ကမန်တိုင်းရင်းသားများရဲ့ ရွေးကောက်ပွဲအလွန် မျှော်လင့်ချက်

ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်သည့် သံတွဲရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ဦးသန်းဝင်းကို မိသားစုဝင်များနှင့်အတူ သံတွဲမြို့နေအိမ်တွင် မကြာသေးမီက တွေ့ရစဉ် (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)
ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်သည့် သံတွဲရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ဦးသန်းဝင်းကို မိသားစုဝင်များနှင့်အတူ သံတွဲမြို့နေအိမ်တွင် မကြာသေးမီက တွေ့ရစဉ် (ဓာတ်ပုံ - ဆွေဝင်း/Myanmar Now)

ပေါက်တော — လွန်ခဲ့သော ၂ နှစ် အောက်တိုဘာလဆန်းတွင် ကိုဇော်လင်းတစ်ယောက် ရခိုင်ပြည်နယ်တောင်ပိုင်း သူနေထိုင်ရာ ရွာငယ်လေးဖြစ်သည့် ပေါက်တောရွာအတွင်း သက်ငယ်မိုးအိမ်လေး၏ နောက်ဖက်တွင်တည်ရှိသော တောင်ကုန်းပေါ်သို့ အလျင်အမြန်တက်ပြေးခဲ့သည်။

သူတို့မိသားစုမှာ အစ္စလာမ်ဘာသာကိုးကွယ်သူများဖြစ်သည်။ သူနှင့် မိသားစုဝင်များ ထိုတောင်ကုန်းပေါ် အသက်လု၍ပြေးလွှားနေရခြင်းမှာ တုတ် ဓားကိုင်စွဲထားသည် ရခိုင်ဗုဒ္ဓဘာသာဝင်တို့က မွတ်စလင်အိမ်များကို ပစ်မှတ်ထား မီးရှို့တိုက်ခိုက်နေခြင်းကြောင့်ဖြစ်ပြီး၊ နောက်ဆုံး သူတို့နေထိုင်ရာရွာသို့ ဝင်ရောက်လာသောကြောင့်ဖြစ်သည်။

ထိုသို့ပြေးလွှားနေစဉ်တွင် ကိုဇော်လင်းသည် ရွာနှင့် နှစ်မိုင်ခန့်ကွာဝေးသော ရဲစခန်းကိုဖုန်းဆက် အကူအညီတောင်းသော်လည်း ထိုရဲစခန်းရှိရဲအရာရှိက လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကြောင့် မအားလပ်သဖြင့် လာရောက်မကူညီနိုင်ကြောင်းသာပြောဆိုပြီး ဖုန်းချသွားသည်။

တောင်ထိပ်တွင် သူတို့ ပုန်းအောင်းပြီး အန္တရာယ်ကို တိမ်းရှောင်နိုင်ခဲ့သော်လည်း သူ့အိမ်အပါအဝင် ပေါက်တောရွာရှိ မွတ်စလင်အိမ်များ ပြာအတိကျသွားသည်အထိ မီးရှို့ခံလိုက်ရသည်။ အနီးနားရှိ သဗြုချိုင်ရွာတွင်မူ ၉၁ နှစ်အရွယ် မွတ်စလင်အဖွားအိုကို တိုက်ခိုက်သူများက ဓားဖြင့် အကြိမ်ကြိမ်ထိုးပြီး နောက်ဆုံးတွင် မီးပုံထဲပစ်သွင်းလိုက်ကြသည်။

သို့သော်လည်း ထိုအဖြစ်အပျက်များကိုအကြောင်းပြု၍ အိမ်နီးခြင်းဗုဒ္ဓဘာသာတို့အပေါ် မည်သည့်အာဃာတမှ မထားကြောင်း ကိုဇော်လင်းက ပြောသည်။

“အားလုံး ခံရတာပဲလေ။ ရခိုင်တွေလည်း ဘာသာရေးခုတုံးလုပ်တာကို ခံရတာပဲ” ဟု သူက ၂ဝ၁၃ ထိုအရေးအခင်းအပြီး ပြန်ဆောက်ထားသည့် သူ့အိမ်၏ဝါးကြမ်းပြင်တွင် ထိုင်လျက် ပြောဆိုသည်။

ကိုဇော်လင်းတို့ မိသားစုမှာ ဗုဒ္ဓဘာသာရခိုင်များနှင့် ပဋိပက္ခစတင်ဖြစ်ခဲ့သော ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာမွတ်စလင်တို့နှင့် ဘာသာရေးတူညီသည်ကလွဲ၍ ကွဲပြားသည့်အခြေအနေများရှိသည့် ကမန်မွတ်စလင်များဖြစ်သည်။ သူတို့သည် ဗုဒ္ဓဘာသာအများစု နေထိုင်သည့် မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုးစုများတွင်ပါဝင်သည်။

လွန်ခဲ့သော ခြောက်ရာစုနှစ်ကျော်က ကမန်တိုင်းရင်းသားတို့သည် အစ္စလာမ်ဘာသာသို့ပြောင်းလဲ ကိုးကွယ်ခဲ့ကြသော်လည်း ရခိုင်တို့၏ လူမှုရေးထုံးတမ်း အစဉ်အလာများကို ဆက်လက် ကျင့်သုံးနေကြသည်။ ၎င်းတို့အများစုမှာ ပြည်နယ်တွင်း ကမ်းရိုးတမ်းမြို့များဖြစ်သော သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲတို့တွင် နေထိုင်ကြသည်။

၂ဝ၁၂ ရခိုင်ပြည်နယ်တွင် ဘာသာရေးလူမျိုးရေးအခြေခံသော ပဋိပက္ခများဖြစ်ပြီးနောက်ပိုင်း အစ္စလာမ်ဘာသာကိုးကွယ်မႈကိုအကြောင်းခံ၍ အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံမႈများကို ခံနေရပြီး ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးများပါ ချိုးဖောက်ခံနေရသည်။

ကမန်တိုင်းရင်းသားခေါင်းဆောင်တို့က ၎င်းတို့နှင့် ဘာသာတူသည့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ခေါ် ရိုဟင်ဂျာတို့နှင့် မဟာမိတ်ပြုမည့်အစား သူတို့သည် ရိုဟင်ဂျာမဟုတ်ကြောင်း ကွဲပြား ထင်ရှားအောင် ကြိုးစားနေကြသည်။ ၂ဝ၁၅ ရွေးကောက်ပွဲသည် ၎င်းတို့၏ ကံကြမ္မာကို အကောင်းဘက်သို့ ပြန်လည်ရောက်ရှိစေမည်ဟု မျှော်လင့်နေကြသည်။

လူဦးရေ တစ်သန်းကျော်ရှိသည့် ဘင်္ဂါလီရိုဟင်ဂျာတို့မှာ ရွေးကောက်ပွဲတွင် ပါဝင်မဲထည့်ခွင့် မရကြသော်လည်း ကမန်တိုင်းရင်းသားတို့မှာ မဲထည့်ခွင့်တော့ ရကြသေးသည်။

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှမ်းမိုးထားသည့် လွှတ်တော်နှင့် အစိုးရ အုပ်ချုပ်သည့် လွန်ခဲ့သည့်နှစ်များတွင် ပြည်သူတို့က ကသောင်းကနင်း ဖြစ်ရပ်များနှင့် ရင်ဆိုင်နေရပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုသာ မဲထည့်ရန် အများအပြားက အားသန်နေသကဲ့သို့ ကမန်တိုင်းရင်းသားတို့မှာလည်း ထိုပါတီကိုသာ မဲထည့်ပြီး အပြောင်းအလဲဖြစ်ရန် မျှော်လင့်နေသည်။

“ကြံ့ခိုင်ရေး (ပါတီ) ဘယ်လို ဆိုးဆိုးဝါးဝါး အုပ်ချုပ်သွားတာ ကျုပ်တို့အားလုံးသိတာပဲ” ဟု သံတွဲမြို့ရှိ ကမန်တိုင်းရင်းသားတစ်ဦးဖြစ်သူ ကျုရှင်ဆရာ ကိုတင်မောင်ထွန်းကဆိုသည်။

“ဥပဒေစိုးမိုးရေးကို ရချင်လို့ ကမန်တိုင်းရင်းသား ရပ်မိရပ်ဖတွေကလည်း NLD ကိုပဲ မဲပေးဖို့ ဆုံးဖြတ်ပြီးကြပြီ” ဟု သူက ဆက်၍ ဆိုသည်။

ခွဲခြားဆက်ဆံခံရမႈများ

ခန့်မှန်းခြေစာရင်းများအရ ကမန်တိုင်းရင်းသားတို့သည် မြန်မာတစ်နိုင်ငံလုံးတွင် ငါးသောင်းခန့်ရှိပြီး နှစ်သောင်းခန့်မှာ ရခိုင်ပြည်နယ်တွင်နေထိုင်ကြရာ ၂ဝ၁၂ အရေးအခင်းများ နောက်ပိုင်း ၎င်းတို့ ခွဲခြားဆက်ဆံ ခံနေရကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်သည့် သံတွဲရှိ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ကိုသန်းဝင်းက ဆိုသည်။

အရေးအခင်းများဖြစ်ပြီးနောက်ပိုင်း အသက် ၁၈ နှစ်ပြည့်လာသော ကမန်တို့မှာ နိုင်ငံသားစိစစ်ရေးကတ် မရရှိတော့ခြင်းကြောင့် ၎င်းတို့နေထိုင်ရာ မြို့များမှ ထွက်ခွာခွင့်မရခြင်း အပါအဝင် ပညာရေး၊ လူမႈရေး အခွင့်အရေးများ ဆုံးရှုံးနေကြောင်း သူက ဆိုသည်။

“အရေးအခင်းမတိုင်မီကတော့ နိုင်ငံသားအခွင့်အရေးအားလုံး တန်းတူရတယ်။ ဒီနောက်ပိုင်းကျတော့ အဲလိုမဟုတ်တော့ဘူး။ ယခင်ကတည်းက မှတ်ပုံတင်ရထားသူတွေကတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရပါတယ်” ဟု သူက ဆိုသည်။

“ခွဲခြားခံရတာအဓိကအကြောင်းကတော့ဗျာ မွတ်စလင်မို့လို့ပဲ။ ကျွန်တော်သာ နိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားပေမယ့်၊ နိုင်ငံသားဖြစ်ပေမယ့် ကျွန်တော့်သားကျတော့ မှတ်ပုံတင်မရဘူး။ သူတက္ကသိုလ်သွားတက်ဖို့ဟာ အခက်ကြုံနေရတယ်” ဟု သူက ရှင်းပြသည်။

အရေးအခင်းနောက်ပိုင်း မွေးဖွားလာသော ကမန်တိုင်းရင်းသားကလေးငယ်များအတွက် ဖွားစာရင်း မရခြင်း၊ မှတ်ပုံတင်မရှိသော ကမန်လယ်သမားများ မြေယာပိုင်ဆိုင်ခွင့် လျှောက်ထားမှု အခက်အခဲဖြစ်ခြင်းတို့နှင့် ကြုံနေရကြောင်းလည်း သူက ပြောပြသည်။

သူ၏ အိမ်နီးခြင်းဖြစ်သူ ကမန်အမျိုးသမီးငယ်သုံးဦး လွန်ခဲ့သောလအနည်းငယ်က မှတ်ပုံတင် မရှိဘဲ ရန်ကုန်သို့ သွားရောက်ခဲ့ပြီး၊ မှတ်ပုံတင်အတု ကိုင်ဆောင်ပြီး သံတွဲသို့ ပြန်လာသည်ကို ရဲများက စစ်ဆေး တွေ့ရှိပြီးနောက် အဖမ်းခံရကာ ထောင်ခြောက်လစီ ကျသွားကြသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးလှတိုးက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မကြာသေးမီလအနည်းငယ်အချိန်ထိ လုပ်ကိုင်ခဲ့သူ ဦးမောင်မောင်အုန်းနှင့် ကမန်တိုင်းရင်းသားများ နိုင်ငံသားအခွင့်အရေးရရှိရေးအတွက် ၂ဝ၁၄၊၂ဝ၁၅ တို့တွင် သုံးကြိမ် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း မည့်သည့်ရလဒ်မှ မရရှိခဲ့ကြောင်း ဆိုသည်။

(သူ၏ ကမန်အမျိုးသားတိုးတက်ရေးပါတီသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ် ၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သည်။)

“ဦးမောင်မောင်အုန်းကတော့ သူ ရခိုင်ရပ်မိရပ်ဖတွေနဲ့ တိုင်ပင်ပြီး ညှိနှိုင်းပေးပါ့မယ် တဲ့။ ဒါကိုကလည်း သိပ်တော့ သဘာဝမကျဘူး။ သူ့ကို အချိန်ပေးပါ တဲ့၊ သူသာ ဝန်ကြီးချုပ်ရာထူးကသာ ထွက်သွားတာ ဘာမှဖြစ်မလာခဲ့ဘူး” ဟု ဦးလှတိုးက ဆိုသည်။

သို့သော် ရွေးကောက်ပွဲတွင်မူ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသော ကမန်တိုင်းရင်းသားများမှာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ဖြင့် မဲထည့်ခွင့် ရမည်ဖြစ်ကြောင်း သံတွဲရှိ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ဆိုသည်။

ရွေးကောက်ပွဲ ဒွိဟများ

ရခိုင်ပြည်နယ်တွင် ပြည်ခိုင်ဖြိုး၊ NLD တို့ ပြီးလျှင် ရခိုင်လူမျိုးတို့ ဦးဆောင်သည့် ရခိုင်အမျိုးသားပါတီ (ANP) မှာ အားအကောင်းဆုံးပါတီဖြစ်သည်။

ကမန်လွှတ်တော်အမတ်လောင်း ကိုသန်းဝင်းက ANP ပါတီမှာ ရခိုင်အမျိုးသားအရေးကို ရှေ့တန်း အလွန်အကျုးတင်နေသဖြင့် ကမန်တို့မှာ NLD ကိုသာ မဲပုံပေးကြလိမ့်မည်ဟု ခန့်မှန်းသည်။

“ဖြစ်နိုင်ရင် ANP ကိုပဲ မဲထည့်ချင်တယ်။ တကယ်တော့ ရခိုင်ဆိုတာ ကိုယ့်အစ်ကိုကြီးလိုပဲ။ ဒါပေမယ့် ခက်တာက ကျွန်တော်တို့ကို ဘင်္ဂါလီနဲ့ ကမန် အတူတူပဲ၊ မွတ်စလင်ပဲ ဘာညာ ဆိုတော့ ကျွန်တော်တို့လည်း NLD ကိုပဲ မဲထည့်ရမှာပေါ့” ဟု သူက ရှင်းပြသည်။

သူဝင်ပြိုင်နေသည့် ရခိုင်ပြည်နယ်လွှတ်တော်တစ်နေရာအတွက် သူ့ကိုယ်သူ မဲပေးမည် ဖြစ်သော်လည်း ပြည်ထောင်စုလွှတ်တော်နေရာများအတွက်မူ NLD ကိုသာ မဲထည့်မည်ဖြစ်ကြောင်း၊ NLD ဦးဆောင်သော အစိုးရသည် ကမန်တိုင်းရင်းသားတို့၏ နိုင်ငံသားဖြစ်ခွင့်အခြေအနေများကို လျင်မြန်စွာ ဖြေရှင်းပေးသွားမည်ဟု မျှော်လင့်ကြောင်း ကိုသန်းဝင်းက ပြောသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာနိုင်ငံရှိ မွတ်စလင်များ ဖိနှိပ်ခံနေရခြင်းအပေါ် အရေးတယူ ပြောဆိုခြင်း မရှိသောကြောင့် နိုင်ငံတကာတွင် ဝေဖန်ခံနေရသည်။

အမျိုးသားရေးဝါဒီ သံဃာတော်အချို့ကလည်း မွတ်စလင်ဆန့်ကျင်ရေးလှုံ့ဆော်မှုများ ရွေးကောက်ပွဲ မတိုင်မီ ပြောဆိုခဲ့ပြီးနောက်တွင် NLD ပါတီက မည်သည့် မွတ်စလင် တစ်ဦးတစ်ယောက်ကိုမျှ ၎င်း၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ထည့်သွင်းခြင်း မရှိခဲ့ပေ။

သို့ရာတွင် ပေါက်တော ကျေးရွာမှ ကိုဇော်လင်းကမူ NLD ပါတီကိုသာမဲထည့်မည်ဟု ဆိုသည်။

“တိုင်းရင်းသားတွေအားလုံး မျှမျှတတ ဆက်ဆံခံရမယ့် နိုင်ငံရေးစနစ်မျိုး NLD က လုပ်နိုင်မယ်လို့ ထင်တာပဲ” ဟု သူက ဆိုသည်။ ပြည်နယ်တောင်ပိုင်းရှိ ကမန်တို့မှာ NLD ကို မဲထည့်မည့် အခြေအနေ ရှိသော်လည်း NLD အားမကောင်းသော၊ အမျိုးသားရေးစိတ်ဓာတ်များ၊ လူမျိုးရေး စိတ်ဓာတ်များမြင့်မားနေသော ပြည်နယ်မြောက်ပိုင်းတွင်မူ ANP သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီ တို့ကိုသာ မဲထည့်ကြမည်ဟု မျှော်လင့်ရသည်။

“NLD က ဒီမြောက်ပိုင်းမှာတော့ စည်းရုံးရေးလည်း သိပ်မရှိဘူး၊ အားမကောင်းဘူးဗျ။ ကျွန်တော်ကတော့ ANP ပါတီကို ပြည်ထောင်စုလွှတ်တော်နေရာတွေ အတွက် မဲထည့်သွားမယ်” ဟု ပြည်နယ်လွှတ်တော်နေရာအတွက် ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီကိုယ်စားပြု၍ စစ်တွေမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သော ကိုကျော်ငြိမ်းက ဆိုသည်။

ကိုကျော်ငြိမ်း၏ မဲဆွယ်ပွဲများတွင် ကမန်တို့သည် မွတ်စလင်ဖြစ်သော်လည်း ဘင်္ဂါလီတို့ကဲ့သို့ မဟုတ်ဘဲ တရားဝင်အသိအမှတ်ပြု ရခိုင်မျိုးနွယ်တိုင်းရင်းသားတစ်စုဖြစ်ကြောင်း ရခိုင်လူမျိုးတို့ကို ရှင်းပြခဲ့သည်ဟု သူက ဆိုသည်။

“ဒီအချက်ကိုပဲ ထပ်ခါထပ်ခါ ပြောခဲ့တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကမန်တိုင်းရင်းသားတွေရဲ့အဓိက ပြဿနာက ဘင်္ဂါလီတွေနဲ့ အတူတူလို့ အသတ်မှတ်ခံရလို့ပဲ” ဟု သူက ပြောသည်။

၂ဝ၁၄ သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ဘင်္ဂါလီတို့ကို ရိုဟင်ဂျာလူမျိုးများဟု ထည့်သွင်း ကောက်ယူခြင်း မပြုရန် ကမန်တိုင်းရင်းသားတိုးတက်ရေးပါတီက ကြေညာချက် ထုတ်သည့် နည်းဖြင့် ရိုဟင်ဂျာဆိုသော အသုံးအနှုန်းကို မနှစ်မြို့သော ရခိုင်တိုင်းရင်းသားများနှင့် တစ်သားတည်းရှိကြောင်း ပြသခဲ့သည်။

“ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့ မဲရတယ် မရတယ် ဆိုတာထက်၊ ရွေးကောက်ပွဲအပြီး ကမန်တိုင်းရင်းသားတွေရဲ့အခြေအနေ ဘယ်လိုဖြစ်မလဲဆိုတာ ပိုအရေးကြီးတယ်” ဟု ကိုကျော်ငြိမ်းက ဆိုသည်။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading