ဘာသာရေးမှိုင်းတိုက်မဲဆွယ်မှုများကြားမှ တည်ငြိမ်နေသော မိတ္ထီလာ

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာခင်မောင်ဌေးသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ပြင်ဦးလွင်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွတ်တော်အတွက် ယှဉ်ပြိုင်သူဖြစ်သည်။ (ဓာတ်ပုံ - Paul Vrieze / Myanmar Now)

မိတ္ထီလာ - မဲရုံစတင်ဖွင့်လှစ်ချိန် နံနက် ၆ နာရီ မထိုးမီကပင် မိတ္ထီလာမြို့ခံအများအပြားက စာသင်ကျောင်းများတွင် ဖွင့်ထားသော မဲရုံများရှေ့သို့ ကြိုရောက်ပြီး တန်းစီနေကြသည်။

မိတ္ထီလာသည် လွန်ခဲ့သည့် ၂ နှစ်က ဘာသာရေးပဋိပက္ခကြောင့် လူအများပြား သေဆုံး၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာဒေသဖြစ်သည်။

မဲဆွယ်ကာလအတွင်း မိတ္ထီလာရှိဘာသာရေး၊ နိုင်ငံရေး ဟောပြောပွဲတချို့တွင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည့် ပါတီကိုသာ မဲထည့်ရန် ထည့်သွင်းပြောဆိုခဲ့ကြသည်ဟု သိရသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုအထိ အမျိုး၊ ဘာသာ၊ သာသနာအရေး စိတ်အားထက်သန်သူ မြို့ခံတချို့က တရားပွဲများ ပြုလုပ်ရာ သွားရောက်သူ အနည်းအကျဉ်းသာ ရှိသည်ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးလွင်မောင်မောင်က ဆိုသည်။

“ဘာသာရေးကို အသုံးချ မဲဆွယ်နေတာတွေကို ကျွန်တော်တို့ဒေသခံတော်တော်များများက သဘောပေါက်လာကြပါပြီ” ဟု သူကပြောသည်။

အကဲဆတ်သည့် ကာလ မဲဆွယ်စည်းရုံးများတွင် ဘာသာရေးမှိုင်းတိုက်မှုများ ရှိခဲ့သော်လည်း ဘာသာရေးအဓိကရုဏ်းများကြောင့် အကြီးအကျယ် အထိနာခဲ့သည့် မိတ္ထီလာမြို့ကြီးသည် ရွေးကောက်ပွဲနေ့တွင် တည်တည်ငြိမ်ငြိမ် ရှိနေသည်။

တပ်မြို့

မိတ္ထီလာတွင် တပ်မတော်(ကြည်း)နှင့် တပ်မတော်(လေ) အခြေစိုက် စခန်းများလည်း ရှိပြီး ဒေသတွင်း မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၂၆ဝ,ဝဝဝ ကျော်ထဲတွင် တပ်မတော်သား ၂ဝ,ဝဝဝ နီးပါး ပါဝင်နေသည်။

မိတ္ထီလာထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် မဲဆန္ဒနယ်တွင် တာဝန်ကျသော ဒေသခံ ကော်မရှင်ရုံးခွဲမှ အတွင်းရေးမှူး ဦးအောင်စိုးဦးက "ဖိအားတွေ ရင်ဆိုင်ရတာတော့ မရှိပါဘူး။ တပ်ကလည်း ကူညီပါတယ်" ဟု ဆိုသည်။

တပ်မတော်ခေါင်းဆောင်များက မည်သို့သော ပါတီများကို မဲပေးရမည်ဆိုသည့် အရိပ်အမြွက် ပြောကြားထားပြီဖြစ်ပြီး တပ်မတော်၏ ထုံးစံအရ အထက်၏ ညွှန်ကြားချက်ကို လိုက်နာလေ့ရှိသည်။

အောက်တိုဘာ ၂ဝ ရက်နေ့က နေပြည်တော်တွင် တပ်မတော်အရာရှိ ရာပေါင်းများစွာနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် မိသားစုများအနေဖြင့် တပ်မတော်အပေါ် နားလည်နိုင်သည့်၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သည့်၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများ၏ သြဇာခံမဟုတ်သည့် သူများကိုသာ ရွေးကောက်ပွဲတွင် မဲပေးရန် မိန့်ခွန်းခြွေခဲ့သည်။

မျိုးစောင့်ဥပဒေနှင့် နိုင်ငံရေးသမား

အထင်ကရ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်ကလည်း မိတ္ထီလာမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။

မိတ္ထီလာမဲဆန္ဒနယ်ကို ရွေးချယ်ရခြင်းမှာ ဤဒေသတွင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ များပြားသောကြောင့်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

ဒေါ်ခင်ဝိုင်းကြည်သည် အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေကို အမျိုးသားလွှတ်တော်တွင် ပထမဆုံးတင်သွင်းခဲ့သူလည်း ဖြစ်သည်။

“ ကျွန်မဟာ အမျိုး၊ ဘာသာ၊ သာသာနာကို စောင့်ရှောက်တဲ့လူဖြစ်တယ်လို့ လက်ခံထားတဲ့လူတွေကတော့ ကျွန်မကိုပဲ မဲပေးမှာပါ” ဟု သူက ညာဘက်နဖူးပေါ်ကျလာသည့် ငွေရောင်ဆံပင်များကိုပင့်ရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

လူ့အခွင့်အရေးရှုထောင့်မှ မဲဆွယ်စည်းရုံးမှုများကို ဒေါ်ခင်ဝိုင်းကြည်က ပြင်းပြင်းထန်ထန် ဝေဖန်သည်။

“လူ့အခွင့်အရေးနဲ့ အမျိုးသားရေး အံဝင်ခွင်ကျ ဖြစ်တဲ့ဟာကိုပဲ ကျွန်မက လက်ခံတယ်၊ မဖြစ်တဲ့ဟာကိုတော့ လက်မခံနိုင်ဘူး၊ လူ့အခွင့်အရေးလို့ သေအောင်အော်နေပါစေ၊ အဲဒါကို လက်မခံနိုင်ဘူး” ဟု ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။ ပြောဆိုနေစဉ် ဒေါသထွက်လာသဖြင့် သူ့အသံမှာ တုန်ယင်နေသည်။

ဘာသာရေးနှင့် ရွေးကောက်ပွဲ

NLD ပါတီမှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းစိုးဦးက ဘာသာရေးအသုံးချ မဲဆွယ်စည်းရုံးမှုများ ရှိခဲ့လင့်ကစား မဲမသမာမှုများသာ မပေါ်ပေါက်လျှင် ရွေးကောက်ပွဲရလဒ်အပေါ် စိုးရိမ်ပူပန်စရာလိုမည်မဟုတ်ဟု ပြောသည်။

ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအနေဖြင့် အသုံးချမဲဆွယ်မှုမှာ အလွန်တရာ အကဲဆတ်သည်ဟု သူက သုံးသပ်သည်။

“ဘာသာရေးအသုံးချ မဲဆွယ်မှုကတော့ အောက်တန်းအကျဆုံးနိုင်ငံရေးပဲ။ နိုင်ငံရေးသမားတစ်ယောက်ဟာ နိုင်ငံအပေါ်မှာ တကယ်ကိုတိုးတက်စေချင်တယ်ဆိုရင် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေတဲ့ကိစ္စကို မလုပ်ရဘူး။ ဒါဟာနိုင်ငံတစ်ခုအတွက် အရမ်းအန္တရာယ်များတဲ့ ကိစ္စတစ်ခုပါ” ဟု သူက ပြောသည်။

အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့် ဦးကျော်ဇင်က ရွေးကောက်ပွဲလွန်ကာလတွင် အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာမည်ဟု မျှော်လင့်မထားကြောင်းပြောသည်။

"ကျွန်တော်တို့ကတော့ အများကြီး မမျှော်လင့်ထားပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ ပေးသင့်တယ်ထင်လို့ ပေးတာပါ" ဟု ၎င်းကပြောသည်။

ယခင် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ဖူးသည့် အသက် ၇ဝ အရွယ် ဦးကျော်ဝင်းက တင်းမာမှုများ မရှိစေလိုကြောင်း မှတ်ချက်ပေးသည်။

"ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးသွားစေချင်တယ်။ အကောင်းဆုံးကို မျှော်လင့်ထားပါတယ်" ဟု မဲပေးပြီးပြန်လာသည့် ဦးကျော်ဝင်းက ပြောပြသည်။

ယနေ့ခေတ်ပညာရေးစနစ် မကောင်းသည့်အတွက် ဘွဲ့ရသော်လည်း ပညာမတတ်သူ များပြားလာသည့်အချက်ကို ပြုပြင်စေလိုသည်ဟု သူက ဆိုသည်။

"ပညာရေးကောင်းလာရင် ကျန်တာတွေ ပြောစရာ သိပ်မလိုတော့ပါဘူး" ဟု သူက ဆက်ပြောသည်။

မဲဆန္ဒရှင် ၁,၃ဝဝ ကျော် မဲပေးနိုင်သော မင်းရပ်၊ မဲရုံအမှတ်(၁) တွင် နံနက်ရှစ်နာရီခွဲက အယောက် ၂ဝဝ ခန့် မဲပေးပြီးသွားပြီဟု သိရသည်။

ညနေ ၄ နာရီ မဲရုံပိတ်ချိန်တွင် သတ်မှတ်ထားသည့် အရေအတွက်အတိုင်း အားလုံး မဲပေးနိုင်ကြလိမ့်မည်ဟု အမှတ် (၁) မြို့မရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ခန့်မှန်းသည်။

ရွေးကောက်ပွဲအကြိုနှင့်အလွန်

ရွေးကောက်ပွဲကျင်းပရန် တစ်ရက်အလို မိတ္ထီလာမြို့၏နံနက်ခင်းမြင်ကွင်းများသည် ဒေသခံတို့၏သဘောထားကို ထင်ဟပ်လျက်ရှိသည်။

ရွေးကောက်ပွဲအကြိုရက်တွင် မိတ္ထီလာမှ ဂျာနယ်လက်ပွေ့ရောင်းသူတစ်ဦးကလည်း “အနီရောင်တွေလွှမ်းတော့မယ့် နိုဝင်ဘာလ” ဟု အော်ဟစ်ရင်း သူ့လက်ထဲတွင် ကိုင်ဆောင်ထားသော ဘောလုံးဂျာနယ်တစ်စောင်ကို ဝှေ့ရမ်းပြနေသည်။

ဂျာနယ်မျက်နှာဖုံးတွင်တော့ ဥရောပမှ ဘောလုံးအသင်းနှစ်သင်း ယှဉ်ပြိုင်မှုတွင် အနီရောင်ဝတ် ဘောလုံးအသင်း အနိုင်ရမည့်အကြောင်းကို ရေးသားထားသည်။

လက်ဘက်ရည်ဆိုင် တစ်ဆိုင်တွင် စားပွဲထိုးတစ်ဦးက အလုပ်လုပ်နေရင်း NLD ပါတီ အောင်နိုင်ရေးသီချင်းတစ်ပုဒ် အော်ဆိုနေသည်ကို တွေ့ရသည်။ ထိုသီချင်းမှာ မဲဆွယ်ကာလ ဒေသအနှံ့တွင် ကြားရသည့် NLD မဲဆွယ်သီချင်းတစ်ပုဒ် ဖြစ်သည်။

NLD၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ဒေသတွင်း အဓိက ပြိုင်ဘက်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုတို့မှ ဖြစ်သည်။
မိတ္ထီလာတွင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့သော်လည်း ယခုအခါ ဒေသခံတို့က အပြန်အလှန် နားလည်မှုဖြင့် နေထိုင်လျက်ရှိပြီး တည်ငြိမ်အေးချမ်းသည့် အခြေအနေကိုသာ လိုလားကြသည်ဟု NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းစိုးဦးက ပြောသည်။

“တော်တော်ကိုစာမဖတ်တဲ့လူတွေလောက်နဲ့ တော်တော်ကို အကြားအမြင် ဗဟုသုတနည်းတဲ့လူတွေလောက်သာ သူတို့လုပ်တဲ့မှိုင်းမှာ ဝင်မှာပါ။ စိုးရိမ်စရာ အများကြီးတော့ မရှိပါဘူး” ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading