သတင်း

စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မတ် ၁၅ တွင် ၂၀ ကျော် ထပ်မံသေဆုံး

​အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ယမန်နေ့ (မတ် ၁၅) တွင် ရန်ကုန်တွင် လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒေါပုံနှင့် မြင်းခြံ၊ မုံရွာ၊ မန္တလေး၊ သပိတ်ကျင်း၊ အောင်လံ၊ ကြို့ပင်ကောက် စသည့်မြို့နယ်များတွင် အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရသည်။

စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ယမန်နေ့ နေ့ခင်းပိုင်းနှင့် ညပိုင်းတွင်  လှိုင်သာယာ မြို့နယ်၌ လူ ၆ ဦး ထပ်မံသေဆုံးခဲ့ရသည်။ စစ်တပ်က လမ်းမကြီးများပေါ်တွင် နေရာယူ၍ လူမြင်သမျှ ပစ်ခတ်နေသောကြောင့် ယမန်နေ့ည ၉ နာရီအချိန်ခန့်က အမျိုးသား နှစ်ဦး သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့ခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်။ 

“သူတို့က ကားလမ်းပေါ်ကနေ လှုပ်လှုပ် ဖြစ်နေတာမှန်သမျှ ပစ်ချသွားတယ်။ လူမြင်တာနဲ့ပစ်တာ။ အဲဒီ ၁ ထိပ်နဲ့ မီးသတ်အဝိုင်းထိ ညဘက်ကို တောက်လျှောက်သွားနေတာ သူတို့က။ အဲဒီမှာ ဘယ်သူ့ကားမှ မသွားဘူး။ တွေ့တာနဲ့ ပစ်တာ။ ညက အဲဒီဘက်မှာ ဂဏန်းတွေရောင်းတဲ့ဒိုင်တွေ ရှိတာပေါ့။ ကားတွေ လာတော့ ချောင်းကြည့်လိုက်တာ ခေါင်းတွေပဲပစ်တာ။ နှစ်ယောက်လုံး သေတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။ 

လှိုင်သာယာမြို့နယ်တွင် အောင်ဇေယျတံတားအဆင်း ၁ ထိပ်မှ မီးသတ်ရှိသော အဝိုင်းနားအထိ စစ်တပ်မှ လမ်းမကြီးများပေါ်တွင် နေရာယူထားပြီး ယမန်နေ့ (မတ် ၁၅ ) ညနေ ၄ နာရီခွဲခန့်ကတည်းက လမ်းမများကို ပိတ်ဆို့ကာ ပစ်ခတ်နေကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။ 

ယမန်နေ့ နေ့ခင်းပိုင်း၌လည်း လှိုင်သာယာမြို့နယ် အောင်ဇေယျတံတား (၁) ထိပ်တွင် ပလတ်စတစ် ကောက်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်နက်ကိုင်များက အနီးကပ်ပစ်သတ်ခဲ့သည့်နည်း အမှတ် (၃) ရပ်ကွက် တစ်ပင်ရွှေထီးလမ်းမကြီးဘေးတွင်လည်း လမ်းပေါ်နေ၍ ပစ်ခတ်သွားသဖြင့် အိမ်ထဲတွင် ထိုင်နေသူ အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။ 

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်၌လည်း ယမန်နေ့ညပိုင်းက ကျဆုံးသွားသူများအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းသည့် ညသပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက အကြမ်းဖက်ဖြိုခွင်းခဲ့ရာ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၄ ဦးထိရှိခဲ့သည်ဟု  မြို့နယ်အခြေစိုက် ပရဟိတအဖွဲ့က Myanmar Now ကို အတည်ပြုသည်။

မန္တလေးတိုင်း မြင်းခြံမြို့တွင် စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် အမျိုးသား ၅ ဦးနှင့် အသက် ၂၀ ကျော် အရွယ် အမျိုးသမီး ၁ ဦး စုစုပေါင်း ဆန္ဒပြ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိသူ ၁၇ ဦး ရှိကြောင်း  ဒဏ်ရာရ လူနာများကို အကူအညီပေးနေသည့် လူမှုကူညီရေး အသင်း တာဝန်ရှိသူက Myanmar Now ကို အတည်ပြုသည်။

“သူတို့ လာလုမှာ စိုးရိမ်လို့ DB (dead body) တွေကို ဖွက်ထားရတယ်။ ဒဏ်ရာရ လူနာတွေကို ဖွက်ပေး ထားတဲ့ အိမ်တွေကိုလည်း ပစ်ခတ်ပါတယ်” ဟု ယမန်နေ့ (မတ် ၁၅) ည ပိုင်းက ပြောသည်။

အကြမ်းဖက် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများနှင့်ဒဏ်ရာရရှိသူများကို သွားရောက် ခေါ်ဆောင်ရန် ကြိုးစားရာတွင်လည်း စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက တရစပ် ပစ်ခတ်ခဲ့ပြီး လူနာတင်ယာဉ် ၂ စီး ကျည်ဆန် ထိမှန်ခဲ့သည်ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင်လည်း ယမန်နေ့ညပိုင်းက ပစ်ခတ်ဖြိုခွင်းခံရစဉ်အတွင်း အမျိုးသား ၁ ဦးသေဆုံးခဲ့ရသည်။ 

ထို့ပြင် မကွေးတိုင်း အောင်လံမြို့တွင် ၂ ဦး၊ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် အသက် ၃၁ နှစ်အရွယ် ၁ ဦး၊ စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ၁ ဦး ကျဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ လူမှုကူညီရေး အဖွဲ့များက Myanmar Now ကို အတည်ပြုသည်။

စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များ၏ အကြမ်းဖက်ဖြိုခွင်းခံရမှုကြောင့် ယမန်နေ့တွင် မန္တလေးတိုင်း ချမ်းမြသာစည်တွင် ၂ ဦး၊ သပိတ်ကျင်းမြို့နယ်တွင် ၇ ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူ များက ပြောသည်။ 

“သပိတ်ကျင်းမြို့နယ်ထဲက ချောင်းကြီးကို အဓိကပစ်ခတ်ဖြိုခွင်းပြီး ကပ်လျက်ရှိတဲ့ နွယ်ရုံနဲ့ ကျည် တောက်ပေါက် ရွာနှစ်ရွာကိုလည်း ဖြတ်သွားရင်း ပစ်ပါတယ်။ နွယ်ရုံမှာ ပွဲချင်းပြီး ၁ ဦး၊ ၂ ဦး ဒဏ်ရာရ တယ်။ ကျည်တောက်ပေါက်က ၂ ဦးကျ ၈ ဦးဒဏ်ရာရတယ်” ဟု သပိတ်ကျင်းမြို့နယ် အခြေစိုက် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ယနေ့ နံနက်ပိုင်း ဆက်သွယ်မေးမြန်းချက်များအရ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွာလေးရွာတွင် လက်ရှိ အချိန်ထိ သေဆုံးသူ ၇ ဦးရှိကြောင်း သိရသည်။ 

Myanmar Now က ရရှိထားသည့် သေဆုံး စာရင်းမှာ ဆေးရုံနှင့် ကျန်းမာရေးဆိုင်ရာ ကူညီနေသည့် အဖွဲ့အစည်းများထံမှ ရရှိသည့် ကျဆုံးစာရင်းသာ ဖြစ်ပြီး ရုပ်အလောင်း ပြန်လည်မရရှိခဲ့ဘဲ ပျောက်ဆုံးနေသူများလည်း များစွာရှိနိုင်သည်ဟု လူမှုကူညီရေးအဖွဲ့များနှင့်ဆရာဝန်များက ဆိုသည်။

မြန်မာစစ်တပ်က ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူများကို သတ်ဖြတ်ခြင်း၊ လက်စ ဖျောက်ခြင်း၊ ရိုက်နှက်ဖမ်းဆီးနှိပ်စက်ခြင်းများကို လုပ်ဆောင်နေပြီး နိုင်ငံတကာက ချက်ချင်း ဝင်ရောက် စွက်ဖက်ရန် ကုလအထူးအကြံပေး ကောင်စီ ( SAC-M) က မတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

“နိုင်ငံရေးအရ ချက်ချင်း ကြားဝင်စွက်ဖက်မှု မရှိဘူးဆိုရင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေနဲ့အတူ ကြီးမားတဲ့ ဖြိုခွင်းမှုတွေဟာ မကြာခင်ရက်ပိုင်းအတွင်း မလွဲမသွေဖြစ်မှာပါ” SAC-M က သုံးသပ်ထားသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှ မတ်လ ၁၅ ရက်နေ့ထိ စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရသူ ၁၈၃ ဦးထိ ရှိနေပြီဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် အရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button