မတ် ၁၄ ဖြစ်စဉ်ကြောင့် လှိုင်သာယာတွင် သေဆုံးသူပေါင်း ၅၁ ဦးရှိ

လက်ရှိအချိန်ထိ ဒဏ်ရာရရှိသူ ၄၀ ရှိနေသေးကြောင်း ဆေးရုံတာဝန်ရှိသူက ပြောကြားပြီး စစ်အုပ်ချုပ် ရေးကြေညာထားသည့် လှိုင်သာယာမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် ယမန်နေ့ နေ့ခင်းပိုင်းတွင် လူသုံးဦး သေဆုံးခဲ့ရပြီး ယမန်နေ့ ညပိုင်းတွင်လည်း အမျိုးသားနှစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်

လှိုင်သာယာမြို့နယ်တွင် ယမန်နေ့ (မတ် ၁၄) စစ်တပ်နှင့် ရဲများက အကြမ်းဖက်ပစ်ခတ်ဖြို ခွင်းရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ - Supplied)

ရန်ကုန် လှိုင်သာယာမြို့နယ်တွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မတ် ၁၄) က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုကြောင့် စုစုပေါင်း သေဆုံးသူ ၅၁ ဦးရှိကြောင်း လှိုင်သာယာဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (မတ် ၁၆) နံနက်ပိုင်း ၁၁ နာရီအချိန်တွင် ပြောသည်။

လှိုင်သာယာတွင် သေဆုံးခဲ့သူများအနက် ၁၈ ဦး၏ ရုပ်အလောင်းကို ယမန်နေ့ညပိုင်းနှင့် ယနေ့မှသာ ဆေးရုံသို့ လာရောက်ပို့ဆောင်ကြခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိ ဒဏ်ရာရရှိသူ ၄၀ ရှိနေသေး ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် ယမန်နေ့တွင်လည်း လှိုင်သာယာမြို့နယ်၌ လူသုံးဦးသေဆုံးခဲ့ပြီး ယမန်နေ့ညပိုင်းတွင်း အရပ်သားပြည်သူနှစ်ဦး ထပ်မံ​သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်က လမ်းမကြီးများပေါ်တွင် နေရာယူ၍ လူမြင်သမျှ ပစ်ခတ်နေသောကြောင့် ယမန်နေ့ည ၉ နာရီအချိန်ခန့်က အမျိုးသား နှစ်ဦး သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့ခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောကြားသည်။ 

“သူတို့က ကားလမ်းပေါ်ကနေ လှုပ်လှုပ် ဖြစ်နေတာမှန်သမျှ ပစ်ချသွားတယ်။ လူမြင်တာနဲ့ပစ်တာ။ အဲဒီ ၁ ထိပ်နဲ့ မီးသတ်အဝိုင်းထိ ညဖက်ကို တောက်လျှောက်သွားနေတာ သူတို့က။ အဲဒီမှာ ဘယ်သူ့ကားမှ မသွားဘူး။ တွေ့တာနဲ့ ပစ်တာ။ ညက အဲဒီဖက်မှာ ဂဏန်းတွေရောင်းတဲ့ဒိုင်တွေ ရှိတာပေါ့။ ကားတွေလာတော့ ချောင်းကြည့်လိုက်တာ ခေါင်းတွေပဲပစ်တာ။ နှစ်ယောက်လုံး သေတယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။ 

လှိုင်သာယာမြို့နယ်တွင် အောင်ဇေယျတံတားအဆင်း ၁ ထိပ်မှ မီးသတ်ရှိသော အဝိုင်းနားအထိ စစ်တပ်မှ လမ်းမကြီးများပေါ်တွင် နေရာယူထားပြီး ယမန်နေ့ (မတ် ၁၅ ) ညနေ ၄ နာရီခွဲခန့် ကတည်းက လမ်းမများကို ပိတ်ဆို့ကာ ပစ်ခတ်နေကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။ 

“ပစ်တာက အတော်များတယ်။ အတွဲလိုက်ကို ပစ်တာ။ ပစ်ပြီးတော့ ခဏ ငြိမ်သွားတယ်။ နောက် တစ်နာရီလောက်ကြာရင် ထပ်ပစ်တယ်။ ပြီးတော့ ငြိမ်သွားရော။ ၆ နာရီခွဲလောက် ထပ်ပစ်တယ်” ဟု လှိုင်သာယာဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နေ့ခင်းပိုင်း၌လည်း စစ်ကောင်စီလက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံး ခဲ့ရသည်။ လှိုင်သာယာမြို့နယ် အောင်ဇေယျတံတား (၁) ထိပ်တွင် ယနေ့ (မတ် ၁၅) မွန်းလွဲပိုင်းက ပလတ်စတစ်ကောက်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ လက်နက် ကိုင်များက အနီးကပ်ပစ်ခတ်ခဲ့သည်။

"ကော်ကောက်တဲ့ အဖိုးကြီးကို နားထင်မှာ တေ့ပစ်သွားတယ်။ တစ်ခါတည်းအသက်ပါပါသွားတယ်" ဟု မြို့ခံတစ်ဦးက ယမန်နေ့တွင် ပြောသည်။ 

လှိုင်သာယာမြို့နယ် အမှတ် (၃) ရပ်ကွက် တစ်ပင်ရွှေထီးလမ်းမကြီးဘေးတွင်လည်း စစ်ကောင်စီ လက်နက်ကိုင် များက လမ်းပေါ်နေ၍ ပစ်ခတ်သွားသဖြင့် အိမ်ထဲတွင် ထိုင်နေသူ အသက် ၆၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟုလည်း အထက်ပါမြို့ခံက ပြောသည်။ 

အဆိုပါ အမျိုးသမီးနှစ်ယောက်၏ ရုပ်အလောင်းကို ဆေးရုံသို့ အရေးပေါ်ကားဖြင့် ပို့ဆောင်လိုက်ပြီး စစ်ကောင်စီ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး လည်း ဒဏ်ရာရရှိခဲ့သည် ဟု ၎င်းက ပြောသည်။ 

လှိုင်သာယာမြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသော်လည်း  စစ်အာရှင်စနစ်ကို အကြွင်းမဲ့ အလိုမရှိသည့် ထောင်နှင့်ချီသော ဒေသခံပြည်သူများက ယမန်နေ့တွင်လည်း စစ်အာဏာရှင် ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ယမန်နေ့ (မတ် ၁၅) ကတည်းက လှိုင်သာယာတွင် အင်တာနက် ပြတ်တောက်နေပြီး လက်ရှိ နံနက် ၁၀ နာရီခွဲအချိန်ထိ အင်တာနက် ပြန်မရသေးကြောင်း လှိုင်သာယာမြို့နယ်နေသူများထံမှ သိရှိရသည်။

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading