ရန်ကုန်မြို့တွင် နေရာအချို့ ၌ စစ်ကောင်စီ ၏တပ်ဖွဲ့ဝင်များကယနေ့ (မတ် ၁၇)တွင် ရပ်ကွက်နေပြည်သူနှင့် လမ်းသွားလမ်းလာပြည်သူများထဲမှ အမျိုးသားများကို ပေါ်တာဆွဲသကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ပြီး လမ်းပေါ်မှအတားအဆီးများကို ဖယ်ရှားခိုင်းကာအတင်းအဓမ္မလုပ်အားပေးစေခိုင်းနေကြောင်း မျက်မြင်တွေရှိသောပြည်သူများကပြောသည်။
လှိုင် ၊ ကမာရွတ် ၊ရန်ကင်း၊မရမ်းကုန်းစသော မြို့နယ် များရှိ ရပ်ကွက်အချို့ တွင် ရပ်ကွက်နေ ပြည်သူနှင့် လမ်းသွားလမ်းလာ များထဲမှ အမျိုးသားများကို လိုက်လံဖမ်းဆီးခေါ်ဆောင်ကာ လမ်းပေါ်နှင့် ရပ်ကွက်ထိပ်ရှိ အတားအဆီးများကို ဖယ်ရှားခိုင်းပြီး အတင်းအဓမ္မလုပ်အားပေးစေခိုင်းခဲ့ခြင်းဖြစ်သည် ။



ကမာရွတ်မြို့နယ် လှည်းတန်းရှိ ရပ်ကွက်နေ အမျိုးသားတစ်ဦးအား ယနေ့နံနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး လမ်းပေါ်မှ အတားအဆီးများနှင့်သဲအိတ်များကိုဖယ်ရှားခိုင်းသည်ကို မြင်တွေ့ခဲ့သော မျက်မြင်သက်သေတစ်ဦးက
“ အမျိုးသားတွေပဲ ခေါ်တာ။ ယောကျ်ားတွေထွက်ခဲ့ကြဆိုပြီး ဆဲဆိုပြီးခေါ်တာ။ လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းဆီး သဲအိတ်တွေဖယ်ခိုင်းတယ်။ နောက်နေ့တွေ မိန်းမတွေပါ ခေါ်မယ်ဆိုပြီး အော်သွားတယ်”ဟု ပြောသည်။
လှည်းတန်းတွင် အမျိုးသား အနည်းဆုံး ၂၀ခန့်ဖမ်းဆီးခံခဲ့ရပြီး နာရီပိုင်းကြာ သဲအိတ်များကို ဖယ်ရှားခိုင်းပြီးမှ ပြန်လွတ်ပေးခဲ့ကြောင်း ၎င်းကဆက်ပြောသည်။


အလာတူ ရန်ကင်းမြို့နယ် မိုးကောင်းလမ်း၊ရန်ရှင်းလမ်း နှင့် မရမ်းကုန်မြို့နယ် ရှိ ပါရမီ လမ်းတွင်လည်း အမျိုးသားများကို အတင်းအဓမ္မဖမ်းဆီး ကာ လုပ်အားပေးစေခိုင်းခဲ့ကြောင်း လည်း ရပ်ကွက်နေပြည်သူအချို့က ပြောသည်။ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းပေါ်တွင်လည်းစစ်သားများက ပြည်သူများထဲမှ အမျိုးသားများကို ဖမ်းဆီးပြီး နေပူထဲတွင် ထိုင်ခိုင်းပြီးနောက် လမ်းပေါ်မှအတားအဆီးများကို ဖယ်ရှားခိုင်းနေသည်ကိုလည်း ဖေစ်ဘွခ် လူမှုကွန်ယက်တွင်တက်လာသော ဓါတ်ပုံများတွင်လည်း
တွေ့ရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။







