“မြန်မာတစ်နိုင်ငံ လုံးက လမ်းမတွေပေါ်မှာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ အသက်တွေကို ရင်းပြီး ဆန္ဒပြနေကြတဲ့ ရဲရင့်လှ တဲ့ မြန်မာပြည်သူ တွေကို ဟန့်တားပိတ်ပင်လို့မရသလိုဘဲ ကျွန်တော့်ကိုလည်း ဟန့်တားပိတ်ပင်လို့ မရပါဘူး" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ အထူး သံတမန် ဒေါက်တာဆာဆာက ပြောကြားလိုက်သည်
အာဏာာသိမ်းစစ်ကောင်စီက လက်နက်မဲ့ ဆန္ဒပြပြည်သူများကို စစ်ပွဲသုံးလက်နက်များဖြင့် ပစ်ခတ်ပြီး ကြောက်လန့်အောင် ခြိမ်းခြောက်နေသော်လည်း လွတ်လပ်မှုများအတွက် ဆန္ဒပြနေသည့် မြန်မာပြည်သူများကို ဟန့်တားနိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာဆာဆာက ပြောကြားလိုက်သည်။
“မြန်မာတစ်နိုင်ငံ လုံးက လမ်းမတွေပေါ်မှာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ အသက်တွေကို ရင်းပြီး ဆန္ဒပြနေကြတဲ့ ရဲရင့်လှ တဲ့ မြန်မာပြည်သူ တွေကို ဟန့်တားပိတ်ပင်လို့မရသလိုဘဲ ကျွန်တော့်ကိုလည်း ဟန့်တားပိတ်ပင်လို့ မရပါဘူး" ဟု ၎င်းက ပြောကြားသည်။
"သူတို့ရဲ့ လွတ်လပ်မှုတွေအတွက် ဆန္ဒပြနေကြတဲ့ လက်နက်မဲ့ အရပ်သားတွေ၊ ရဲရင့်ကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုတွေကို စစ်ပွဲသုံးလက်နက်တွေနဲ့ ပစ်ခတ်နေခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံတော် သစ္စာဖောက်မှု ကြီးကို ရပ်ပစ်ဖို့အတွက် ဆက်ပြီးတော့လည်း နိုင်ငံတကာက အရေးယူဆောင်ရွက်လာဖို့ တောင်းဆိုသွားမယ်။ သေဒဏ်အပြစ်ပေးနိုင်တဲ့ ဒီစွဲချက်က ကျွန်တော့်ကို ကြောက်သွားအောင် မခြောက်နိုင်ပါဘူး” ဟုလည်း ဒေါက်တာဆာဆာက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီက ဒေါက်တာဆာဆာကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စွဲချက်တင်လိုက်သည့် အပေါ် ဒေါက်တာဆာဆာက ၎င်း၏ သဘောထားကို ယမန်နေ့တွင် အထက်ပါအတိုင်း တုန့်ပြန်လိုက်ခြင်းဖြစ်သည်။


စစ်အာဏာရှင်ကို သစ္စာဖောက်ခြင်းသည် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ပြီး အသက်ကို ပြည်သူ များ၏ လွတ်လပ်ခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက်နှင့် တရားမျှတမှုအတွက် ပေးအပ်ထားသည်ဟု ဆိုလိုခြင်း ဖြစ်ကြောင်း ဒေါက်တာဆာဆာက ပြောသည်။
“အမှန်တကယ်က စစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင်တွေကိုသာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုအတွက် စွဲချက်တင်ရမှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။


နေ့စဉ်နှင့်အမျှ အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍လည်း သက်သေ အထောက်အထားများ စုဆောင်းရယူနေကြောင်းလည်း ဒေါက်တာဆာဆာက ပြောသည်။
"သူတို့ကို တရားခွင်တင်နိုင်တဲ့အထိ ကျွန်တော်တို့ အနားယူကြမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို ပိတ်ပင်ဟန့် တားလို့ မရပါဘူး။ ကျွန်တော်တို့ဟာ မြန်မာပြည်သူလူထုအတွက် တရားမျှတမှု ရရှိစေဖို့အတွက် အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို တင်ပါမယ်။ ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်တဲ့ လုပ်ရပ်ကို ကြည့်ရင် ဥပဒေနဲ့မညီညွတ်တဲ့ တရားမဝင်တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ ထိန်းချုပ်လို့ မရတော့ဘူး၊ အနိုင်မရ နိုင်တော့ဘူးဆိုတာကို သိလာကြပြီး အကြီးအကျယ် ကြံရာမရဖြစ်နေတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









