နိုင်ငံရေးဘက်ပြောင်းသွားတဲ့ မဘသ ဆရာတော်

ရွေးကောက်ပွဲမဲဆွယ်ကာလ အစပိုင်းမှာကတည်းက မဘသ ဆရာတော် တချို့က အမျိုး ဘာသာ သာသနာကို စောင့်ရှောက်မယ်လို့ ကတိမပေးတဲ့ ပါတီတွေကို မဲမထည့်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ တချို့ကတော့ NLD ကို မဲမပေးဖို့အထိ ဗြောင်ကျကျ တိုက်တွန်း မိန့်ကြားကြပါတယ်။

Published on Nov 5, 2015
မကြာသေးခင်က မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်မှာ တွေ့ရတဲ့ မဘသ ဗဟိုအတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိ (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)
မကြာသေးခင်က မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်မှာ တွေ့ရတဲ့ မဘသ ဗဟိုအတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိ (ဓာတ်ပုံ - ဖြိုးသီဟချို / Myanmar Now)

မော်လမြိုင်မြို့ မြစေတီပရိယတ္တိစာသင်တိုက်ဟာ သံဃာအပါး ၅ဝဝ နီးပါး သီတင်းသုံးတယ်ဆိုပေမယ့် သံဃာတစ်ပါးတလေရဲ့ အရိပ်အယောင်တောင် မမြင်ရလောက်အောင် ရှင်းလင်းနေပါတယ်။ စာသင်သားသံဃာများ စာအံသံက ညနေခင်းအိပ်တန်းပြန် ကျေးငှက်တွေရဲ့ အော်မြည်သံတွေနဲ့ ပေါင်းစပ် ထွက်ပေါ်နေပါတယ်။

မြစေတီပရိယတ္တစာသင်တိုက်ဟာ ၉၆၉ အဖွဲ့ သို့မဟုတ် သာသနပါလဂန္တဝါစကအဖွဲ့ အစပြုတဲ့ နေရာပါ။ ၉၆၉ အဖွဲ့လှုပ်ရှားမှုတွေဟာ မဘသ လို့ ထင်ရှားလာမယ့် အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ ပေါ်ပေါက်မလာခင် ဖြစ်ပေါ်လာတဲ့ ခြေလှမ်းတွေပါပဲ။

မဘသ ဗဟိုရဲ့အတွင်းရေးမှူးတာဝန်ယူထားတဲ့ ဒီကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော် ဦးဝိမလဗုဒ္ဓိဟာ အမျိုးသားရေးပြဿနာတွေနဲ့ ပတ်သက်ရင် သဘောထားတင်းမာသူလို့လည်း လူသိများပါတယ်။ ဆရာတော်နဲ့ သူ့ကျောင်းတိုက်ကသံဃာတော်တွေကတော့ တစ်ချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့ကြသူတွေပါ။

“သူမော်လမြိုင်ကိုလာတုန်းက ဘယ်သူတွေက ထွက်ကြိုခဲ့ကြသလဲ။ ဒီကျောင်းက သံဃာတော်တွေကပဲ ဒီလမ်းကနေ အပြည့်ကြိုခဲ့ကြတာ။ ဒီကျောင်းရှေ့လမ်းကနေ အပြည့်ထွက်ပြီး သူ့ကို ထွက်ကြိုခဲ့ကြတာ” လို့ ဆရာတော်က ကျောင်းတိုက်အပြင်ဘက် ကျိုက်ခမီလမ်းမကို ညွှန်ပြရင်း မိန့်ပါတယ်။

အခုတော့ သဘောထား ပြောင်းလဲသွားပါပြီ။ ရွေးကောက်ပွဲအလွန် NLD သာ အစိုးရဖွဲ့နိုင်ခဲ့မယ်ဆိုရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ အုပ်ချုပ်ရေးပိုင်းတွေ ကမောက်ကမဖြစ်သွားမှာ စိုးရိမ်ကြောင်း ဦးဝိမလဗုဒ္ဓိက မိန့်ပါတယ်။

“ဘာမှမလုပ်ဘူးတဲ့လူက နိုင်ငံတော်ကို တက်အုပ်ချုပ်မယ်ဆိုတော့ အတိုက်အခံက ဘယ်သူဖြစ်သွားမလဲ၊ ကြံ့ခိုင်ရေးဖြစ်သွားမယ်။ အဲဒီနောက်မှာ ဘယ်သူရှိလဲ၊ စစ်တပ်ရှိတယ်။ ငါတို့က အဲဒါမြင်တာ။ တိုင်းပြည်အတွက်မြင်တာ။ သူ့ကို မုန်းလို့မဟုတ်ဘူး။ သူအရွယ်မရောက်ဘဲနဲ့ လင်ရသွားတဲ့ အမျိုးသမီးလို ဖြစ်သွားမယ်” လို့ ဆရာတော်ဦးဝိမလဗုဒ္ဓိ မိန့်ပါတယ်။

ဘုန်းကြီးကျောင်းထဲမှာပဲ သီတင်းသုံးနေပေမယ့် ဆရာတော်က မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေနဲ့ မျက်ခြေပြတ်ပုံမရဘူး။ လက်ပံတောင်းတောင်ကြေးနီတူးဖော်ရေးစီမံကိန်းဒေသ ပဋိပက္ခ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူလိုက်ခြင်းဟာ မှားတယ်၊ သမ္မတဦးသိန်းစိန်တို့အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလိုက်တာပဲလို့ ဆရာတော်က မိန့်ပါတယ်။

ဆရာတော်ရဲ့ အမြင်တစ်ခုကတော့ မြန်မာပြည်သူလူထုဟာ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့ နှစ်ပေါင်း ၄ဝ ကျော် ဝေးကွာခဲ့ရတာဖြစ်လို့ ဒီမိုကရေစီစိတ်ဓာတ်တွေ စနစ်တကျ တည်ဆောက် သွားဖို့ လိုနေသေးတယ် ဆိုတာပါပဲ။

သူချောင်းဟန့်လိုက်ချိန်မှာ သံဃာငယ်တစ်ပါးက ထိုင်ခုံအောက်မှာ အသင့်ရှိနေတဲ့ ထွေးခံကို ယူပေးလိုက်ပါတယ်။

ကလေးများအတွက် အချိန်ပိုင်းသင်တန်း၊ သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြဋ္ဌာန်းပေးလိုက်တဲ့ မျိုးစောင့်ဥပဒေတွေဟာ အရေးပါတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ငါတို့က ဓမ္မစကူးနဲ့ ကလေးတွေရဲ့ စိတ်ဓာတ်ကို ပြင်ဆင်ပေးမယ်။ လူကြီးတွေရဲ့ လုပ်ငန်းတွေကိုတော့ မျိုးစောင့်ဥပဒေနဲ့ ကာကွယ်ပေးမယ်” လို့ ဆရာတော်က နှစ်ပေါင်းများစွာ အခြေချနေထိုင်ခဲ့တဲ့ မြစေတီကျောင်းအပြင်ဘက် မှောင်ရီပျိုးစ မြင်ကွင်းတွေကို ကြည့်ငေးရင်း မိန့်လိုက်တဲ့ အသံက အိပ်တန်းပြန်ငှက်တို့ရဲ့ အော်မြည်သံတွေအကြား ရောထွေး သွားပါတယ်။

မျိုးစောင့်ဥပဒေနဲ့ နိုဝင်ဘာရွေးကောက်ပွဲ

ရွေးကောက်ပွဲမတိုင်ခင်မှာ သမ္မတဦးသိန်းစိန်က အမျိုးစောင့်ဥပဒေတွေကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲဝင်မယ့် စစ်ဗိုလ်ချုပ်ဟောင်းတွေကလည်း အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မှာ ဖြစ်တဲ့အကြောင်း မဲဆွယ်စည်းရုံးပွဲတွေမှာ မကြာခဏ ပြောကြားလေ့ရှိပါတယ်။

သမ္မတရဲ့ အကြံပေးဟောင်း ဦးနေဇင်လတ် ဦးဆောင်နေတဲ့ အမျိုးသားတိုးတက်ရေးပါတီ (NDP) ကလည်း အမျိုးစောင့်ဥပဒေကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း မကြာသေးခင်က မော်လမြိုင်မြို့ မဲဆွယ်ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ NDP ပါတီရဲ့ မဲဆွယ်ယာဉ်တန်းက ကားတွေမှာ အမျိုးစောင့်ဥပဒေကို ပြတ်ပြတ်သားသား ထောက်ခံပါသည် လို့ ရှင်းရှင်းလင်းလင်း ရေးသားထားတာ တွေ့ရပါတယ်။

မဘသ ခေါင်းဆောင် ဦးဝိမလဗုဒ္ဓိကတော့ ပါတီတချို့ရဲ့ အဲဒီလို ရပ်တည်ချက်တွေကို ကြိုဆိုလိုက်ပါတယ်။

“အမျိုးစောင့်ဥဒေကို ထောက်ခံပါတယ်ဆိုပြီး ပါတီတချို့က ပြောတယ်ဆိုတာကတော့ သူတို့ထောက်ခံတဲ့အပိုင်း သူတို့ပြောသွားတာပဲလေ။ ပါတီတိုင်းလည်း ပြောနိုင်တာပဲ။ ပြောချင်တဲ့ပါတီက ပြောကြပေါ့။ NLD ကလည်း ပြောနိုင်တာပဲ”လို့ သူက လေသံ ခတ်ပြတ်ပြတ်နဲ့ မိန့်ပါတယ်။

မဘသဟာ အစိုးရလက်ဝေခံလား

မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးရသည့် နည်းလမ်းကို မလွဲမရှောင်သာ ရွေးချယ်ရတဲ့အခါမှာတော့ အစိုးရရဲ့ လက်ကိုင်တုတ်ဆိုပြီး စွပ်စွဲခံရကြောင်း ဆရာတော်က မှတ်ချက်ချပါတယ်။

“ငါတို့အဖွဲ့က အဲဒီမျိုးစောင့်ဥပဒေလုပ်ဖို့ စီစဉ်တဲ့အခါမှာ အောင်ဆန်းစုကြည်ကို ဖိတ်တယ်။ သုံးခါလုံး သူကပယ်ချတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဖိတ်တယ်။ ဦးဋ္ဌေးဦး (လက်ရှိ ကြံ့ခိုင်ရေးပါတီ ပူးတွဲဥက္ကဋ္ဌ)က လာတယ်” လို့ ဦးဝိမလဗုဒ္ဓိက ရှင်းပြ မိန့်ကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး ညှိနှိုင်းမယ်ဆိုရင် မျိုးစောင့်ဥပဒေများရဲ့ အနေအထားက တစ်မျိုးတစ်ဖုံ ဖြစ်သွားမယ်လို့ ဆရာတော်က မိန့်ပါတယ်။

အစိုးရနဲ့ စစ်တပ်ရဲ့ အထောက်အပံ့ကိုယူပြီး မဘသဦးဆောင်ဆရာတော်တွေက ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်သွားပြီလို့ ထင်မြင်ယူဆနေသူတွေဟာ စဉ်းစားချင့်ချိန်နိုင်မှု အလွန်နည်းပါးတဲ့ လူတွေပဲဖြစ်ကြောင်း မြစေတီကျောင်းတိုက်က သက်တော် ၄ဝခန့် အရွယ် အရှင်သုစိတ္တသာရက ဝေဖန်ပါတယ်။

မဘသ ဥက္ကဋ္ဌ ဦးတိလောကဘိဝံသဟာဆိုရင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

“ဒီဆရာတော်ကြီးတွေက သံဃာတွေကို နှိပ်စက်ခဲ့တဲ့၊ ညှင်းပန်းနှိပ်စက်ခဲ့ဖူးတဲ့၊ တိုင်းသူပြည်သားတွေအပေါ်မှာလည်း ဗိုလ်ကျခဲ့ဖူးတဲ့၊ သမိုင်းဆိုးတွေ ရှိခဲ့ဖူးတဲ့ အဖွဲ့အစည်းကို ထောက်ခံပြီးတော့ လူမိုက်အားပေးလုပ်မယ့် ဆရာတော်ကြီးတွေလား” လို့ ရန်ကုန်ကမ္ဘာအေးပါဠိတက္ကသိုလ်၊ သီရီလင်္ကာနိုင်ငံတို့ကနေ ဗုဒ္ဓစာပေနဲ့ MA ဘွဲ့ ရရှိခဲ့သူ အရှင်သုစိတ္တသာရက မိန့်ပါတယ်။

မဘသ နဲ့ NLD

ရွေးကောက်ပွဲမဲဆွယ်ကာလ အစပိုင်းမှာကတည်းက မဘသ ဆရာတော် တချို့က အမျိုး ဘာသာ သာသနာကို စောင့်ရှောက်မယ်လို့ ကတိမပေးတဲ့ ပါတီတွေကို မဲမထည့်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ တချို့ကတော့ NLD ကို မဲမပေးဖို့အထိ ဗြောင်ကျကျ တိုက်တွန်း မိန့်ကြားကြပါတယ်။

မကြာသေးခင်က NLD အတွက် ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း တစ်ထောင်ကျော် ရွေးချယ်ရာမှာလည်း မွတ်စလင်တွေ ပါဝင်ခြင်း မရှိပါဘူး။ ဒီရွေးချယ်မှုဟာ မဘသ နဲ့ အမျိုးသားရေးဝါဒီတွေ သဘောကျအောင် သတိထား လုပ်ဆောင်ခြင်းပဲလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒီလို ရွေးချယ်ပြီး သိပ်မကြာခင် NLD နာယက ဦးတင်ဦး မန္တလေးမြို့ကို ရောက်ရှိရာမှာ မဘသရဲ့ အထက်မြန်မာပြည် ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူနဲ့ တွေ့ခဲ့ပါတယ်။ ဘာတွေ ညှိနှိုင်းပြောဆိုခဲ့တယ်ဆိုတာကိုတော့ မသိရပါဘူး။

မော်လမြိုင်မြို့ မြစေတီကျောင်းတိုက်က သက်တော် ၄ဝခန့် အရွယ် ဦးသုစိတ္တသာရက မဘသ နဲ့ NLD ဟာ အများကောင်းကျိုး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ ဖြစ်တာကြောင့် နိုင်ငံအတွက် အရေးကြီးနေတဲ့ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ ညှိနှိုင်းသင့်တယ်လို့ အကြံပြုပါတယ်။

“ရွေးကောက်ပွဲ လာတော့မယ်။ ဒီလိုတွေ့ဆုံဆွေးနွေးမှုဟာ သူတို့နှစ်ဖွဲ့လုံးအတွက် အပေါင်းလက္ခဏာပဲ၊ အနုတ်လက္ခဏာ မဖြစ်နိုင်ဘူး” လို့ ဦးသုစိတ္တသာရက မိန့်ပါတယ်။

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading