သတင်းစာမရှိတော့သည့် တိုင်းပြည်

ပြည်တွင်းရှိ ပုဂ္ဂလိကသတင်းစာများဖြစ်သည့် The Myanmar Time၊ The Voice၊ 7Day News နှင့် Eleven သတင်းစာတို့မှာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထုတ်ဝေခွင့်ရပ်နားထားရာမှ နောက်ဆုံးလက်ကျန်အဖြစ် ဆက်လက်ထုတ်ဝေနေသော စံတော်ချိန်သတင်းစာသည်လည်း ယနေ့တွင် ရပ်နားလိုက်ခြင်းဖြစ်သည်

တပ်မတော်က အာဏာသိမ်းပြီး ၄၅ ရက်အကြာ ယနေ့ (မတ် ၁၇) တွင် မြန်မာနိုင်ငံ၌ လွတ်လပ်သည့် ပုဂ္ဂလိကသတင်းစာများအားလုံး ထုတ်ဝေခြင်းမရှိဘဲ ရပ်နားလိုက်ရသည့်နေ့အဖြစ် မှတ်တမ်းဝင်သွားပြီသည်။ 

ပြည်တွင်းရှိ ပုဂ္ဂလိကသတင်းစာများဖြစ်သည့် The Myanmar Time၊ The Voice၊ 7Day News နှင့် Eleven သတင်းစာတို့မှာ ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထုတ်ဝေခွင့်ရပ်နားထားရာမှ နောက်ဆုံး လက်ကျန်အဖြစ် ဆက်လက်ထုတ်ဝေနေသော စံတော်ချိန်သတင်းစာသည်လည်း ယနေ့တွင် ရပ်နားလိုက်ခြင်းဖြစ်သည်။

အရပ်သားတစ်ပိုင်း အစိုးရဟုခေါ်သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ဧပြီ ၁ ရက်တွင် ပုဂ္ဂလိက သတင်းစာများ စတင်ထုတ်ဝေခဲ့ပြီးနောက် ရှစ်နှစ်အကြာတွင် အားလုံးရပ်နားခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် လက်ရှိတပ်မတော်က အာဏာသိမ်းထားသည့်ကာလတွင် ပြည်တွင်းရှိ ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေနိုင်ခြင်း မရှိတော့ဘဲ အွန်လိုင်းမှတစ်ဆင့် ဖော်ပြနေသည့် သတင်းမီဒီယာများသာ ကျန်ရှိတော့သည်။

“သတင်းမီဒီယာလွတ်လပ်ခွင့်ကတော့ အင်တာနက်တွေပါ ဖြတ်လိုက်ဆိုတော့ ပိုဆိုးလာဖို့ပဲရှိပါတယ်” ဟု နိုင်ငံရေးဆောင်းပါးသုံးသပ်ရေးသားနေသူ ဦးစည်သူအောင်မြင့်က ပြောသည်။

ထို့အပြင် ဒီမိုကရေစီမရှိသည့် တိုင်းပြည်တစ်ခုဖြစ်သွားပြီး အနည်းငယ်မျှပင် လွတ်လပ်ခွင့်မရှိတော့ဟု ပြောရမည်ဖြစ်ကြောင်းလည်း ၎င်းက ဖွင့်ဟသည်။

သတင်းမီဒီယာများကို အာဏာသိမ်းစစ်ကေင်စီက စတင်ဖိနှိပ်

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က သတင်းမီဒီယာများ သတင်းရေးသားဖော်ပြရာတွင် အာဏာသိမ်းအစိုးရဟု သုံးနှုန်းရေးသားခြင်းမပြုရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကနဦး အကြောင်းကြားစာပေးပို့ခဲ့သည်။

အဆိုပါ အကြောင်းကြားစာတွင် သတင်းမီဒီယာကျင့်ဝတ်ဖြင့် ရေးသားရန်နှင့် သတင်းမီဒီယာဆိုင်ရာ ဥပဒေပုဒ်မများကို ကိုးကားပြီး အာဏာသိမ်းအစိုးရဟု သုံးနှုန်းရေးသားခြင်း မပြုလုပ်ကြရန် ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြောင်းကြားစာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းပြီး ဆောင်ရွက်နေမှုကို အာဏာသိမ်းအစိုးရဟု မမှန်မကန် ရေးသားသုံးနှုန်းခြင်းအပါအဝင် သတင်းမီဒီယာကောင်စီကျင့်ဝတ်နှင့်အညီ မညီမညွတ်ဆောင်ရွက်မှုများ ဖော်ပြနေခြင်းကို အချို့သော သတင်းစာ၊ ဂျာနယ်၊ သတင်းမီဒီယာဝက်ဘ်ဆိုက်နှင့် အွန်လိုင်းမီဒီယာများတွင် တွေ့ရှိရသည်ဟု အာဏာသိမ်းအစိုးရက သတင်းမီဒီယာကောင်စီသို့ ပေးပို့သည့်စာတွင် ရေးသားထားသည်။

ထို့အပြင် သတင်းမီဒီယာသမားများနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများအနေဖြင့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား အာဏာသိမ်းအစိုးရဟု မမှန်မကန် သုံးနှုန်းခြင်းမျိုးအပါအဝင် လူထုဆူပူအုံကြွမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးသည့် လုပ်ဆောင်မှုများ မပြုလုပ်ကြရန် ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာကောင်စီသို့ ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြခဲ့ သည်။

ထိုသို့ ပထမဆုံးကြောင်းကြားစာပေးပို့ပြီး ၁၁ ရက်အကြာ ဖေဖော်ဝါရီ ၂၂ ရက်တွင် သတင်းမီဒီယာများ အနေဖြင့် 'အာဏာသိမ်းအစိုးရ' သုံးနှုန်းခြင်းမပြုရန်နှင့် ဆက်လက်သုံးစွဲနေပါက ထုတ်ဝေခွင့်ပိတ်ခွင့် ပိတ်သိမ်း သည်အထိ အရေးယူသွားမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သတိပေးခြိမ်းခြောက် ခဲ့သည်။

သို့သော် အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်နေသော်လည်း လက်ရှိဖြစ်ပေါ်နေသော အခြေ အနေများနှင့် စပ်လျဉ်း၍ ပကတိအတိုင်းလွတ်လပ်စွာ ဆက်လက်ရေးသားထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် မီဒီယာ ၅၀ ကျော်က ဖေဖော်ဝါရီ ၂၅ တွင်  ထုတ်ပြန်ခဲ့သည်။

သတင်းထောက်များကို စတင်ဖမ်းဆီး

ရန်ကုန်မြို့၌ ဖေဖော်ဝါရီ ၂၇ ရက်က အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြိုခွင်းစဉ် ပကတိအခြေ အနေများကို မှတ်တမ်းရယူနေသည့် သတင်းထောက်ငါးဦးကို စစ်သားနှင့်ရဲများက ဖမ်းဆီးသွားပြီးနောက် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားရန်လှုံ့ဆော်ခြင်းဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားသည်။

စမ်းချောင်းမြို့နယ်တွင် သတင်းယူခဲ့သည့် မကေဇွန်နွေး(Myanmar Now)၊ လှည်းတန်းအနီးတွင် သတင်းရ ယူနေသည့် ကိုအောင်ရဲကို (7Day News) ၊ ကိုရဲမျိုးခန့် (Myanmar Pressphoto Agency - MPA)၊ ကိုသိန်းဇော် (AP) ၊ ကိုဟိန်းပြည့်ဇော် (ဇီးကွက်မီဒီယာ)တို့ကို လွန်ခဲ့သည့်သုံးရက်က ဖမ်းဆီးကာ အင်းစိန် ထောင်တွင် ချုပ်နှောင်ထားခဲ့ပြီး ၎င်းတို့ကို သက်ဆိုင်ရာတရားရုံးအသီးသီးတွင် ရုံးထုတ်ရမန်ယူထားသည်/

စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် မတ် ၈ ရက်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ဝရမ်းထုတ်ခံရ သည့် သတင်းမီဒီယာသမား  ၃၃ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

သတင်းဌာနများကို ပိတ်သိမ်းအရေးယူ

အာဏာသိမ်းစစ်အုပ်စုက မတ်လ ၈ ရက်တွင် ပုဂ္ဂလိကသတင်းစာတစ်စောင်ဖြစ်သော 7Day News၊  Mizzima၊ DVB၊ ခေတ်သစ်နှင့် Myanmar Now သတင်းဌာနတို့ကို ထုတ်ဝေခွင့်ရုပ်သိမ်းကြောင်း စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီးဌာနမှတစ်ဆင့် ကြေညာခဲ့သည်။

ထို့နောက် ဂျာနယ်ခေတ်မှသည် သက်တမ်း ၁၉ နှစ်ရှိ 7Day သတင်းစာတိုက်က ၎င်း၏ မီဒီယာပလက်ဖောင်း အားလုံးရပ်နားကြောင်း မတ် ၉ ရက်တွင် ကြေညာကာ သတင်းထုတ်ဝေခြင်းလုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

ထိုသို့ သတင်းဌာနငါးခုအား ထုတ်ဝေခွင့်ရုပ်သိမ်းကြောင်း ကြေညာအပြီး ၂ ရက်အကြာတွင် အင်အားကြီး သတင်းစာတိုက်တစ်ခုဖြစ်သည့် Eleven သတင်းစာသည်လည်း မတ်လ ၁၀ ရက်မှ ဧပြီ ၁၈ ရက်အထိ သတင်းစာ ထုတ်ဝေခွင့်ရပ်နားထားမည်ဟု ကြေညာခဲ့သည်။

ထိုမတိုင်မီက The Myanmar Time နှင့် The Voice သတင်းစာတို့သည် အကြောင်းအမျိုးမျိုးကြောင့် သတင်းထုတ်ဝေခြင်းလုပ်ငန်းများ ရပ်နားထားခဲ့ပြီးဖြစ်သည်။ 

မတ်လ ၁၀ ရက်နောက်ပိုင်းတွင် စံတော်ချိန်သတင်းစာသည်သာ တစ်စောင်တည်း ဆက်လက်ထုတ်ဝေနေခဲ့ ရာမှ ယနေ့တွင် ထုတ်ဝေခွင့် ရပ်နားခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာများကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယ ဘာသာတွေနဲ့ ထုတ်ဝေခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဦးနေဝင်း အစိုးရတက်လာခဲ့ပြီး နောက်တွင်တော့ နေ့စဉ်ထုတ်သတင်းစာ တော်တော်များများကို အစိုးရက ထိန်းချုပ်ခဲ့သည်။ ၁၉၇၃ ခုနှစ် ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပြီးနောက်တွင်တော့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ်သတင်းစာတွေ အားလုံး ရပ်ဆိုင်းသွား ခဲ့သည်။

ထို့ကြောင့် နှစ်ပေါင်း ၄၀ အကြာ ဦးသိန်းစိန်အစိုးရက ၂၀၁၂ နှစ်ကုန်ပိုင်းတွင် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေ ခွင့်ပြုခဲ့သည်။ 

“၈၈တုန်းက သတင်းထောက်မဖြစ်ခဲ့ပေမယ့် အခုလက်ရှိအခြေအနေကတော့ သတင်းထောက်လုပ်ခဲ့တဲ့ ၁၂ နှစ် ကျော် သက်တမ်းအတွင်းမှာ အဆိုးရွားဆုံးပဲ။ အခုက အပြင်ထွက်ပြီး သတင်းယူရမှာ ကြောက်ရတာထက် သတင်းသမားဖြစ်ရင်ကို အဖမ်းခံရတဲ့ခေတ် ပြန်ရောက်သွားတာ” ဟု အမည်အဖော်လိုသည့် သတင်းထောက် တစ်ဦးက ပြောသည်။

“အာဏာရှင်တွေ တိုင်းပြည်ကို အမှောင်ချပေမယ့် အမှောင်ကျသွားမှာတော့ မဟုတ်ပါ။ ပြည်သူတွေရဲ့ ရဲစွမ်း သတ္တိ ရှိမှု၊ အနစ်နာခံမှုတွေ၊ အာဏာရှင်တွေ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုနဲ့ ရာဇဝတ်မှုတွေ ပြည်တွင်းနဲ့ နိုင်ငံတကာက သိအောင် သတင်း မီဒီယာသမားတွေကို အကူအညီ ပေးကြပါ။ ကိုယ်တိုင်လည်း မှတ်တမ်း တင်ကြပါ”ဟု ဦးစည်သူအောင်မြင့်က ၎င်း၏လူမှုကွန်ရက်တွင် ယမန်နေ့က ရေးသားထားသည်။ သို့သော် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး ၎င်းက အောက်ပါအတိုင်းမှတ်ချက်ပြုသည်။

 “သတင်းစာမရှိတဲ့တိုင်းပြည်ဆိုတော့ အမှောင်ခေတ်ကို ရောက်သွားပြီပေါ့”။ 

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading