ဘဏ်အချို့ ပြန်ဖွင့်ချိန် ​ငွေထုတ်သူအလွန်များနေ 

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

လမ်းပေါ်ရှိ အတာီးအဆီးများ ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ် သတိပေးခြင်းဖြစ်ပြီး ဖယ်ရှားထား ခြင်းမရှိပါက တစ်ရပ်ကွက်လုံး၊ တစ်လမ်းလုံးကို ဆိုင်ဆိုင် မဆိုင်ဆိုင် သေနတ်ဖြင့် ပစ်မည်ဟု လိုက်လံ အော်ဟစ်ခြိမ်းခြောက်လျက်ရှိသည်

Published on Mar 17, 2021
အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သော ဒေသခံပြည်သူများ အပြင်းအထန်ထိပ်တိုက်တွေ့ခဲ့သည့် လှိုင်သာယာမြို့နယ် တစ်နေရာကို မတ် ၁၄ ရက်က တွေ့ရစဉ် (Supplied)

လမ်းပေါ်ရှိအတားအဆီးများ ဖယ်ရှားပေးခြင်း မရှိပါက တစ်ရပ်ကွက်လုံးကို သေနတ်နှင့် ပစ်မည်၊ မြေလှန်ပစ်မည်ဟု စစ်ကောင်စီလက်နက်ကိုင်များက ရပ်ကွက်များအတွင်း အော်လံဖြင့် အော်ဟစ် ခြိမ်းခြောက်လျက်ရှိသည်။

ရန်ကုန်နှင့် မန္တလေးမြို့များရှိ မြို့နယ်အချို့တွင် ယနေ့ (မတ် ၁၇) ညနေပိုင်းတွင် အထက်ပါအတိုင်း လိုက်လံအော်ဟစ်သတိပေးနေဖြစ်ကြောင်း ဒေသပြည်သူများက ပြောသည်။

“နောက်တစ်ခါလာလို့ ရပ်ကွက်တွင်းလမ်းများ အများပြည်သူပိုင်လမ်းများ ဖျက်လိုဖျက်ဆီးပိတ်ဆို့ထား တာတွေ့ရင် တစ်ရပ်ကွက်လုံး တစ်လမ်းလုံးကို မြေလှန်ပြီးတော့ သေနတ်နဲ့ ပစ်ပါမယ်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် တစ်လမ်းလုံးပစ်ပါမယ်” ဟု အော်ဟစ်နေသည့် ရုပ်သံဗီဒီယိုများလည်း လူမှုကွန်ရက်တွင် တွေ့ရှိရသည်။

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် ခေမာသီလမ်းတွင် ယနေ့ညနေပိုင်း ၄ နာရီခန့်က အထက်ပါအတိုင်း လာရောက်အော်ဟစ် ခြိမ်းခြောက်သွားသည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက Myamar Now ကို ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း နွယ်နီလမ်းတွင်လည်း အထက်ပါအတိုင်း အော်ဟစ်သတိပေးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ 

“မဖယ်ပေးဘူးဗျ။ ဒီအတိုင်းပဲထားထားတုန်းပဲ။ ကိုယ့်ရပ်ကွက်ကိုယ်ပိတ်တာပဲ သူတို့တွေသာ လိုက်ပစ် ခတ် မနေဘူးဆိုရင် ဖွင့်ထားမှာပေါ့။ ပိတ်စရာမလိုဘူးလေ။ အခုက ပစ်ခတ်နေတော့ ပိတ်ထားတာက ပြည်သူတွေအတွက် ပိုပြီးသင့်တော်တယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်များက လှိုင်သာယာရှိ အဓိကလမ်းမမျ ားတွင် ပိတ်ဆို့ထားသည့် အတားအဆီးများကို ဖယ်ရှားပေးရန် ယနေ့နံနက်ပိုင်းတွင် စစ်ကားများဖြင့် လိုက်လံကြေညာခဲ့ကြောင်း လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ထိုသို့မဖယ်ရှားပေးပါက ရပ်ကွက်နေအိမ်များကို ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်ကို မျက်မြင်တွေ့ကြုံ ခဲ့ရသည့်  အဆိုပါအမျိုးသမီးက ပြောသည်။

စစ်တပ်၏ ထိုခြိမ်းခြောက်မှုကို စိုးရိမ်၍ လှိုင်သာယာဒေသခံများက အဓိကလမ်းမများပေါ်ရှိ အတားအ ဆီးများကို ဖယ်ရှားပေးလိုက်ပြီး စစ်ကားများ လှည့်လည်နေသည်ကို မြင်တွေ့နေရသည်ဟုလည်း ၎င်းက ပြောသည်။

ယနေ့နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ရှိ လမ်းသွားလမ်းလာများကို စစ်တပ်နှင့်ရဲက အတင်းအဓမ္မခေါ်ဆောင် ပြီး အဓိကလမ်းမများပေါ်တွင် ပိတ်ဆို့ထားသည့် သဲအိတ်စသည့် အတားအဆီးများကို ဖယ်ရှားခိုင်း ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ၎င်းတို့၏ဆိုရှယ်မီဒီယာများပေါ်တွင် ရေးသားထားသည်။

တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် တာမွေမြို့နယ်များတွင်လည်း အထက်ပါအတိုင်း လိုက်လံအော်ဟစ် ခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။

ထို့ပြင် မန္တလေးမြို့ မနော်ရမ္မံရပ်ကွက် ၄၁ လမ်းနှင့် ၄၂ လမ်းကြား လမ်း ၆၀ တွင်လည်း ယနေ့ညနေပိုင်း က အတားအဆီး ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ်သတိပေးခြင်းဖြစ်ကြောင်း လိုက်လံအော်ဟစ်ခဲ့ သည်ဟု သိရသည်။ 

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးချိန်တွင် မြို့နယ်အဆင့်အဖွဲ့ခွဲဝင်များကို စစ်ဆေးတွေ့ရှိချက်မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းသည်ဟု တိုင်းအဆင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတစ်ဦးက ဆိုသော်လည်း ထိုသို့ လက်မှတ်ထိုးပေးရခြင်း မရှိကြေ...

Published on Mar 17, 2021

အာဏာသိမ်း စစ်ကောင်စီက တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များကို ပြန်လွှတ်လိုက်ကြောင်း ပြည်နယ်နှင့် မြို့နယ်အဆင့် အဖွဲ့ဝင်အချို့ထံမှ သိရသည်။

ပြည်နယ်နှင့် တိုင်းအားလုံးရှိ ပြည်နယ်/တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အဖွဲ့ခွဲဝင်များကို ပြန်လွှတ်ပေးမည့်သတင်းကို ယမန်နေ့ (မတ် ၁၆) ညပိုင်းက ကြားသိရပြီးနောက် ယနေ့ (မတ် ၁၇) နံနက် ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ 

“ဟုတ်ကဲ့ ပြန်လွှတ်ပေးလိုက်ပါပြီ။ (လက်မှတ်ထိုးခိုင်းတာ စစ်ဆေးမေးမြန်းတာ) မရှိပါဘူး။ ကျွန်တော်တို့ကို ခေါ်ထားတဲ့သဘောပါ။ ခေါ်ပြီးတော့ အနားယူခိုင်းတဲ့သဘောပါ” ဟု ရန်ကုန်တိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကြည်မြင့်က Myanmar Now ကိုပြောသည်။

ပြန်လွှတ်ပေးရသည့် အကြောင်းရင်းနှင့် ပြည်ထောင်စုအဆင့် UEC အဖွဲ့ဝင်များ ပြန်လွှတ်၊ မလွှတ်ကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။

“ဖမ်းတာတော့ မဟုတ်ပါဘူး ခဏခေါ်လိုက်ပြီးတော့ စာရင်းဝိုင်းဝန်ကူပေးဖို့ ပြောတာပါ။ သူတို့ကြည့်တဲ့ စာရင်းဇယားတွေကို ကျွန်တော်က နေရာပြပေးတာပေါ့နော်။ သူတို့ကြည့်ချင်တဲ့အပိုင်းကို ဘယ်မှာရှိတယ် ဘယ်နေရာရှိတယ် ပြပေးတာပေါ့” ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက အဖမ်းခံခဲ့ရသည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ် UCE ဥက္ကဋ္ဌ ဦးဂင်ခန့်ပေါင်က ပြောသည်။

တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးချိန်တွင် မြို့နယ်အဆင့်အဖွဲ့ခွဲဝင်များကို စစ်ဆေးတွေ့ရှိချက်မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းသည်များ ရှိခဲ့သည်ဟု ပြည်နယ်တိုင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတစ်ဦးက ပြောကြားသည်။

သို့သော် မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးကမူ ထိုသို့ လက်မှတ်ထိုးပေးရခြင်း မရှိကြောင်း ငြင်းဆိုသည်။ 

ပြည်နယ်နှင့်တိုင်းအဆင့် UEC အဖွဲ့ဝင်များကို တိုင်းစစ်ဌာနချုပ်များတွင် ဖမ်းဆီးထားပြီး ခရိုင်၊ မြို့နယ်အ ဆင့်အဖွဲ့ဝင်များကို သက်ဆိုင်ရာ တပ်ရင်းများ၏ ဧည့်ရိပ်သာများတွင် ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့နှင့် အဖွဲ့ခွဲဝင်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ရွေးကောက်ခံအစိုးရ အဖွဲ့ဝင်များကို အာဏာသိမ်းစစ်အုပ်စုက ဖမ်းဆီး ပြီးနောက် တစ်ရက်အကြာတွင် ရွေးကောက်ပွဲကော်မရှင်ကို အသစ်ဖွဲ့စည်းခဲ့သည်။

ဖေဖော်ဝါရီ ၂၆ တွင် စစ်ကောင်စီ ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၅၃ ခုနှင့် တွေ့ဆုံကာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေငြာခဲ့သည်။ 

တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၈ ခု ရှိသည့်အနက် တွေ့ဆုံပွဲမတက်သည့် ၃၈ ပါတီတွင် NLD အပါအဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)နှင့် ပြည်သူ့ပါတီ (PP) တို့ ပါဝင်ခဲ့သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များက မြင်းကပါရွာတွင် စားသောက်ဆိုင်ဝန်ထမ်း ၄ ယောက်ကို ဖမ်းဆီးရိုက်နှက်ခဲ့သောကြောင့် ဒေသခံပြည်သူများ ဝိုင်းဝန်းပိတ်ဆို့သဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ထို့နောက် ထိုလက်နက်ကိုင်များသည် ညောင်ဦးမြို့သို့ပြန်သွားပြ...

Published on Mar 17, 2021
 ညောင်ဦးမြို့တွင် စစ်ကောင်စီလက်နက်ကိုင်များ ဝိုင်းဝန်းရိုက်နှက်ခြင်း ခံခဲ့ရသည့် ရပ်ကွက်နေပြည်သူ တစ်ဦး။

ညောင်ဦးမြို့နယ် မြင်းကပါရွာ၌ ယမန်နေ့ (မတ် ၁၆) ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်အချက် ပေါင်းများစွာ ပစ်ခတ်ပြီး ပြည်သူအချို့ကို ဖမ်းဆီးခဲ့ရာ ​ဒေသခံများက လမ်းများ​ပေါ်ထွက်၍​​ တားဆီးပိတ်ဆို့ ထားသဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

"သံဗုံးတီးတာ တိုင်လို့ဆိုပြီး အကြမ်းဖက်အဖွဲ့အစည်းတွေ ရောက်လာတယ်။ ရွာထဲကိုပတ်တယ်။ စားသောက် ဆိုင်ဝန်ထမ်း ၅ ယောက်ကို ဖမ်းတဲ့အခါ တစ်ယောက်က ထွက်ပြေးသွားတယ်။ အဲမှာ ရွာက လေးယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့အခါမှာ သေနတ်အချက်ရေ ရာကျော်ပစ်ခတ်ခဲ့တယ်။ ညောင်ဦးနဲ့ ပုဂံက ပြည်သူ တွေ သတင်းရပြီး ရပ်ကွက်တိုင်း လမ်းပေါ်ထွက်ကြတယ်။ အဲမှာ မြင်းကပါရွာက ဖမ်းထားတဲ့ လေးယောက်ကို ပြန်လွှတ်ပေးပြီး ညောင်ဦးဘက်ကို အကြမ်းဖက်အဖွဲ့အစည်းတွေ ပြန်လာခဲ့တယ်" ဟု ညောင်ဦး မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

မြင်းကပါရွာ ပစ်ခတ်မှုတွင် ​ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရရှိခဲ့​​သော်လည်း ဖမ်းဆီးခံရသော စားသောက်ဆိုင်ဝန်ထမ်း ၄ ဦးမှာ ရိုက်နှက်ကန်ကြောက်ခံခဲ့ရသည်ဟု အထက်ပါ​မြို့ခံက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် ညောင်ဦးမြို့သို့ သွား​ရောက်ပြီးနောက် အောင်ဇေယျရပ်ကွက်နေ ပြည်သူ တစ်ဦးကိုလည်း လိုက်လံရိုက်နှက်ခဲ့သည်ဟု ညောင်ဦးမြို့ခံ အခြားသူတစ်ဦးကလည်း ပြောသည်။

"သူက လမ်းမီးတွေ ပိတ်ထားတဲ့အချိန်မှာ ရပ်ကွက်ကင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်းက လူနဲ့ မှားပြီး သတင်းမေးမိပါတယ်။ အဲချိန် သူ့အိမ်ထဲထိလိုက်ပြီး သေနတ်ဒင်နဲ့ရိုက် စစ်ဖိနပ်တွေနဲ့ကန်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ခေါင်းအက်ကွဲဒဏ်ရာရပြီး ၇ ချက်ချုပ်ရပါတယ်။ မျက်နှာဖူးရောင် ဒဏ်ရာရခဲ့ပါတယ်။ မျက်လုံးဖွင့်မရပါ" ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်လက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းမှုများရှိနေသော်လည်း ပုဂံနှင့် ညောင်ဦးမှ ဒေသခံပြည်သူများသည် ပုံစံအမျိုးမျိုးဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒထုတ်ဖော်နေကြဆဲဖြစ်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading