထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပါဘူး။

အခင်းအကျင်း ၂။ ပြည်သူ့လွှတ်တော်အတွက် NLD အပြတ်အသတ်နိုင်ရသော်လည်း အမျိုးသားလွှတ်တော်အတွက် နေရာအများစု မရ
--------------------------------------------------
ရွေးကောက်ပွဲမှာ NLD အများစု အနိုင်ရပေမယ့် ပြည်သူ့လွှတ်တော်ကိုပဲ လွှမ်းမိုးနိုင်တဲ့ ပုံစံမျိုးပါ။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ NLD က ပြည်သူ့လွှတ်တော်အတွက် သူတို့ရဲ့ သမ္မတလောင်းတစ်ဦးကို အမည်စာရင်းတင်သွင်းပါမယ်။

အမျိုးသားလွှတ်တော်မှာတော့ NLD အသာစီးမရတဲ့ အနေအထားပါ။ ဒီလိုအခြေအနေကြောင့် အမျိုးသားလွှတ်တော်က တင်မြှောက်လိုက်တဲ့ သမ္မတလောင်းဟာ တိုင်းရင်းသားပါတီ တစ်ခုခုက ဖြစ်လာနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်ကိုယ်စားလှယ်တွေကလည်း သမ္မတလောင်းတစ်ဦး အမည်တင်သွင်းမှာပါ။ NLD က သမ္မတရွေးချယ်ဖို့အတွက် လုံလောက်တဲ့ မဲအရေအတွက် ရရှိမှာဖြစ်ပါတယ်။

အခင်းအကျင်း ၃။ NLD အပြတ်အသတ်မနိုင်ဘဲ တိုင်းရင်းသားပါတီများ၊ ပါတီငယ်များနှင့် မဟာမိတ်ဖွဲ့
--------------------------------------------------
ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်နဲ့ အနိုင်မရဘဲ တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်လေးတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ပြည်သူ့လွှတ်တော်မှာ အများစုဖြစ်အောင် လုပ်ဆောင်ရပါမယ်။

၂ဝ၁ဝ ရွေးကောက်ပွဲကို NLD နဲ့အတူ ကန့်ကွက်ခဲ့ကြတဲ့ ပါတီတွေကတော့ မဟာမိတ်ဖွဲ့ဖို့ နှုတ်အားဖြင့် သဘောတူထားကြပါတယ်။ အထူးသဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှာပါတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လို ပါတီမျိုးတွေ ဖြစ်ပါတယ်။

ဗမာပါတီလို့ အမြင်ခံထားရတဲ့ NLD ဟာ တိုင်းရင်းသားလိုလားချက်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်ပါတယ်လို့ စည်းရုံးထားပြီး အင်အားကြီးတဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းထဲက တိုင်းရင်းသားပါတီတချို့ရဲ့ ထောက်ခံမှုကို ရပါမယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်ပါတယ်။

အခင်းအကျင်း (၂) အရ ပြည်ခိုင်ဖြိုးနဲ့စစ်တပ်တို့ ပူးပေါင်းပြီး သမ္မတလောင်းတစ်ဦးကို အမည်စာရင်းသွင်းပြီး တိုင်းရင်းသားပါတီတစ်ခုခုကလည်း အမျိုးသားလွှတ်တော်ကနေ သမ္မတလောင်းတစ်ဦးကို တင်သွင်းမှာဖြစ်ပါတယ်။

ပါတီငယ်လေးတွေ၊ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီး NLD အနေနဲ့ လည်း သမ္မတလောင်းတစ်ဦးကို ရွေးချယ်တင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်ခိုင်ဖြိုးက အဓိကအတိုက်အခံပါတီ ဖြစ်သွားပါမယ်။

အခင်းအကျင်း ၄။ NLD အပြတ်အသတ်အနိုင်မရ၊ ပြည်ခိုင်ဖြိုးနှင့်မဟာမိတ်ပါတီများ သမ္မတရွေးချယ်ခွင့်ရ
--------------------------------------------------
NLD ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်အများစုမှာ အနိုင်ရပေမယ့် သမ္မတ ရွေးချယ်တင်မြှောက်ဖို့ လိုအပ်တဲ့ သုံးပုံနှစ်ပုံ နေရာမရဘဲ ပြည်ခိုင်ဖြိုးက တိုင်းရင်းသားပါတီတွေ၊ ပါတီငယ်လေးတွေနဲ့ မဟာမိတ်ဖွဲ့၊ စစ်တပ် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့လည်း လက်တွဲပြီး အင်အားကြီးအုပ်စု ဖြစ်လာပါမယ်။ ပြည်ခိုင်ဖြိုး ကိုယ်ပွားပါတီ ဖြစ်တဲ့ ကချင်ပြည်နယ်က UDPK ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့၊ ကချင်ပြည်နယ်ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းရဲ့ အဖွဲ့ဝင်ပါတီများ၊ ပြည်ခိုင်ဖြိုးတို့ မဟာမိတ်ဖွဲ့ပါမယ်။

တိုင်းရင်းသားပါတီတွေက အမျိုးသားလွှတ်တော်မှာ နေရာအများဆုံးရပြီး သူတို့ အတွက် သမ္မတလောင်းတစ်ဦးကို ရွေးချယ်ပါမယ်။

NLD က သူတို့ရဲ့ သမ္မတလောင်းကို အမည်တင်သွင်းပေမယ့် ပြည်ခိုင်ဖြိုး၊ စစ်တပ်၊ တိုင်းရင်းသားပါတီနဲ့ ပါတီငယ်တွေ ပူးပေါင်းပြီး တင်သွင်းတဲ့ သမ္မတလောင်းက သမ္မတ ဖြစ်သွားပါမယ်။ (သူတို့ ပူးပေါင်း တင်သွင်းမယ့်သူဟာ ဖြစ်နိုင်ခြေ အများဆုံးကတော့ လက်ရှိသမ္မတ ဦးသိန်းစိန်ပါပဲ)

ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌနေရာက သူရဦးရွှေမန်းနေရာမှာ အစားထိုးလိုက်တဲ့ ဦးဌေးဦးဟာလည်း သမ္မတလောင်းတစ်ဦး ဖြစ်လာနိုင်ခြေရှိပါတယ်။ နောက်ထပ်အလားအလာ ရှိသူတွေထဲမှာ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးသစ် ဦးတင်နိုင်သိန်း၊ ထင်ရှားတဲ့ ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးသိန်းဇော်နဲ့ ဦးလှဌေးဝင်းတို့လည်း ပါဝင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ NLD က လွှတ်တော်နှစ်ရပ်စလုံးမှာ အဓိက အတိုက်အခံပါတီ ဖြစ်လာပါမယ်။

အခင်းအကျင်း ၅။ ပြည်ခိုင်ဖြိုးက ပြည်သူ့လွှတ်တော်မှာ နေရာအများစုရပြီး စစ်တပ်ရဲ့ ထောက်ခံမှုနဲ့ သမ္မတတစ်ဦး ရွေးချယ်
--------------------------------------------------
NLD နဲ့ ပြည်ခိုင်ဖြိုးတို့ ရွေးကောက်ပွဲမှာ မဲ မတိမ်းမယိမ်း ရှိနေမယ့်အခြေအနေမှာ ပြည်ခိုင်ဖြိုးက ပြည်သူ့လွတ်တော်အတွက် သမ္မတလောင်းတစ်ဦးကို အမည်သွင်းချိန်မှာ စစ်တပ်နဲ့ တိုင်းရင်းသားပါတီတွေကလည်း သူတို့ရဲ့ သမ္မတလောင်းတွေ ကိုယ်စီရှိနေပါမယ်။ ဒါဆိုရင် အခင်းအကျင်း (၄) ကလို ပြည်ခိုင်ဖြိုးအနေနဲ့ သမ္မတကို တင်မြှောက်နိုင်ပြီ ဖြစ်ပါတယ်။

NLD ကတော့ လွှတ်တော်နှစ်ရပ်စလုံး အဓိက အတိုက်အခံပါတီအနေနဲ့ ရှိနေပါမယ်။

အခင်းအကျင်း ၆။ အခြေအနေအဆိုးရွားဆုံး အခင်းအကျင်းများ
--------------------------------------------------
ခြိမ်းခြောက်မှုတွေ၊ မဲပေးတဲ့လုပ်ငန်းစဉ်မှာ မလျော်ဩဇာသုံးမှု၊ မဲမသမာမှုတွေကြောင့် NLD နဲ့ ရွေးကောက်ပွဲမှာ ရလဒ်မကောင်းခဲ့ဘူးဆိုရင် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေအနေနဲ့ ဒီရွေးကောက်ပွဲရလဒ်မှာ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ကြေညာသွားပါလိမ့်မယ်။

နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြည်သူတွေ ရွေးကောက်ပွဲရလဒ်ကို ကန့်ကွက်ဖို့၊ အစိုးရကို ဖိအားပေးပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုပါလိမ့်မယ်။ သူ့ကို ထောက်ခံသူတွေ စိတ်အေးအေးထားဖို့ တိုက်တွန်းရင်း ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲရလဒ်ကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ စိန်ခေါ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဒီလိုမဟုတ်ဘဲ NLD အပြတ်အသတ် နိုင်သွားပြီး သဘောထားတင်းမာတဲ့ စစ်ဗိုလ်ချုပ်တွေ၊ မဘသလို အဖွဲ့တွေ၊ ပြည်ခိုင်ဖြိုးပါတီဘက်တော်သားတွေက ကန့်ကွက်ကြတဲ့ပုံစံ ဖြစ်ပါတယ်။ အဲဒီအုပ်စုတွေက နိုင်ငံအနှံ့ မတည်ငြိမ်မှုတွေ ဖြစ်အောင် စတင်လုပ်ဆောင်တဲ့ မြင်ကွင်းမျိုးပါ။

ပြည်သူတွေအကြား မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့ အခုလို အနေအထားနှစ်ခုစလုံးမှာ စစ်တပ်က လုံခြုံရေးအကြောင်းပြပြီး အရေးပေါ်အခြေအနေ ကြေညာ အာဏာသိမ်းနိုင်ပါတယ်။ ပေးထားတဲ့ လုပ်ပိုင်ခွင့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အကန့်အသတ်မရှိ ဆိုင်းငံ့ပြီး စစ်အုပ်ချုပ်ရေးစနစ် ကျင့်သုံးသွားနိုင်ပါတယ်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီလို့ သတ်မှတ်နိုင်တဲ့ အခြေအနေကျမှသာ အရပ်သားတစ်ပိုင်းအစိုးရက ပြန်ပြီး အာဏာလွှဲမယ်လို့ ပြောပါလိမ့်မယ်။

(ရင်းမြစ် - CogitAsia, The Irrawaddy, Network Myanmar, BBC, Burma Campaign UK, IDEA, International Crisis Group, Human Rights Watch)

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading